twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တခါတုန်းက တက္ကသိုလ်



ကျွန်တော်ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့တာ တခု ရှိပါတယ်။ ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀ ကိုအလွန်ရချင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသားဘ၀ရောက်ရင် ကျွန်တော်အတက်ချင်ဆုံး တက္ကသီလာ ကျောင်းတော်ကြီးကတော့ သမိုင်းကြောင်း အစဉ်အလာ ကောင်းတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး အမှန်တကယ် ဖြစ်ချင်ခဲ့တယ်။ ကျွန်တော် ကလေးဘ၀ကတည်းက တက္ကသိုလ်ကျောင်းသားကြီးတွေဆိုရင် အတော် အထင်ကြီး လေးစားခဲ့ပါတယ်။ ကျွန်တော် ငယ်ရွယ်စဉ်တုန်း (ရန်ကုန်တက္ကသိုလ်ကြီး ဖွင့်တုန်း) မှာ ကျွန်တော် ကျောင်းဘက်ကို ရောက်ခဲ့တော့ လွယ်အိတ်လေး ကိုယ်စီနဲ့ ကျောင်းတက်နေကြတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို ကြည့်ပြီး အလွန်အားကျမိခဲ့ပါတယ်။ ကျွန်တော်လဲ ကြီးလာရင် ဒီလို ကျောင်းမျိုးကြီးမှာ တက်ရမယ်လို့ တိတ်တဆိတ် ကြုံးဝါးခဲ့ဖူးပါတယ်။ ကျွန်တော် ဖေဖေ ပြောပြဖူးတာတွေ၊ စာအုပ်စာပေတွေထဲမှာ ဥပမာ ဆရာ ဇ၀နရဲ့ စာအုပ်တွေထဲတွေမှာ ပါတဲ့ ရန်ကုန်တက္ကသိုလ် အကြောင်းတွေ ၊ ရုပ်ရှင်တွေ ထဲက ရန်ကုန်တက္ကသိုလ် ပုံရိပ်တွေ မြင်ရ ကြားရရင် ကျွန်တော် ရန်ကုန်တက္ကသိုလ်ကျောင်းကြီးမှာ တက်ချင်စိတ် တဖွားဖွားဖြစ်ခဲ့မိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ကံဆိုးတယ်ပဲ ဆိုရမလားပေါ့လေ။ ကျွန်တော် ၈တန်းလောက် ရောက်တော့ ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်တွေ သဲထဲရေသွန်ပစ်မယ့် သတင်းကြားလိုက်ရတယ်။ တက္ကသိုလ်ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ကြီးမှာ မတက်ရတော့ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့် ကလေးဘ၀ စိတ်ကူးကြီး အောင်မြင်ဖို့ နှစ်နှစ်လောက် လိုတော့ကာမှ ကျွန်တော် တက်ချင်လွန်းလှတဲ့ ကျောင်းကြီးမှာ မတက်ရတော့ဘူးတဲ့လေ။ ပြီးတော့ ကျွန်တော်တို့ လူလားမြောက်လို့ တက္ကသိုလ် တက်ရမယ့် အရွယ်ရောက်တော့ ရန်ကုန်တက္ကသိုလ်ဆိုတာ ကျောင်းတက်ဖို့အတွက် မဟုတ်တော့ပဲ ဘွဲ့ယူဖို့ သက်သက်ပဲ ဖြစ်ခဲ့ပြီလေ။ (တကယ် နှမြောဖို့ ကောင်းလှပါတယ်။)



တက္ကသိုလ်ဆိုတာ ဘွဲ့ပေးရုံသက်သက်မဖြစ်စေချင်ဘူး..။


ကြုံလို့ ကြားဖြတ်ပြောရရင် ကျွန်တော် သန်လျင်မှာ တက်တုန်းက မြို့ပြင်မှာ တက်ရတဲ့ ကျောင်းသားဘ၀ကို ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။ မနက်ဆိုရင် ကျောင်းကားဂိတ်ကို ကျောင်းကားမှီဖို့ မနက်စောစော ၅နာရီခွဲ လောက်ကတည်းက ထရပါတယ်။ ပြီးရင် ကျောင်းကားဂိတ်ကို စောစောသွားပြီး ထိုင်ခုံနေရာ ရအောင် နေရာယူရပါတယ်( နေရာ မယူလို့လဲ မရပါဘူး ရန်ကုန်ကနေ သန်လျင်ကို သွားတာ ၂နာရီလောက် နီးပါး ကြာပါတယ်။ ထိုင်ခုံနေရာ မရလို့ကတော့ ခြေညောင်းအောင် မတ်တပ်ရပ်ရပါတယ်။) ကျွန်တော်တို့ မြို့နယ် အတွက် ချပေးထားတာက ဘီအမ် ကားတွေပါပဲ။ သိတဲ့အတိုင်း ဘီအမ်ကားဆိုမှတော့ သက်တောင့်သက်သာ စီးနိုင်တာ မဟုတ်ပါဘူး။ တလမ်းလုံး တ၀ုန်းဝုန်း တဒိုင်းဒိုင်း ခုန်နေပါတယ်။ ထိုင်ခုံတွေက သစ်သားထိုင်ခုံတွေဆိုတော့ ကျောင်းရောက်ရင်ပဲ တော်တော် ပင်ပန်းနေပါပြီ။ ကျောင်းတက်ကာစတုန်းကဆို ကျွန်တော် ကိုယ်တွေလက်တွေ ကိုက်ပြီး ဖျားတောင်ဖျားပါတယ်။ ကျောင်းရောက်တော့ မိုးမလင်းခင်ကတည်းက ထွက်လာတဲ့ ကားဟာ ကျောင်းရောက်တော့ ၈နာရီကျော်နေပြီလေ။ သန်လျင်ဆိုပေမယ့် သိတဲ့အတိုင်း သန်လျင်မြို့နဲ့တောင် တော်တော် လှမ်းသေးတယ်။ ကျွန်တော်တို့ ကျောင်းသားတွေမှာ အတန်းချိန်ပြီးလို့ ရန်ကုန်ပြန်ချင်ရင်တောင် အတော် စဉ်းစားယူရတယ်။ ဘာလို့လဲ ဆိုတော့ ကားရှားတယ်လေ။ ရှိတဲ့ကားတွေက ရေလယ် ကျောက်တန်းဘက်ကလာတဲ့ ဟိုင်းလတ်ကားလေးတွေပဲ ရှိတယ်။ အဲဒိကားတွေက ဟိုဘက်က ကတည်းက လူတွေ အပြည့်ဖြစ်နေပြီ။ တခါတလေ ဘယ်လောက်ဆိုးသလဲဆို မိန်းကလေးတွေတောင် တွယ်စီးရတယ် အဲ့ဒိကားတွေကို။ အဲ့လို ကားအဆင်မပြေတဲ့ အတွက်ကြောင့် ကျွန်တော်တို့မှာ အတန်းချိန်ပြီးပေမယ့် မပြန်နိုင်ပဲ ညနေ ကျောင်းကားတွေ ထွက်တဲ့အချိန် ၄နာရီခွဲလောက်အထိ ကန်တင်းန်တွေမှာ ထိုင်စောင့်နေရပါတယ်။ ဒါက ကျွန်တော့်ကိုယ်တွေ့ မြို့ပြင်မှာ တက်ရတဲ့ ကျောင်းသားဘ၀ကို တစိတ်တပိုင်းပြောပြတာပါ။


တက္ကသိုလ် တခုရဲ့ ဂုဏ်သတင်း၊ သမိုင်းပုံရိပ်ဆိုတာ လွယ်လွယ်နဲ့ လုပ်ယူလို့ မရပါဘူး။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သမိုင်းပုံရိပ်ဟာ တခြားသော နိုင်ငံတကာက ကျောင်းများလိုပဲ ထင်ရှားကျော်ကြားတဲ့ ဂုဏ်ပုဒ်တွေ အပြည့်ရှိပါတယ်။ ဤကျောင်းတော်ကြီးကနေ ပညာတတ်ပေါင်းများစွာနဲ့ ကမ္ဘာကျော်တဲ့ မြန်မာ့ ခေါင်းဆောင်များ ကိုလည်း မွေးထုတ်ပေးခဲ့ပါတယ်။ ကိုလိုနီခေတ် မြန်မာပြည်သူတွေ ကျွန်သပေါက်ဘ၀ ကနေ လွတ်မြောက်အောင် ဒီကျောင်းတော်က ခေတ်အမြင်ရှိတဲ့ ကျောင်းသားတွေက ရှေ့ဆောင် လမ်းပြ ပြီး ရဲဝံ့ပြတ်သားစွာ ဦးဆောင်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ရန်ကုန်မှာတင် တက်စရာ တက္ကသိုလ်ပေါင်း သုံးခုလောက်ရှိလာပါတယ်။ ဒါပေမယ့် အသစ်ပေါ်လာတဲ့ ကျောင်းတော်တွေဟာ ဘယ်လောက်ကောင်းပါတယ် ပြောပြော (ကျွန်တော် တက်ချင်ခဲ့တဲ့) ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးလောက် မခန့်ထည်ဘူးလို့ ထင်ပါတယ်။ ကျွန်တော် အတွက် ကံကောင်းစွာပဲ ရန်ကုန်တက္ကသိုလ်ထဲက ဒီပလိုမာ သင်တန်းတခု တက်ခွင့်ရတော့ ကျွန်တော့်ရင်ထဲမှာ (ခေတ္တလေး ရန်ကုန်တက္ကသိုလ်ကျောင်းသား ဖြစ်ရတာကိုပဲ) အလွန် ပီတိဖြစ်ပြီး ဂုဏ်ယူနေမိပါတယ်။ အကယ်၍များ ဖြစ်နိုင်ခဲ့ရင်ပေါ့လေ ကျွန်တော်ဆန္ဒအရ ဆိုရင် ၀ိဇ္ဖာ၊ သိပ္ပံ ကျောင်းသားမှန်ရင် ရန်ကုန်တက္ကသိုလ်ကြီးမှာ အကုန်ပြန်တက်စေချင်ပါတယ်။

ဂျပ်ဆင်သာ စကားပြောတတ်ခဲ့ရင်လေ....

အဓိပတိလမ်းမပေါ်မှာ လျှောက်ဖူးခဲ့ပါသည်…။

ပညာတတ်တွေကို ပညာမျက်စိ အလင်းပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်


သစ်ပုပ်ပင်နဲ့ ချစ်သူလမ်းကြားတွေမှာ ကျောင်းတော်က ဂန္ထ၀င်ဆန်ဆန် ဇာတ်လမ်းတွေ ရှိခဲ့ဖူးတယ်။

တကယ့်ပညာတတ်တွေ မွေးထုတ်ပေးခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီး..။


တကယ်ပါ အဲ့ဒိအခါမှာ အဓိပတိလမ်းမကြီးပေါ် လျှောက်ရတဲ့ အရသာကို သိလိမ့်မယ်။ ကျောင်းတော်ကြီးရဲ့ ခန့်ထည်မှုကြောင့် တက္ကသိုလ်ကျောင်းသား ဖြစ်ရတာ ဂုဏ်ယူမိလာလိမ့်မယ်။ အဲဒိမှာ နာမည်ကြီးတဲ့ ဂျပ်ဆင်ကို တွေ့လိမ့်မယ်။ အဲဒိမှာ အသိပညာတွေ စုစည်းပေးထားတဲ့ အဖိုးတန် စာကြည့်တိုက်ကြီး တွေ့လိမ့်မယ်။ အိုမင်းပေမယ့် ကျောင်းတော်ရဲ့ အစိတ်အပိုင်းတခု အဖြစ် လတ်ဆတ်နေဆဲ သစ်ပုပ်ပင်ကို တွေ့လိမ့်မယ်။ ချစ်သူလမ်းကြားလို့ တင်စားတဲ့ လမ်းကြားလေးတွေ့လိမ့်မယ်။ ပြီးတော့ တချိန်က တကယ့် ပညာတတ်တွေ မွေးထုတ်ပေးခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီးကို ခန့်ညားစွာ တွေ့လိမ့်မယ်။ ညီ၊ ညီမလေးတို့ မယုံရင် တခေါက်လောက် အလည်ဖြစ်ဖြစ် ရန်ကုန်တက္ကသိုလ်ကြီးဆီကို သွားကြည့်ကြပါ။ အဲဒိမှာ ညီ၊ ညီမလေးတို့ တွေ့ကြပါလိမ့်မယ်။ တက္ကသိုလ် တခုရဲ့ ပုံရိပ်အစစ်...အမှန်..... တွေ.....ကို.....ပေါ့။

Read Users' Comments (9)

9 Response to "တခါတုန်းက တက္ကသိုလ်"

  1. kay says:
    March 4, 2008 at 1:04 PM

    မြို့ပြင် တက္ကသိုလ် ကျောင်းသား များ ကို အရမ်း ကို စာနာ သနား မိပါတယ်။ လုံးဝ အဓိပ္ပါယ် မရှိ သော လုပ်ရပ် များ ပါ။

  2. Anonymous Says:
    March 4, 2008 at 2:27 PM

    I really pitty for present university student life.
    Because they were like a presinor who stay in there.

  3. Mr.Pooh @ မောင်ပွတ် says:
    March 4, 2008 at 4:30 PM

    ဒီစာလေးကောင်းတယ်ဗျာ။ အဲဒီနေရာလေးတွေ မမြင်ရတာတောင် ကြာပြီ။ ခုတော့လည်း ပုံပြင်းဟောင်းတွေ ပြန်ပြောပြလို့ကောင်းတဲ့ ပန်းခြံအိုကြီးလို ဖြစ်နေပြီနော်။

  4. တောကကိုရင် says:
    March 5, 2008 at 2:07 AM

    ကိုယ်တိုင်မတက်ခဲ့ရတာကြောင့်ဆိုတာထက်..
    အဲဒီ့ရှေ့ကဖြတ်သွားတိုင် လွမ်းသလိုလို..
    ရင်နာသလိုလိုနဲ့...နာကျင်ခံခက်ရတယ်ဗျာ...

  5. Lwin Moe says:
    March 5, 2008 at 12:39 PM

    Once upon a time :), it was one of the most prestigious universities in Southeast Asia, and produced many scholars and leaders.

    It's sad that the Burmese kids have to come out to Singapore or Thailand for a decent education these days because no country would accept post-1988 Burmese university education.

    The pride of our nation has been destroyed by successive governments of Burma by limiting freedom of expressions and academic freedom on campus. Too sad.

  6. Anonymous Says:
    March 5, 2008 at 12:48 PM

    စိတ်ကူးထဲမှာတော့ အငယ်က တက်ချင်ခဲ့တာပေါ့ တကယ့်လက်တွေ့ ကြတော့ တစ်ခြားစီပဲ .........။
    မင်းရေးတဲ့ ပို့ စ်လေးဖတ်ပြီး စိတ်ထဲမှာ တစ်ခုခုကိုနာသလိုကြီးဖြစ်တယ် သယ်ရင်းရာ.....ပညာတိုတာကိုတောင် တို့ တွေအပည့်အ၀ သင်ကြားခွင့်မရခဲ့ဘူးထင်တယ်။

  7. pandora says:
    March 8, 2008 at 1:53 PM

    တိုလီရေ တနေ့နေ့တော့ တနေ့နေ့တော့..

  8. Minn Yoon Thit says:
    March 9, 2008 at 2:36 PM

    တနေ့နေ့ဆိုတာကြီး ပြန်ရောက်လာရင်ပေါ့လေ ရန်ကုန်တက္ကသိုလ်ထဲက ဘွဲ့လွန်တက်လို့ ရတဲ့ သင်တန်း မှန်သမျှ လိုက်တက်ပစ်မယ်ဗျာ။ :)

  9. ZMT says:
    March 17, 2008 at 10:45 AM

    ရန်ကုန်တက္ကသိုလ်ဟာအခုဆို သက်တမ်း၈၀ကျော်လာပြီနော်.. တကယ်တော့ တက္ကသိုလ်တွေဆိုတာက သက်တမ်းရင့်လေ တန်ဖိုးရှိလေပါပဲ။ အခုတော့ လဲ ကျောင်းတံခါးကြီးလဲ တိတ်တစိတ်ပိတ်လို့ ငိုနေပြီ။ တက္ကသိုလ်ဝင်းထဲက ကျောင်းဆောင်တွေလဲ ကျောင်းသားတွေကိုမျှော်နေရင်း ကြေကွဲစွာငိုနေမှာပဲ ဗျ.။