twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကွန်ပြူတာ ပညာရှင်အသင်း မိတ်ဆုံ ညစာ စားပွဲ

မနေ့ညက မမဘာညာက သူမသွားနိုင်လို့ ကျွန်တော်ရယ်၊ မောင်မျိုးရယ်ကို သွားပေးပါဆိုလို့ ကျွန်တော်တို့ ၂ယောက် ညစာစားပွဲကျင်းပရာ မြန်မာအင်ဖိုတက်ခ်ကို ချီတက်ခဲ့ကြတယ်လေ။ ကျွန်တော်တို့ သွားတာ ညနေ ၆နာရီခွဲနေပြီဆိုတော့ (ပွဲက စတာ ညနေ ၅ နာရီခွဲလေ) ၀ါးတီးတွေများဆွဲနေကြပြီလားလို့..(ဟီးဟီး ငတ်တာပြောပါတယ်)။ အဲဟိုရောက်တော့ ဂိတ်မှာ ဦးဦးစစ်သားကြီးက ဒိုင်းဒိုင်းကြီးနဲ့ စောင့်နေတော့ ကျွန်တော်တို့ကို လက်မှတ်များ တောင်းမလားလို့ အဲ့ဦးဦးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသေးတယ်။ နောက်တော့ သူက သူဟာသူနေတော့ အော် လက်မှတ်စစ်ဖူးထင်တယ် ဆိုပြီး အထဲကို အဆင့်မြင့် ကိုယ်ပိုင် ခြေထောက်များနဲ့ လမ်းလျှောက်ဝင်ခဲ့တာပေါ့။

မြန်မာအင်ဖိုတက်ခ် မုခ်ဦးအဆောက်အဦးကြီးရဲ့ ညာဘက်ခြမ်းကိုရောက်တော့ လူသံတွေကြားနေရတယ်။ သေချာနားထောင်ကြည့်တော့ ဘိုလိုပြောနေတာပဲ။ ကျွန်တော်တို့ ဆက်လျှောက်လာတော့ ရေကန်နားက မြက်ခင်းပေါ်မှာ စားပွဲဝိုင်းပေါင်းများစွာနဲ့ လူပေါင်းများစွာ ဟိုရှေ့ စတိတ်ကြီးပေါ်မှာတော့ နိုင်ငံခြားသား(တရုတ်ကြီး ထင်ပါရဲ့) တက်ပြောနေလေရဲ့။ အဲဖြစ်ချင်တော့ ကျွန်တော်တို့၂ယောက်လဲ ၀င်လာရော တိုက်တိုက်ဆိုင်ဆိုင် မီးက ဖျတ်ကနဲ ပျက်သွားပါလေရော။ တရုတ်ကြီးခင်ဗျာ ပြောရင်းငုတ်တုတ်ကြီး အဲလေ မတ်တပ်ကြီးပေါ့။ မှောင်မဲသွားတာပဲ။ အော်မီးမီး ..နေရာ တကာ ပျက်ဖို့ကို ချောင်းနေလား မသိပါဘူး။ (ဟဲဟဲ မီးပျက်နေတဲ့ပုံတောင် အမိအရ ရိုက်နိုင်ခဲ့သေးတယ်)။


ဟောဒီလို ဟောဒီလို မီးပျက်တော့ မြန်မာအင်ဖိုတက်ခ်မှာလဲ မှောင်မဲသွားတာပေါ့ :P



ဧည့်ကြိုနေတဲ့ မမတွေ (ဟီးမီးအလင်းရောင်မကောင်းတော့ နဲနဲမှောင်သွားတယ်) :)

ခဏလောက်နေတော့ မီးပြန်လာတော့ စင်ပေါ်ကိုသေချာကြည့်လိုက်တော့မှ presenter လုပ်နေတာက မင်းသမီးပွင့်။ (ခုတော့ ဂေါ်ဇီလာနဲ့ မအိပ်ပဲ စင်ပေါ်ရောက်နေလေရဲ့။ :P) မီးပျက်တုန်းကျွန်တော်တို့ကလဲ မှောင်ရိပ်လေးခိုပြီး နောက်ဆုံးက ၀ိုင်းလေးတ၀ိုင်းမှာ ထိုင်လိုက်တယ်။ (ဟိုတရုတ်ကြီးကလဲ ဘာတွေ ပြောနေမှန်းသိပါဘူး။ ဟီး) မီးလာလို့ ကျွန်တော်တို့ဝိုင်းက လူတွေကို ကြည့်လိုက်တော့ အံမယ် အထုပ်တွေ ကိုယ်စီနဲ့ပေါ့။ ကျွန်တော်က မောင်မျိုးကို မျက်စပစ်လိုက်တယ်။ လက်ဆောင်တွေ ရတယ်ထင်တယ်ပေါ့။ ပြီးတော့ ဘေးဘီဝဲယာကို ကြည့်လိုက်တော့မှ အော် ကျွန်တော်တို့် မှောင်တုန်းဖြတ်လာတဲ့ အ၀နားမှာ မမ ချောချောလေးများ ဧည့်ကြိုနေတဲ့ နေရာမှာ အထုပ်ကလေးတွေ တန်းစီထားလေရဲ့။ အဲဒါနဲ့ ကျွန်တော်တို့်လဲ လက်မှတ်ကလေးသွားပြတော့မှ တပိုင်းဖြတ်ယူထားပြီး အိတ်ကလေးတွေ ပေးလိုက်တယ်။ အထုပ်ထဲမှာ ကြော်ငြာ စာရွက်တချို့နဲ့ Gusto ကပေးတဲ့ စီဒီနဲ့ (ဘာစီဒီမှန်း မသိပါဘူး ညက မီးပျက်နေလို့ မကြည့်ရသေးဘူး)။ ကီးချိန်းလေးတခု နောက်ပြီး ဘောပင်တစ်ချောင်းလဲ ပါတယ်။



စတိတ်စင်ပေါ်မှ ပွင့်နဲ့ ဦးဇော်နိုင် :)
အဲခဏနေတော့ ဦးဇော်နိုင်တက်လာပြီး အသင်းရဲ့ အကြောင်းတွေပြောပါတယ်။ ပြောရင်းနဲ့ သူက ပွင့်ကိုလဲ နောက်ပါသေးတယ်။ အရွှန်းဖောက်သော ဦးဇော်နိုင်နဲ့ ပွင့်တို့မှာ အတော် အတိုင်အဖောက်ညီနေပြီး ရယ်နေရပါတယ်။ အဲနောက်တော့ MCPA အတွင်းရေးမှူး ဦးငြိမ်းဦးမှ အသင်းရဲ့ စာရင်းဇယားများကို အတိုချုပ်ဖတ်ကြားပြပါတယ်။ ထို့နောက်တွင် ဦးဇော်နိုင်ကပဲ Excellent Award 2007 ကိုကြေငြာပါတယ်။ ထိုဆုကို ပေးအပ်ရန် ဇကာတင် ရွေးချယ်ထားသည်မှာ အဖွဲ့၉ဖွဲ့ခန့် ရှိကြောင်း ပရောဂျက်တာနဲ့ ပြသပါတယ်။ ထိုအထဲတွင် ကျွန်တော် မှတ်မိသလောက်ဆိုရင် ရှမ်းပြည်နယ် ကွန်ပြူတာ ပညာရှင်အသင်း၊ Myanmar Bloggers ( အတော့်ကို ဂုဏ်ယူစရာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဦးဇော်နိုင် ပြောကြားချက်အရ မြန်မာပြည်တွင် ရှိသော ဘလော့ဂ်အရေအတွက်သည် တခြား အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ စင်ကာပူ၊ မလေး တို့ရဲ့ ဘလော့ဂ်အရေအတွက် ထက် သုံးလေး ဆလောက်များတယ်လို့ သိရှိရပါတယ်။ ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ဘလော့ဂ်နည်းပညာများ တဟုန်ထိုး တိုးတက်လာမှုကြောင့် ဆုပေးရန် ထည့်သွင်း စဉ်းစားခဲ့ကြောင်း ရှင်းပြပါတယ်) ပြီးတော့ ကွန်ပြူတာ ဂျာနယ်လဲ ပါပါတယ်။ mmgeek ဆိုတဲ့ ဆိုက်လဲ ပါပါတယ်။ ဇော်ဂျီ ယူနီကုဒ်အဖွဲ့လဲ ပါပါတယ်။ နောက် မြန်မာစာစနစ်ကို လုပ်ကိုင်နေတဲ့ NLP ဆိုတဲ့ အဖွဲ့လဲ ပါပါတယ်။ အခြားခြားသော အိုင်တီနယ်ပယ်မှ ၂၀၀၇ ခုနှစ်အတွင်း အထင်ကရ တိုးတက်မှုများလုပ်ခဲ့သော အဖွဲ့များလဲ ပါပါတယ်။



မြန်မာဘလော့ဂ်ကာတွေလဲ ပေးဖို့ ထည့်စဉ်းစားခဲ့တယ်။ (MBS အနေနဲ့ အစောပိုင်းကတည်းကသာ မှတ်ပုံတင်ထားခဲ့မယ်ဆိုရင်.....)
ထို အဖွဲ့ ၉ဖွဲ့ ထဲမှ ပြန်လည် စီစစ်ရာ အဖွဲ့၂ဖွဲ့ ကျန်ပါတယ်။ ရှမ်းပြည်နယ် ကွန်ပြူတာ ပညာရှင်အသင်းနဲ့ ဇော်ဂျီယူနီကုဒ် အဖွဲ့ပဲဖြစ်ပါတယ်။ထိုအဖွဲ့ ၂ဖွဲ့ ထဲမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးခဲ့ရာ နောက်ဆုံးတွင် အများသဘောတူအရ တစ်ဖွဲ့ကျန်ပါတယ်တဲ့။ ထိုအဖွဲ့ ကို မည်သူရမည်လဲဟု ပရိသတ်များထဲမှ လိုက်လံ မေးမြန်းကြသေးရာ အများစုမှာ ဇော်ဂျီယူနီကုဒ်ကိုသာ ထင်မြင်ချက်ပေးကြပါတယ်။



ကျွန်တော်ကတော့ ဇော်ဂျီရမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ခုလက်ရှိ မြန်မာဘလော့ဂ်တွေနဲ့ မြန်မာ ၀က်ဘ်ဆိုက်တွေ တော်တော်များများမှာ ဇော်ဂျီကို အသုံးပြုထားကြလို့ပါပဲ။
ထို့နောက် ဦးဇော်နိုင်မှ Excellent Award 2007 ကို ကြေငြာရာ အများ ထင်ထားသည့်အတိုင်းပင် ဇော်ဂျီယူနီကုဒ်မှ ရရှိသွားပါတယ်။ ဒီဆုကိုတော့ ဘလော့ဂါတဖြစ်လဲ ထိန်လင်းရွှေခေါ် စေတန်ဂေါ့တ်မှ ဇော်ဂျီကိုယ်စား တက်ယူခဲ့ပါတယ်။



ဘလော့ဂ်ကာ စေတန်ဂေါ့တ်မှာ ဇော်ဂျီကိုယ်စား ဆုတက်ယူစဉ်


Congratulation Zawgyi



ထို့နောက်တွင်တော့ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ၀ါးတီး ဘူဖေးအစီအစဉ်ပေါ့လေ..။



ဒီလို ပျော်ပျော်ပါးပါး တိုးစားကြတယ်လေ။

စုံစီနဖာပါပဲ :P

စားပြီးသောက်ပြီး ကံစမ်းမဲ အစီအစဉ်လဲ လုပ်ပါသေးတယ်။ ပေါက်မလားဆိုပြီး ကျွန်တော်တို့ တွေ ထိုင်စောင့်ပါသေးတယ်။ (ဟီးဟီး ပေါက်လဲ ပေါက်ဘူးဗျာ) ဒါနဲ့ပဲ ကျွန်တော်တို့လဲ ဆက်လက်ပြီး မမဘာညာတို့နဲ့ ဒုတိယ ညစာစားပွဲ ဆက်သွားစရာ ရှိတာမို့ ဗိုက်လေးလေးနှင့် (တ၀တပြဲစားထားတာလေ ခွိခွိ) ပြည်လမ်းထိကို လမ်းလျှောက်ထွက်ခဲ့ပါကြောင်း.....။

Read Users' Comments (3)

3 Response to "ကွန်ပြူတာ ပညာရှင်အသင်း မိတ်ဆုံ ညစာ စားပွဲ"

  1. MELODYMAUNG says:
    March 1, 2008 at 5:17 PM

    Although I cannot go there, I can know well about this dinner and how to celebrate. Really Thanks for your this post.
    Congrats Zawgyi unicode for Excellent Award 2007!
    By the way, Lucky draw includes MSI Notebook, who win it?

  2. Unknown says:
    March 2, 2008 at 2:07 PM
    This comment has been removed by a blog administrator.
  3. Minn Yoon Thit says:
    March 2, 2008 at 2:12 PM

    နုတ်ဘုတ် မပေးပါဘူး အမြင့်ဆုံးဆုက ယူအက်ပီပဲ ပေးတာပါ အန်တီမီမီရဲ့...။ ကျွန်တော် မရလို့ ကျွန်တော် မမှတ်မိတော့ဘူးဗျ ဟီး။ ဟုတ်တယ် ပွင့် မေမေတော့ အဲ့ဒိ ယူအက်စ်ပီ ပေါက်သွားတယ်။