twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကန်တော်ကြီး စာအုပ်ဈေးပွဲတော်


မနေ့က ကျွန်တော်ရယ် သူငယ်ချင်း ၂ယောက်ရယ်နဲ့ မျှော်စင်ကျွန်းက စာအုပ်ဈေးပွဲတော်ကို သွားခဲ့တယ်ဗျ။ တချို့စာအုပ်တွေက အမှန်တကယ် ဈေးချိုသလို၊ တချို့စာအုပ်တွေ ကတော့ ဈေးပွဲတော်မှာမှ ပိုဈေးကြီးတယ်။ အစားအသောက်ကလည်း ဈေးကြီးပ။ ကျွန်တော်ဆို ရေသောက်မလို့ ရေဘူးဝယ်မယ်ဆိုတော့ ရေဘူးဖိုးက ၄၀၀တဲ့၊ ဒါဆို အအေးပဲ သောက်တော့မယ် ဗျာ ဆိုပြီး စပါကလင်ထည့်ခိုင်းလိုက်တယ်။ အိတ်ထဲလဲထည့်ပြီးရော ကဲဘယ်လောက်လဲ ဆိုတော့ ပြုံးစိစိနဲ့ ၄၀၀ပဲတဲ့။ ဟိုက်သေရော ခံလိုက်ရပြီ။ စာအုပ်ဆိုင်တွေကတော့ စာအုပ်ဆိုင်ကြီးတွေ အပြင် ပန်းဆိုးတန်း အဟောင်းဆိုင်တွေပါ ဒီမှာ လာရောင်းကြတာ တွေ့တယ်ဗျ။ ကျွန်တော်က စာအုပ်ချစ်တဲ့သူ ဆိုတော့ ၀ယ်ချင်စရာ တွေ တပုံတပင်ပဲ။ ပိုက်ဆံက မပါလို့ အဟောင်းတန်းက အသိတွေဆီမှာ စာအုပ်ကောင်းလေးတွေ တွေ့ပေမယ့် မချိတင်ကဲ ဖြစ်ခဲ့ရတယ်(လိုချင်တဲ့ စာအုပ်လေးတွေ ၁၀အုပ်စာလောက်တော့ အသိဆိုင်တွေမှာ ချန်ထားပေးဖို့ မှာခဲ့သေးတယ်)။ ကျွန်တော့ အသုံးစရိတ်ရဲ့ လေးပုံသုံးပုံလောက်က စာအုပ်တွေ ၀ယ်ဖြစ်တာပဲ။ ကျွန်တော် ၀ယ်တာကို ပြောတာပါ လူအထင်ကြီးအောင် ပြောတာ မဟုတ်ပါဘူး။ မနေ့ကတော့ စာအုပ်ကြီးတွေ တော်တော်များများတွေ့တယ်။ Bible စာအုပ်ကြီးတအုပ်လဲ ၀ယ်ဖို့တေးထားတယ်။ ဒါပေမယ့် ပါတာက ပိုက်ဆံလေး ထောင်ဂဏန်းရယ်ဆိုတော့ စောင့်ဆိုင်းခြင်း အတတ်ပညာနဲ့ သည်းခံချုပ်တီးလိုက်ပြီး တတ်နိုင်တဲ့ အသစ်ထွက်ထဲက ဆရာသစ္စာနီစာအုပ်လေးရယ်၊ ဆရာဇော်ဇော်အောင် စာအုပ်ရယ် ၂အုပ်ပဲ ရသေ့စိတ်ဖြေ ၀ယ်လာခဲ့တော့တယ်။

ကျွန်တော့်အိမ်က စာအုပ်စင်လေးလဲ တဖြည်းဖြည်းနဲ့ နဲ့နေပြီ သံစင်နဲ့ တင်ထားတော့ ၀ိတ်ကများများလာတော့ ခုဆို ခနော်ခနဲ့လေး ဖြစ်နေပြီ။ သစ်သားစင်လေး ပြန်ရိုက်ရင် ကောင်းမလားလို့။ တချို့တွေဆို ကျွန်တော် သေတ္တာတွေထဲခွဲထည့်ထားသေးတယ်။ တချို့စာအုပ်တွေကတော့ ကျွန်တော် လျှာရှည်ပြီး နယ်မှာ အဆောင်သွားနေ တုန်းက အိတ်လိုက်ကြီး ယူသွားမိတာ အခန်းထဲကို တံခါးမရှိ ဓားမရှိဝင်တဲ့ ကောင်တွေထဲက ဘယ်သူတွေ မသွားမှန်း မသိဘူး အဖိုးတန် ရှားပါး စာအုပ်တွေ ပျောက်ကုန်တယ်လေ။ နှမြောလိုက်တာဗျာ။ အခုနောက်ပိုင်း ကျွန်တော် တော်ရုံစာအုပ် မငှားတော့ဘူး။ တချို့က စာအုပ်ကလေး မြင်ရင် ကျွန်တော်လဲ ဒီစာအုပ်မျိုးကြိုက်တယ်ဗျာ ခဏငှားဆိုပြီး အလွယ်တကူ ငှားတတ်ကြတယ်။ ပြီးရင် သူတို့ တကယ်တမ်း ငှားပြီး ဖတ်သလား ဆိုတော့ မဟုတ်ဘူး ခဏလောက်ဖတ်ပြီး စာအုပ်တန်ဖိုးလဲ မသိ ပစ်ထားလိုက်ပြီး အချိန်ကြာတော့ ပြန်တောင်းတဲ့အခါ ပျောက်သွားပြီဗျာ ဆောရီးဆိုတာမျိုးတွေ များနေလို့။ အဲ့ဒိတော့ ကျွန်တော့်ကို ကပ်စီးနည်းတယ်ပဲ ပြောပြော ကျွန်တော် ဘယ်သူ့ကိုမှ စာအုပ်မငှားဖြစ်တော့ဘူး။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက စာအုပ်ချစ်တဲ့သူနဲ့ စာအုပ်ချစ်ချင်ယောင်ဆောင်တဲ့သူ က မတူဘူးဗျ။ ဒီလိုဗျ. စာအုပ်ချစ်တယ်ဆိုတာ တကယ့်ကို စာအုပ်ကောင်းရင် အဟောင်းဖြစ်စေ၊ အသစ် ဖြစ်စေ ကောင်းတာလေး ရှိရင် ၀ယ်စုတတ်တာ။ ပြီးတော့ အဟောင်းထဲက ကိုယ်ဖတ်ချင်တဲ့ စာအုပ်မျိုးကို မရမက လိုက်ဝယ်ပြီး စုတာ။ နေအုံး ဒါတင် မပြီးသေးဘူး။ ၀ယ်ထားတဲ့ စာအုပ်လေးတွေကို တကယ့်ကို စိတ်ဝင်တစား ပြန်ဖတ်တာ။ လိုတာလေးတွေ မှတ်ထားတာ၊ မှတ်စုပြန်ထုတ် တာ၊ ဖတ်ထားပြီးသားလေးတွေကို ပြန်လည် တွေးတောသုံးသပ် ကြည့်တာ .. ဒါမျိုးကို တကယ့် စာအုပ်ချစ်သူလို့ ခေါ်တာဗျ။

အဲ... စာအုပ်ချစ်ချင်ယောင်ဆောင်သူကျတော့ မတူပြန်ဘူး။ သူက အပေါ်ယံတော့ စာအုပ်တွေကို ချစ်တတ်သလိုလိုနဲ့ အမှန်က မချစ်ဘူး မမြတ်နိုးဘူး။ သူ့အတွက်စာအုပ် ၀ယ်တယ်ဆိုတာ လူအထင်ကြီးအောင် ဖက်ရှင်သက်သက်ပဲ။ တခြားတော့ မဟုတ်ဘူး ကျွန်တော့်အဒေါ် ကိုယ်တိုင် ဒီလို ချစ်ချင်ယောင်ဆောင်တဲ့ သူတွေထဲမှာပါတယ်။ (အဟဲ ကျွန်တော်နဲ့က အမြဲမတည့်ဘူးလေ။ :) ) သူအမြဲတမ်း အပြင်ထွက်လို့ ကြုံရင် စာအုပ်တွေ ၀ယ်ဝယ်လာ တတ်တယ်။ ဒါပေမယ့် ၀ယ်တဲ့စာအုပ်တွေက အခုအသစ်ထွက်တဲ့ စာအုပ်တွေများတယ်၊ ဗေဒင်လိုလို စာအုပ်မျိုး၊ မင်းသိင်္ခလို စာအုပ်မျိုးကို ဘာမှန်းမသိ အကုန်ဝယ်တယ်၊ (ပြီးတော့ ပြီးဆုံးအောင် တခုမှ မဖတ်ဘူး)။ တခါတလေတော့လဲ မောင်ထွန်းသူ ဘာသာပြန်တွေ၊ ရွှေဥဒေါင်းတွေ ၀ယ်လာပြန်ရော။ ဒါပေမယ့် ကျွန်တော် သူ့စာအုပ်စင်ကို ကြည့်လိုက်တိုင်း အဲ့ဒိဝယ်ထားတဲ့ စာအုပ်တွေကို ၀ယ်ပြီး တို့ထိပုံတောင် မရတာ တွေ့ရတယ်။ ပြီးရင် သူက လူရှေ့မှာ ထုတ်ပြောတတ်တာက သူက စာအုပ်စာပေ ဖတ်တဲ့သူ ဖြစ်တယ် ဆိုတဲ့ အကြောင်း စာအုပ်တွေဆို အမြဲတမ်း ၀ယ်တယ် ဆိုတဲ့အကြောင်း ပနာလုပ်ပြီး အမြဲပြောလေ့ရှိတယ်။ ဒါမျိုးလူတွေ ရှိပါတယ်။ အများကြီးပါ ကျွန်တော့် ပြောချင်တာက ဒါမျိုးက စာအုပ်ချစ်တာ မဟုတ်ဘူးဗျ။ ချစ်ချင်ယောင်ဆောင်တာ သူတကယ်မှ မဖတ်တာ စာအုပ်ဖတ်တယ်၊ ၀ယ်တယ်ဆိုတာလဲ ဂုဏ်တခု အတွက်သက်သက် ရယ်ပဲ ဖြစ်နေတာကိုး။

စာအုပ်နဲ့ပတ်သက်လို့ ဆရာကြီးမောင်ကျောက်တိုင်က ဒီလိုမိန့်ဖူးတယ်။ “စာအုပ်တအုပ်ကို ဖတ်ရင် တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် ဖတ်” တဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ စာအုပ်တအုပ်ဖတ်မယ် ဆိုပါတော့ စဖတ်တော့ နဲနဲ အရှိန်လေးရလို့ စာမျက်နှာ ၁၀ကျော်လောက်ထိ ဖတ်၊ ပြီးရင် မအားလို့ ဒီစာအုပ်ကို ခေါက်ထားမိမယ်။ တရက်၊ နှစ်ရက်လောက် ကြာမယ်။ နောက်ရက်မှ ပြန်ဖတ်မယ်။ သေချာတာက အပျော်ဖတ် ၀တ္တုမျိုးကလွဲလို့ တခြား အတွေးအခေါ် စာအုပ်မျိုးတွေဆို အဆက်အစပ် ပြန်ပျောက်သွားပါလိမ့်မယ်။ ဒီလို စာအုပ်တအုပ်ထဲကိုပဲ ဖတ်လိုက် မဖတ်လိုက်နဲ့ ပြတ်တောင်း ပြတ်တောင်း ဖတ်ရင် အရှေ့က အဆက်အစပ် ပျောက် အလယ်မေ့ အဆုံးသတ်က ရေးတေးတေး ဆိုတာမျိုး ဖြစ်ကုန်ရော။ လုံးဝ မချိတ်မိတော့ဘူး။ ဒါကြောင့် ဆရာကြီးက မြန်မြန်ဆန်ဆန် ဖတ်ဖို့ လမ်းညွှန်တာပေါ့။

ဟုတ်ကဲ့ စာအုပ်ဈေးပွဲတော်ဆိုတော့ စာအုပ်စာပေနဲ့ ပတ်သက်တဲ့ အကြောင်းလေး တိုက်ဆိုင်လို့ ပြောတာပါ။ လေရှည်တယ် ထင်ရင်တော့ ဆောရီးပါ။ ကျွန်တော် စာအုပ်ပွဲတော် သွားရင်း ရိုက်ကူးခဲ့တဲ့ပုံလေးတွေကိုလဲ ရှုစားပေးကြပါအုံး။

ကရ၀ိတ်ကို လှမ်းရိုက်တာပဲ ကောင်မလေး၂ယောက်က ဘယ်လိုပါသွားလဲ မသိဘူးပေါ့ဗျာ။ အဟတ်


ပြည့်စုံစာအုပ်တိုက်မှာပေါ့


မသိသူကျော်သွား၊ သိသူဖော်စားပဲ ဒီလိုအပုံတွေကြားမှက (ဒါပေမယ့် အများအားဖြင့် အလယ်အလတ်တန်းတွေသာ ပုံထားတာပါ၊ တခါတလေတော့လဲ ဒါမျိုးထဲက အကောင်းလေးတွေ ရတတ်တယ်ခင်ဗျ)


Ben 10 ကိုသိတယ်မှတ်လား၊ မြန်မာဘာသာပြန် ရုပ်ပြထွက်နေပြီခင်ဗျ။


စာအုပ်ရွေးချင်ယောင်ဆောင်နေတာ မဟုတ်ဘူးခင်ဗျ။ သူငယ်ချင်းက ဘယ်ချိန်ရိုက်လိုက်မှန်း မသိတာ :)


ပုဂံစာအုပ်တိုက်တို့ဘာတို့က ဒီဘက်ခြမ်းမှာခင်ဗျ။ ကျွန်တော် ဟိုတလော ၀ယ်လိုက်တဲ့ ဆရာဦးဖေအောင်ရဲ့ စိတ်ညှို့ပညာ စာအုပ်ကို အလောကြီးပြီး စာပေဗိမာန်က ၀ယ်လိုက်တာ။ အခုပုဂံတိုက်မှာ ၅၀၀တောင် သက်သာနေတယ်။

ကဲ.. နောက်နေ့တော့ ကျွန်တော် အသုံးစရိတ်ထဲက ချွေတာစုဆောင်းပြီး ၀ယ်ချင်တဲ့ စာအုပ်လေးတွေ အသိဆိုင်တွေဆီက ပြန်သွားယူလိုက်အုံးမယ်ဗျာ။

Read Users' Comments (4)

4 Response to "ကန်တော်ကြီး စာအုပ်ဈေးပွဲတော်"

  1. Anonymous Says:
    January 5, 2009 at 10:26 AM

    ကျနော့်ကိုလည်း ဟိုစာအုပ်လေး ခဏငှားပါလား ကိုမင်းယွန်းရေ့း)

    ပုံ/
    စာအုပ်ချစ်ချင်ယောင်ဆောင်တဲ့သူ မောင်မျိုးပါ ( မင်းအဲ့လိုရေးထားတာ တစ်မျိုးကြီးစိတ်ထဲဖြစ်သွားတယ် ဘာလို့လဲတော့မသိ :P)

  2. တောင်ပေါ်သား says:
    January 5, 2009 at 11:13 AM

    မင်္ဂလာပါ အကိုရေ စာကောင်းပေကောင်းတွေ စုတတ်တာ အလွန်ကို တန်ဖိုးရှိတယ်နော့် ဟီး ကျနော်ကတော့ စာတော့ ဖတ်ဖြစ်ပါရဲ့ ဒါပေမဲ့ စာအုပ်ချစ်ချင်ယောင်ဆောင်တဲ့သူ ဖြစ်နေတယ်ဗျ ပြန်လေ့ကျင့်ရမယ် ထင်တယ် လေးစားလျက်ပါ အကို

  3. Anonymous Says:
    January 6, 2009 at 9:41 PM

    အန်း.. နေ့အိပ်မက်သိတာ နောက်ကျသွားလို့ မတွားလိုက်ရဘူး.. အဟင့် သွားရည်ယိုလိုက်တာ... နေ့အိပ်မက်ဆို အဲလိုပွဲသွားရင် မရှိရှိတဲ့ပိုက်ဆံနဲ့စာအုပ်တွေဝယ်.. နောက်နေ့ကျ မုန့်စားဖို့ ပိုက်ပိုက်အချိတော့ဝူး.. ပြီးရင်တစ်ထိုင်တည်း လေးငါးအုပ်ဖတ်လို့... တော်ကြာ ဘာမှမမှတ်မိဖြစ်နေဦးမယ်ဆိုပြီး မနည်းထိန်းထားရတယ်.. အီးဘုတ်တွေကျ အရသာမရှိဘူးနော်.. စာအုပ်ဖတ်ရသလို.. ကိုမင်းယွန်းသစ် ဘယ်စာရေးဆရာ အကြိုက်ဆုံးလဲ...

  4. Minn Yoon Thit says:
    January 7, 2009 at 9:24 AM

    စာအုပ်ဖတ်တဲ့ အကျင့်က လေ့ကျင့်ယူလို့ရပါတယ်ဗျ။ အဓိကက အာရုံစူးစိုက်မှုလေးပဲ လိုတာ။ (မောင်မျိုး၊ တောင်ပေါ်သား)။ ဟုတ်ကဲ့ နေ့အိပ်မက်ရေ.. အီးဘုတ်တွေ ဖတ်ရတာ မျက်စိညောင်းတယ် သူက အလင်းတအား ပြန်တာကိုး။ ဟုတ်ကဲ့ ကျွန်တော် စာရေးဆရာစွဲ မရှိပါဘူး။ စာအုပ်မှန် သမျှ အကုန်ကြိုက်ပါတယ်။ ဆရာဆန်းလွင်ရဲ့ ဒဿနကျမ်းတွေ၊ နောက်ပြီး ဆရာသက်လုံရဲ့ စိတ်နယ်လွန်ပိုင်း စာအုပ်တွေ၊ အများအားဖြင့် ကြိုက်တယ်။ ကျန်တာတော့ အစုံဖတ်ပါတယ်။ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ စာအုပ်တိုင်းဟာ စာရေးဆရာ တယောက်ရဲ့ ၀ိဥာဉ်တွေ ပူးကပ်ပါနေတာပဲလေ..။ အားထုတ်ရတာ လွယ်တာမှ မဟုတ်တာ။ အားလုံးကို ကြိုက်ပါတယ်။ အကုန်လုံးက ကိုယ့်အတွက် မြင်ဆရာတွေ ချည်းပဲကိုး။