twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဗိုက်ဆာတယ်ဗျို့

ဆားချက်တာ မဟုတ်ပါဘူး။ ဗိုက်ဆာနေတုန်း အရင်တုန်းက ပုံတပုံ ပြန်ကြည့်မိတော့ တော်တော် အသက်ဝင်နေတယ်..။ :D

အား...စားလိုက်တော့မယ်...

သူငယ်ချင်း ဇော်မျိုးရေ ငါခု ပုံထဲက စားနေတာ မင်းစားချင်တဲ့ KFC ကြက်သားတုံးကြီးဗျ... ဟတ်ဟတ် :P

Read Users' Comments (6)

ဝိညာဉ်နှုတ်လွင်ပြင် (၅)

အခန်း(၁၀)

ခြောက်သွေ့ညိုမှိုင်းနေသော တောအုပ်တခုထဲတွင် ဖြစ်၏။ ညအချိန်ခါဖြစ်၍ ပတ်ဝန်းကျင်တခုလုံး မဲမှောင်နေသည်။ သို့သော် သူကတော့ အမှောင်ထဲတွင် အသားကျနေသည့် ပုံဖြင့် တောထဲသို့ ဆက်တိုးသွားနေသည်။ ရှေ့ဆက်တိုးနေရသော်လည်း သူ့စိတ်ထဲတွင် ထင့်နေပြီး ရင်တွေ တလှပ်လှပ် ခုန်နေသည်။ တောအုပ်၏ တနေရာအရောက်တွင် ခြေသံနှင့် အသက်ရှူသံခပ်ပြင်းပြင်း ကြားလိုက်ရသဖြင့် နီးစပ်ရာ ခြုံတောထဲ တိုးဝင်လိုက်သည်။ သူသည် အကြောက်လွန်နေပြီး အသားများပင် တဆပ်ဆပ် တုန်နေသည်။ အရိပ်တခုက သူ့ပုန်းနေသော ခြုံအနီးသို့ ရောက်လာ၏။ ခြေဗလာတစုံသည် သူ့ပုန်းနေသည့် နေရာတည့်တည့်တွင် လာရပ်သည်။

“ဂရူး…”

တစုံတခု အနံ့ရသည့်ပုံဖြင့် ထိုအကောင်က လိုက်လံရှာဖွေနေလေသည်။ သူ့မှာ ကြောက်လန့်လွန်းပြီး အသက်ပင် ရဲရဲ မရှူရဲပေ။ စိတ်ကျေနပ်အောင် ရှာဖွေပြီးသွားတော့မှ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူလဲ ထိုသတ္တ၀ါ နောက်မှ အသာအယာ သစ်ပင်များကို ကွယ်ပြီး လိုက်သွားသည်။ ထိုအကောင်သည် လူတစ်ဦးဖြစ်ပုံရ၏။ ကုဒ်အကျီအရှည်ကြီးအား ၀တ်ထားပြိး ဘောင်းဘီအောက်ခြေတွင်တော့ ပြဲဆုတ်နေသည်။ မြေကွက်လပ် တခုသို့ အရောက်တွင် ရပ်တန့်လိုက်ပြီး သစ်ကိုင်းသစ်ခက်များ ပုံထားသော နေရာသို့ အရောက်တွင် ထိုအမှိုက်သရိုက်များကို ဆွဲဖယ်နေ၏။ သစ်ကိုင်းသစ်ခက် များအား ဖယ်ရှားလိုက်သော အခါတွင်ကား ရုတ်တရက်ပင် ရေတွင်းပျက်ကြီး တစ်လုံး ပေါ်လာလေတော့၏။

“ကယ်ကြပါ… ကယ်ကြပါအုံး….အီးဟီးဟီး ကယ်ကြပါအုံး….”

ရေတွင်းထဲမှ ကြောက်အားလန့်အားဖြင့် အကူအညီ တောင်းခံသံများ စိတ်မချမ်းမြေ့ဖွယ် ထွက်ပေါ်လာ၏။ ထိုအကောင်၏ မျက်နှာကို အမှောင်ထဲတွင် သေချာ မမြင်ရသော်လည်း ရေတွင်းထဲသို့ တချက်ငုံ့ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေကြီးကို လက်ဖ၀ါးကြီးဖြင့် တဘုတ်ဘုတ် ပုတ်လိုက်လေသည်။
ထိုသို့ ပုတ်လိုက်ပြီး များမကြာမှီမှာပင် မြေကြီးများ တွန့်လိပ်လာလေသည်။ တဝေါဝေါနှင့် တွန့်လိပ်လာသော မြေကြီးလိပ်ကြီးများသည် ထိုရေတွင်းနားသို့အရောက်တွင် မြေကြီးထဲမှ မီးခိုးရောင် အခိုးများ အူထွက်လာ၏။
“ပြေး…ပြေး…………”
ဘယ်က ထွက်ပေါ်လာမှန်းမသိသော ပဲ့တင်ထပ်သံကြီးသည် သူ့အား ဤနေရာမှ ထွက်ပြေးရန် သတိပေးနေသည်။ ထို့နောက် ရေတွင်းထဲတွင်တော့ ငရဲပွက်သံအလား အသံနက် ကြီးများ ဆူညံကုန်လေ တော့သည်။ မျက်နှာ မမြင်ရသော သတ္တ၀ါတစ်ကောင်သည် သူဆီကို တရွေ့ရွေ့…….။
“မလာ…နဲ့… မလာနဲ့…. အား…….”
++++++


အခန်း (၁၁)


“ဟေ့ကောင်… ထင်လင်း.. ထင်လင်း….”
“အင်…. ”
ထင်လင်းက သူ့ကို တစ်ယောက်ယောက် လှုပ်နှိုးနေသဖြင့် အိပ်နေရာမှ နိုးသွားသည်။ သူမျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အဂ္ဂ ဖြစ်နေသည်။
“မင်း နေကောင်းရဲ့လား၊ အိပ်မက်ဆိုးတွေ မက်နေတာလား သူငယ်ချင်း”
“အင်း ကောင်းပါတယ်။ ဟုတ်တယ် ငါအိပ်မက်မက်နေတာ ငါ… ငါ… ယောင်ပြီးအော်မိလို့လား”
“အော်တော့ မအော်ဘူးကွ ငါက ညက အစောကြီး အိပ်တော့ အိပ်ရေးဝ သွားလို့ အစောကြီး နိုးနေတာ၊ မင်းကုတင်ကို လှမ်းကြည့်တော့ မင်းက အိပ်နေရင်း မသက်မသာ လူးလှိမ့်နေတာ တွေ့လို့ ပြီးတော့ မင်းမျက်နှာက အိပ်နေရင်း ဝေဒနာ ခံစားနေရသလို ဖြစ်နေလို့… အေးအေး နေကောင်းရင် ပြီးရောလေ၊ ထတော့ ဇေယျတို့တောင် နိုးလို့ အောက်ဆင်းပြီး ရေသွားချိုးနေကြပြီ ငါတောင် သူတို့ ရေချိုးပြီးတာ စောင့်နေတာ။”
မကြာမှီမှာပင် ဇေယျတို့ အခန်းထဲ ဆူညံစွာ ၀င်လာပြီး
“ရေကတော့ အေးစိမ့်နေတာပဲကွာ တွင်းရေစစ်စစ်ပဲ.. မိုက်တယ်”
ထင်လင်းလဲ ရေမိုးချိုးရန် အောက်ထပ်သို့ ဆင်းသွားတော့သည်။
ရေတွင်းသည် ရဲတိုက်ကြီး၏ အနောက်ဘက်တွင်ရှိ၏။ ရဲတိုက်ကြီး၏ အနောက်ဘက်တွင် စပျစ်တော ကြီး ရှိသည်။ ထိုရေတွင်းသည် သူညက အိပ်မက်သော ရေတွင်းများလား လို့ တွေးမိသည်။ သို့သော် ပင်ပန်းလို့ မက်သော သာမန် အိပ်မက်နေမှာပါလို့ ဖြေသိမ့်လိုက်ပြီး တွင်းထဲမှာ ရေကို ရေပုံးဖြင့် ငင်၍ ချိုးလေသည်။ ရေချိုးနေရင်းနှင့် စပျစ်တောကို စူးစမ်းကြည့်တော့ စပျစ်ပင်များကို အများအပြား စနစ်တကျ စိုက်ထားသဖြင့် အတန်းလိုက်ညီညာစွာ ပေါက်နေ၏။
“ရှဲ…ရှဲ..ရှဲ..”
“ဟင်..”
ထင်လင်းက ရေချိုးနေရင်းနှင့် သူ့နောက်မှာ တစ်ကောင်ကောင် ရွေ့လျားလာနေသလို ခံစားရသဖြင့် အနောက်ကို လှည့်ကြည့်လိုက်သည်။ သို့သော် နွယ်မြက်ပင်များက လွဲ၍ သူ့နောက်တွင် ဘာမှ ရှိမနေချေ။ ထို့နောက် သူရေဆက်ချိုးနေ၏။ တရှဲရှဲနှင့် အသံသည် တိတ်မသွားပဲ သူ့အနား ကပ်လာသလို ဖြစ်နေ၏။ သူသိပ်မသင်္ကာတော့ ချေ..။ ထိုစဉ်

“ထင်လင်းဖယ်ဖယ်..”

ရုတ်တရက်မို့ ထင်လင်းလဲ အရှေ့သို့ ခုန်ရှောင်လိုက်သည်။ မြွေဟောက်ကြီးတစ်ကောင် ဖြစ်၏။ ဦးလူခန့်သည် မြွေကြီးအား တင်းပုတ် ဖြင့် ထုသတ်နေလေသည်။ ဦးလူခန့် မြွေသတ်ပုံက ထူးဆန်းသည် သာမန်ဆို သုံးလေးချက် ထုရုံဖြင့် မြွေသေလောက်ပြီ။ ခုတော့ ဦးလူခန့်က မြွေခေါင်းတခုလုံး ရစရာ မရှိအောင် တင်းပုတ်ဖြင့် အချက်ပေါင်းများစွာ ထုနှက်နေလေသည်။
“ရ… ရလောက်ပါပီ.. ကျေးဇူးပဲ ဦးလူခန့်..”
ဦးလူခန့်က ကြေမွနေသော မြွေကြီးကို ကိုင်၍ ထင်လင်းကို ပြုံးပြသည်။ ထင်လင်းလဲ ဦးလူခန့်ကို ကြည့်ရတာ တမျိုးပဲဟု တွေးထင်မိကာ ဤနေရာတွင် ကြာကြာမနေလိုတော့၍ သဘက်ပတ်ကာ အပေါ်ထပ်သို့ တက်သွားလေတော့သည်။


ဆက်ရန်.....

Read Users' Comments (0)

ဝိညာဉ်နှုတ်လွင်ပြင် (၄)


အခန်း(၉)

"ဝေး တယ်မိုက်ပါလား အိမ်အတွင်းပိုင်းကလဲ ရေလည် လန်းတယ်ကွာ.. တကယ့် ရှေးဟောင်း ပန်းချီကားတွေ ချည်းပဲ.."
အဂ္ဂက တအံ့တသြော ပြောနေသည်ကို ကျော်ကျော်က စပ်ဖြဲဖြဲနှင့်
"အံမယ် မင်းက ရှေးဟောင်း ပန်းချီကားလို့ ဘယ်လိုသိသလဲ ငရွှီး…"

"အော် ပန်းချီကားတွေက ဟောင်းနေမှတော့ ရှေးဟောင်းပေါ့ ခွိခွိ.."

"ကဲကဲ အားလုံးကို မိတ်ဆက်ပေးရအုံးမယ်ဗျ..။ ဒါကတော့ ကျွန်တော်တို့ အိမ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဦးလူခန့်ပါ..။ "

ဒေါက်တာ နိုင်မင်း မိတ်ဆက်ပေးသော ဦးလူခန့်ဆိုသော သူသည် နာမည်သာ ခန့်သလောက် လူကတော့ အနည်းငယ်ခါးကုန်းနေသော ရုပ်ဆိုးကြီး တစ်ယောက်သာ ဖြစ်သည်။ ပြီးတော့ သူ့မျက်လုံးတွေက ကြီးကြီးကြောင်ကြောင် နိုင်လွန်းလှသည်။ သဉ္ဖာနှင့် ရတနာတို့က နာမည်နှင့်လူမလိုက်သော ဦးလူခန့်ကိုကြည့်ကာ တခွိခွိနဲ့ ကြိတ်ရယ်နေကြသဖြင့် ဇေယျက အားနာပါးနာဖြင့် ထိုနှစ်ကောင်အား တိုးတိုးလေး ကျိန်ဆဲနေ၏။ ဦးလူခန့်ဆိုသော လူသည် သူတို့အဖွဲ့အား ကြိုလဲ မကြိုဆို ရှုတည်တည်ဖြင့်ပင်နေလေရာ တော်တော်သိရခက်သော လူမျိုးပဲဟု ကြိတ်၍ မှတ်ချက်ပေးလိုက်ကြသည်။ ထိုလူပုလေးသည် ထင်လင်းတို့ သူငယ်ချင်း တသိုက်အား ကြောင်လိမ်လှေခါးကြီးမှ တဆင့် အိမ်အပေါ်ထပ်သို့ တည်းခိုရမည့် အခန်းများအား လိုက်လံပြသလေသည်။ အိမ်ကြီး၏ အပေါ်ထပ်သည် ဘဲဥပုံသဏ္ဍာန် ဖြင့် အတွင်းဘက် ပတ်ပတ်လည်တစ်လျှောက် ၀ရံတာ တပ်ဆင်ထားသည်။ အိမ်ရှေ့ဘက်မျက်နှာစာမှ လွဲ၍ ကျန်သည့် ဘက်အခြမ်းများတွင် အခန်းများရှိပြီး အခန်းအားလုံးပေါင်း ၇ခန်းရှိလေသည်။ ရတနာနှင့် သဉ္ဖာတို့ သည် အပေါ်ထပ်လှေခါးဝနှင့် တည့်တည့် အခန်းရပြီး အလယ်အခန်းတစ်ခန်းကျော်တွင်တော့ ကျန်ယောက်ျားလေးများ နေကြသည်။ သူတို့သည် ရေချိုး အ၀တ်အစားလဲပြီးနောက် ညစာဖြင့် ဒေါက်တာ နိုင်မင်းက တည်ခင်း ဧည့်ခံလေသည်။ ကျွန်းစားပွဲ ရှည်ကြီး၏ ထိပ်တွင် ဒေါက်တာ နိုင်မင်းက နေရာ ယူလိုက်ပြီး ကျန်လူများက ဘေးတဖက်တစ်ချက်တွင် ၀ိုင်း၍ ထိုင်ကြ၏။ သူတို့ ထိုင်သော ထိုင်ခုံများ၏ လက်ရာသည်ပင် အလွန်ရှေးကျပြီး ကျောမှီများသည် အတော်အတန် မြင့်လှသည်။ သာမန်လူ မတ်တပ်ရပ်လျှင်ပင် တတန်းတည်း ရှိနိုင်သော အမြင့်ရှိလေသည်။

အချိန်ကား နေ၀င်ရီတရော ချိန်ဖြစ်၏။
"အားလုံးပဲ စားသောက်ပွဲကို စကြရအောင်၊ အကိုတို့ ဒီအိမ်ကြီးကို လာခဲ့တဲ့အတွက် ပင်ပန်းမှုတွေ မကြာခင် ပျောက်သွားပါလိမ့်မယ် ဟဲဟဲ လုံးဝကိုပျောက်သွားမှာပါ။ ပြီးတော့ ပျော်သွားကြမှာ။ ဘယ်လိုလဲ ဒီပတ်ဝန်းကျင်ကို သဘောကျကြတယ် မှတ်လား ညီတို့"
ဒေါက်တာ နိုင်မင်း၏ စကားကို ကျန်လူများက တညီတညွတ်ထဲပင်
"သဘောကျပါတယ်…"
"အိုကေ မကြာခင်တော့ မင်းတို့ ဒီပတ်ဝန်းကျင်မှာ ဒိထက် ဆန်းသစ်တဲ့ အတွေ့အကြုံတွေ တွေ့ရအုံးမှာပါ.."

ဇေယျက သိချင်ဇောဖြင့်
"ဘယ်လို အတွေ့အကြုံမျိုးလဲ ဟင်.."

"အော် အဟဲ ဥပမာ အမဲလိုက်တာတို့ ဘာတို့ပေါ့ စိတ်ဝင်စားဖို့ မကောင်းဘူးလား ညီတို့ ညီမတို့ တခါမှ မတွေ့ကြုံဖူးဘူးမှတ်လား…"
"ရိုက်တ် အမှန်ပဲ…အကိုရေ … ဟီးဟီးလောလောဆယ်တော့ ဗိုက်ဆာနေပြီ စားလို့ရပြီလား.."

"အော် အေးအေး ဟားဟား ဟုတ်တာပဲ မေ့ပြီး လေရှည်နေတာ အိုကေ နောက်နေ့တွေ တွေ့ပါလိမ့်မယ် ..စားစား ၀အောင်သာ စားထားကြ နောက်နေ့တွေ အားရှိအောင်..ပေါ့ လွတ်လွတ်လပ်လပ်သာ စားကြပါ.."
စားသောက်နေကြသော သူတို့အား ဦးလူခန့်က လိုအပ်တာများကို လိုက်လံဖြည့်တင်းပေးလေသည်။
ဒေါက်တာနိုင်မင်းက သူတို့အဖွဲ့ပါလာလို့လားတော့ မသိ လမ်းမှာတုန်းကထက် ပို၍ ရွှင်ရွှင်မြူးမြူး ဖြစ်နေပုံရသည်။
စားသောက်ပြီးသော အခါ ဒေါက်တာ နိုင်မင်းက ဒီအိမ်ကြီး အကြောင်း စကားစမြည်ပြောပြလေသည်။ အချိုတည်းရန် အတွက် ဦးလူခန့်က မည်သည့် အသီးဖျော်ရည်မှန်း မသိလာချပေးသည်။ဒေါက်တာနိုင်မင်းက သူတို့အား အားမနာစေရန်အတွက် ဧည့်ဝတ်ပြုသည်။
"အားပါး တမျိုးပဲနော် ဒီအချိုရည်က ဘာသီးနဲ့ ဖျော်ထားတာလဲ အရသာ ချိုပြီးစိမ့်နေတာပဲ…"

"အကိုလဲ မသိပါဘူး ကိုယ့်အဖိုး စိုက်ခဲ့တဲ့ အပင်ပဲ တော်တော်သောက်လို့ ကောင်းတယ်။ နာမည်တော့ မသိဘူးကွ..။ သောက်ပြီး ခေါင်းကြည်မသွားဘူးလား။ ဟေ့ ထင်လင်း ဘာလို့ မသောက်တာလဲ"

"မဟုတ်ပါဘူး ကျွန်တော် စားတာ များသွားလို့ မသောက်နိုင်တော့ဘူး ဟီး.."
ထင်လင်း မသောက်သော ခွက်ကို ဇေယျက ငတ်ကြီးကျစွာဖြင့် ခပ်တည်တည်နှင့် ယူသောက်ရာ အငတ်ကြီးဟု သူငယ်ချင်းများက ၀ိုင်းဝန်းနောက်ကြလေသည်။
"အဟဲ ဒီအိမ်ကြီးကို အကို့ အဖိုးက သူကိုယ်တိုင် စိတ်ကြိုက် ဒီဇိုင်းဆွဲပြီး ဆောက်ခဲ့တာပေါ့။ ဟိုဘက် အပေါ်ထပ် ဘယ်ဘက် အစွန်ခန်းက အဖိုးရဲ့ စာကြည့်ခန်းပဲလေ..။ အဖိုးက ဟိုမှာ နှစ်အတော်ကြာနေခဲ့ပြီး ဒီကို စာအုပ်တွေချည်းပဲ တော်တော်များများ သယ်လာတယ်။ သူ့စာအုပ်တွေက များလွန်းတော့ သူပြန်လာပြီးမှ နောက်ထပ် ၂ခေါက်လောက် ပြန်သွားသယ်ခဲ့ရတယ်။ အဲဒိအခန်းတခန်းလုံး စာအုပ်စင်တွေဆို နံရံအမြင့်လောက်ရှိတယ်။ စာအုပ်တွေကို ယူဖို့ တကယ့် စာကြည့်တိုက်ကြီးတွေလိုပဲ ရွေ့လျားလှေခါး အသေးလေးနဲ့ ယူရတယ်။"

"ဟို.. ကျွန်တော်တို့ ၀င်ကြည့်လို့ ရလားဟင်…"
ဇေယျာက စပ်စုလိုသဖြင့် ၀င်မေးလိုက်သည်။
"အာ.. ရပါတယ်… ခဏနေ ၀င်တက်ကြည့်လေ.."
"ကဲကဲ..ဦးလူခန့်ရေ ဒီညီလေးတို့ကို စာကြည့်ခန်းထဲ လိုက်ပို့လိုက်ပါအုံးဗျာ… ကဲ ကျော်ကျော်တို့ရေ အကိုတော့ တက်အိပ်တော့မယ်… မင်းတို့လဲ စာကြည့်ခန်းထဲ ၀င်ကြည့်ပြီး အိပ်ကြတော့လေ.. ခရီးပန်းလာကြတယ်ဆိုတော့..အဟဲ အားလုံးဂွတ်နိုက်နော်.."
အဂ္ဂတို့ကလဲ တပြိုင်တည်းပင် ဒေါက်တာ နိုင်မင်းအား နှုတ်ဆက်လိုက်ကြသည်။

"ဂွတ်နိုက်.."

++++


သူတို့အားလုံး၏ ရှေ့မှ ဦးလူခန့်က ဦးဆောင်၍ စာကြည့်ခန်းကို လိုက်လံပြသသည်။ ဒေါက်တာ နိုင်မင်းသည် အပေါ်ထပ်ရှိ ဘယ်ဘက်ခြမ်းအစွန်ဆုံးအခန်းထဲ သို့ဝင်သွားလေသည်။ စာကြည့်ခန်းထဲ ၀င်လိုက်သည်နှင့် အဘယ်ကြောင့်မှန်းမသိ အေးစိမ့်သွားသလို အားလုံးခံစားလိုက်ရသည်။ စာကြည့်ခန်းသည် တကယ့် စာပေဂျိုး တစ်ယောက်၏ စာကြည့်ခန်းမှန်းသိသာသည်။ လူ့အရပ်၂ ပြန်ခန့်မြင့်သော စာအုပ်စင်များက အခန်း၏ နံရံ ပတ်ပတ်လည်တွင် နေရာယူထားကြသည်။ အခန်း၏ အလယ်ဗဟိုတည့်တည့်တွင်တော့ လေ့ထောင့် စာကြည့်စားပွဲနှင့် ကုလားထိုင်တစ်လုံးရှိသည်။ စာကြည့်စားပွဲပေါ်တွင် ကျမ်းစာအုပ်ကဲ့သို့ ခပ်ထူထူ စာအုပ်ကြီးများ ညီညာစွာထပ်ထားပြီး အလယ်တွင် ဖတ်လက်စ ကဲ့သို့လှန်ထားသော စာအုပ်တစ်အုပ်ကို တွေ့ရသည်။ ထို့နောက် စာကြည့်စားပွဲ၏ အနောက်ဘက် နံရံတွင်တော့ လွန်စွာမှ ရုပ်ဆိုး အကျည်းတန်ပြီး ကြောက်မက်ဖွယ် စူးရဲရဲ မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ကိုယ်တပိုင်းပြတ် ပန်းချီကား ကြီး ချိတ်ဆွဲထား၏။

"ဒီပုံကြီးကလဲဟယ် ဘာသဘောနဲ့ ဒီနေရာမှာ ချိတ်ထားလဲ မသိဘူး၊ ငါဒီပုံကို ကြည့်ရတာ တမျိုးပဲ ကျက်သရေ မရှိသလိုပဲ.. နင်ကော.."

ထင်လင်းကလဲ လေသံဖြင့်
"အေး ဟုတ်တယ် ဒီနေရာမှာ တယုတယ ချိတ်ထားပုံရတော့ သူကိုးကွယ် ယုံကြည်တဲ့ဟာ တခုခုပဲ… ဟုတ်တယ် ဆွဲထားတာ ပီပြင်လို့ပဲ လားမသိဘူး သေချာစိုက်ကြည့်ရင် ကြက်သီးထစရာကြီးဟ"
သူတို့ ထင်ကြေးပေးနေတုန်းတွင် သွက်လက်သော ဇေယျက ဦးလူခန့်အား လှမ်းမေးလိုက်သည်။
"ဦးလူခန့် ဒီမှာ ချိတ်ထားတဲ့ ပုံကြီးက ဘာပုံကြီးလဲ ကြည့်ရတာ တမျိုးကြီးပဲနော်.."
ဇေယျအမေးကို ဦးလူခန့်က ၀တ်ကျေတန်းကျေ ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်၏။
"အဲဒါ စေတန် ဆိုတဲ့ နတ်ဘုရား ပုံတော်ပေါ့ ကဲအားလုံးပဲ အိပ်လို့ရပါပြီ…"
အမှန်တော့ ဦးလူခန့်က စာအုပ်စင်နားက စာအုပ်အချို့ကို လှန်လှောနေသော သူတို့ အုပ်စုကို မနှစ်မြို့သည့်ပုံဖြင့် အနုနည်းဖြင့် အိပ်ခန်းထဲသွားကြရန် နှင်လေသည်။
သူတို့အဖွဲ့လည်း အထာပေါက်ကာ အားလုံး ကိုယ့်အိပ်ခန်းတွေစီကို ၀င်ကြလေတော့သည်။


ဆက်ရန်.....

Read Users' Comments (0)

ဝိညာဉ်နှုတ် လွင်ပြင် (၃)


အခန်း(၇)


“ဒေါက်တာ ကျွန်တော်တို့ ဆက်သွားလို့ မရတော့ဘူး… ဘယ်လိုလုပ်ရမှာလဲ.. တော်တော်လိုသေးလား”
ကားမောင်းနေသော အဂ္ဂက ရှေ့ဘက်တွင် စိပ်လာသော အပင်ကြီးများကို ကြည့်ပြီး ကားခေတ္တရပ်ကာ ပြောလိုက်သည်။ မြေပုံကြည့်နေသော ဒေါက်တာ နိုင်မင်းက
“အင်း ဟုတ်ပြီ… ဒီနားမှာပဲ ရပ်ထားခဲ့ရမယ်ထင်တယ်ကွ ဒီထဲက အတိုင်းဆို အရင်က ဒီဘက်တွေကို လှည်းလမ်းပေါက်တယ်ကွ ခုတော့ အပင်တွေ တော်တော်ထူလာတာပဲ၊ ငါလဲ မရောက်ဖြစ်တာ တော်တော်ကြာပြီ၊ ဒါကြောင့် လိုလိုမယ်မယ် ငါ့အဖေဆွဲထားခဲ့တဲ့ မြေပုံယူခဲ့ပေလို့ပဲ၊ အင်း ရောက်ဖို့တော့ ….အင်း… ၃ မိုင်လောက်ပဲ လိုတော့မယ် ကွ်”
ဒေါက်တာ နိုင်မင်းက ကျော်ကျော်တို့ အုပ်စုကို တချက်ဝေ့ကြည့်လိုက်ပြီး
“ဘယ်လိုလဲ ငါ့ညီတို့ တောထဲမှာ လမ်းလျှောက်ဖို့ စိတ်မ၀င်စားဘူးလား၊ ဒီလောက်ကောင်းတဲ့ အတွေ့အကြုံရှိအုံးမလား”
ဇေယျက အသဲပြဲဖြင့် ၀မ်းသာအားရထအော်သည်။
“ဝေး………. မိုက်တယ်ဟေ့..၊ လျှောက်မှာပေါ့ဗျာ၊ အမှန်ပဲ ဒီလိုအတွေ့အကြုံမျိုးဆိုတာ ငွေနဲ့တောင် ၀ယ်ယူလို့မရဘူး၊ ဟေ့ကောင် ကျော်ကျော် ဟုတ်တယ်ဟုတ်”

“ရိုက်တ် မှန်၏။ ဟေ့ဘယ်လိုလဲ ဟိုသုံးကောင်”
ကျော်ကျော်ကလဲ ထောက်ခံရင်း နောက်ခန်းတွင် အိပ်ငိုက်နေကြသော ထင်လင်း၊ ရတနာနှင့် သဉ္ဖာတို့ကို မေးလိုက်သည်။

“အိုကေ..”
ထင်လင်းနှင့် သဉ္ဖာတို့က အိပ်ငိုက်နေရာမှ ထ ထောက်ခံကြသည်။ သို့သော် ရတနာကတော့ အိပ်ပျော်နေတုန်းပင်။ အိပ်မောကျနေသော ရတနာအားကြည့်ရင်း ဇေယျက အကြံအစည်တစ်ခုရဟန်ဖြင့် ကားပေါ်မှ ဆင်းရန် ပြင်နေကြသော တခြားသူများကို ရှူးတိုးတိုးဆိုသော အမူအယာဖြင့် မနှိုးသေးပဲ အားလုံး အသာလေး ကားပြင်ကို ထွက်ရန် လက်ဟန်ခြေဟန်ဖြင့် လုပ်ပြ၏။ အထုပ်အပိုးတွေ အားလုံးချပြီးတော့ ဇေယျက အကျီအမဲကြီးအား ခေါင်းကို ခြုံလိုက်ပြီး ရတနာကို အသာ လှုပ်နှိုးကာ….

“ရတနာ......... နင်သေရတော့မယ်…. နင့်ကို ကိုက်သတ်စားကြတော့မယ်…”

ဟု ကြောက်စရာ အသံဖြင့် ပြော၏။ သို့သော် သူဘယ်လိုလှုပ်နှိုးနှိုး ရတနာက တုပ်တုပ်မျှ မလှုပ်ချေ။ နောက်ထပ် ခပ်ကြမ်းကြမ်းလှုပ်နှိုးလိုက်ပြန်ပြီး….

“ရတနာ….. နင့်ကို ငါတို့သတ်စားတော့မယ်… ဟဲအဲအဲ….”
ရတနာကား တုတ်တုတ်မျှ မလှုပ်သေးချေ။ စ နေရင်းဖြင့် ဇေယျမှာ စိတ်ပူလာကာ ရတနာ့ ပုခုံးကို အသာမပြီး ခေါင်းကို လှုပ်ကာ ထပ်နှိုးပြန်သည်။
“ရတနာ.. ရတနာ.. ဟဲ့နင်… နင် ဘာဖြစ်တာလဲ… ရတနာ …ရတနာ…”
“ဗြဲ…….”
“အောင်မယ်လေးဗျ…….. ”
“ဒုန်း……….”
အိပ်ချင်ယောင်ဆောင်နေသော ရတနာက မျက်ဖြူလှန်ကာ ဇေယျကို ရုတ်တရက် ပြန်ခြောက်လိုက်သဖြင့် ဇေယျမှာ ကြောက်အား လန့်အားဖြင့် ထခုန်လိုက်ရာ ကားခေါင်မိုးနှင့် ခေါင်းဆောင့်မိသွားလေတော့သည်။
“ဟားဟားဟား…. အရူး…. ငါ့ကို ခြောက်မယ့်ကောင်တဲ့ ငါပြန်ခြောက်လိုက်တာနဲ့ တခါထဲ လန့်ဖျတ်သွားတာ ကြည့်ပါအုံး ”
ရတနာက သူ့လုပ်ရပ်ကို သဘောကျဟန်ဖြင့် ခေါင်းပွတ်နေသော ဇေယျကို ကြည့်ကာ တသောသော ရယ်လေသည်။
“ကျွတ်ကျွတ်.. ရုတ်တရက်မို့ပါကွ… မဟုတ်ရင် မလန့်ပါဘူး…ဟွန်း”

ခေါင်းလေး အသာပွတ်၍ ဆင်းလာသော ဇေယျကို တခြားသူများက တဖန်ရယ်ကြပြန်လေသည်။

“ကဲကဲ… အထုပ်အပိုးတွေ အကုန်စုံအောင် ထည့်ပြီးရင် လမ်းလျှောက်ကြမယ်….”
ဒေါက်တာ နိုင်မင်းက အားလုံးကြားအောင် ပြောလိုက်သည်။

“အဲ….ဒါနဲ့ အကိုရ ကျွန်တော်တို့ ကားကို ဒီနေရာမှာ ထားခဲ့လို့ ဖြစ်ပါတယ်နော်…။”
ထင်လင်းက ဒေါက်တာအား မေးလိုက်သည်။
“အင်း ရပါတယ် ဘယ်သူမှ မှ မရှိတာ ဒါပေမယ့် ငါတို့ ဟိုရောက်ရင် အဲဒိကို ရောက်မယ့် ကားလမ်းပေါက်မယ့်လမ်းကို ထပ်ရှာကြမယ်လေ..။ လောလောဆယ်တော့ ဒီနားမှာပဲ ခဏထားခဲ့ပါ..။ ညီတို့ အသုံးအဆောင် ပစ္စည်းတွေ အကုန်စုံအောင် ယူခဲ့လေ….”
“ဟုတ်ကဲ့ ကဲ.. ရဲဘော်တို့ ချီတက်ကြမယ်…”
အဂ္ဂက သူ့ကိုယ်သူ စစ်သားကြီးပုံစံဖြင့် ရင်ကော့ကာ ပြောလိုက်ရာ သူ့အား ကျန်သူငယ်ချင်းများက ငပေါဟု ၀ိုင်း၍ သမုတ်ကြလေသည်။
သို့နှင့် ဒေါက်တာ နိုင်မင်း ဦးဆောင်သော လူငယ်တစ်သိုက်တို့သည် တောအုပ်လေးထဲသို့ အထုပ်အပိုးကိုယ်စီဖြင့် လမ်းလျှောက်ကြလေသည်။

တောအုပ်လေးထဲရှိ အပင်များသည် တမျှော်တခေါ်မြင့်ပြီး ထူထပ်စွာပေါက်ရောက်နေသော အပင်ရိပ်များကြောင့် နေပြောက်ပင် မထိုးပဲ တစ်တောလုံး အုပ်မှိုင်းနေလေ၏။ မြူမှုန်များလည်း နေရာအနှံ့ ဝေသီနေပြီး တောရိပ်ကြောင့်ပဲလား မသိ အေးစိမ့်နေလေတော့သည်။ သူတို့အဖွဲ့သည် တစ်ခါမှ မမြင်ဖူးသေးသော တောတွင်း မြင်ကွင်းကို တအံ့တသြငေးမောနေကြကာ အချင်းချင်း စကားပြောရန် ပင်မေ့လျော့နေကြ၏ ။ ဒေါက်တာ နိုင်မင်းနှင့် အဂ္ဂတို့က မြေပုံလမ်းညွှန်ကြည့်ပြီး ကျန်လူများကတော့ လမ်းတစ်လျှောက်လုံး တွေ့ရသော ရှဉ့်လေးများ၊ ယုန်လေးများ စသည့် တောကောင်လေးများ ပြေးလွှားနေကြသည်ကို ကြည့်ကြရင်း သဘောအကျကြီး ကျနေကြလေသည်။
+++++++


အခန်း(၈)


“၀ါး… မိုက်လှချည်လား အိမ်ကြီးက…”
ဇေယျက တအံ့တသြဖြင့် တောအုပ်အလွန်သို့ အရောက်တွင် ဘွားကနဲမြင်လိုက်ရသော ရှေးဟောင်း ရဲတိုက်ဆန်ဆန် အိမ်ကြီးကို ကြည့်ရင်း ထအော်လေသည်။ ကျယ်ပြန့်လှသော ခြံဝန်းကြီး၏ အလယ်တွင် ခန့်ခန့်ထည်ထည်ကြီး ဆောက်လုပ်ထားသော ဥရောပ ပုံစံရဲတိုက်ကြီးကို သူတို့တဖွဲ့လုံး တအံတသြဖြစ်နေကြသည်။
“ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ ရဲတိုက်ကြီးပုံစံပဲ မိုက်လှချည်လား ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုအဆောက်အဦးမျိုး ဒီတစ်လုံးပဲ မြင်ဖူးသေးတယ်”
ထင်လင်းက ရဲတိုက်ကြီးကို ကြည့်ကာ ဒေါက်တာ နိုင်မင်းကို ပြောလိုက်သည်။
“အင်း.. ဟုတ်တယ်ဗျ…။ ဒါကျွန်တော့် အဖိုးကိုယ်တိုင် ဒီဇိုင်းဆွဲပြီးဆောက်ထားခဲ့တာပေါ့၊ သူက အိုင်ယာလန်မှာ နှစ်အတော်ကြာနေခဲ့တယ်လေ.။ ပြီးတော့ သူသဘောကျခဲ့တဲ့ အဲ့ဒိက ရဲတိုက်တွေ ပုံစံကို နမူနာယူပြီး သူပိုင် လယ်ယာမြေမှာ အဲ့ဒိပုံစံအတိုင်း ဒီဇိုင်းဆွဲပြီး သူ့စိတ်တိုင်းကျ ဆောက်လုပ်ခဲ့တာပေါ့။”

“ဒါဖြင့် .. အကို့အဖိုးက ဘာလုပ်တာလဲဟင် သူက နိုင်ငံခြားက ပြန်လာပြီး ဒီလိုတောထဲမှာပဲ နေခဲ့တာလား”
သဉ္ဖာက ၀င်စပ်စု၏။

“ကျွန်တော့်အဖိုးလား သူက တော်တော် ခန့်မှန်းရခက်တဲ့ထဲမှာ ပါတယ်ဗျ။ ကျွန်တော့် အဖေပြောပြသလောက်တော့ မြို့မှာ အခြေချလောက်အောင် ငွေကြေးရှိပေမယ့်၊ သူက ဒီဘက်တောပိုင်းမှာပဲ တမင်သက်သက်ကို လယ်ယာမြေတွေ ၀ယ်ပြီးတော့ကို နေတာ၊ ဒါပေမယ့် သူ့သားဖြစ်တဲ့ ကျွန်တော့် အဖေကိုတော့ သူ့တောမှာ မနေစေပဲ မြို့မှာ ကျောင်းအိပ်ကျောင်းစားနဲ့ နေစေတယ်။ ပြီးတော့ ထူးထူးဆန်းဆန်း ပညာတွေကို လေ့လာလိုက်စားရတာ ၀ါသနာပါတယ်လေ..”

ရတနာက ကျော်ကျော့်ကို ထူးထူးဆန်းဆန်း ပညာဆိုတာ ဘာကိုပြောပါလိမ့်ဟု အမူအရာ နှင့် မေးရာ ကျော်ကျော်ကလဲ သူနားမလည်ကြောင်း ပခုံးတွန့်ပြသည်။

“ကဲ..ကဲလာသွားကြမယ်လေ…အေးအေးဆေးဆေး နားကြတာပေါ့”
သူတို့အဖွဲ့သည် အထုပ်အပိုးကိုယ်စီဖြင့် ထိုရဲတိုက်ကြီးဆီသို့ ချီတက်သွားကြလေသည်။

“ဟဲ့ သဉ္ဖာ ဘာကိုနောက်ကိုလှည့်ကြည့်နေတာလဲ..”
နောက်သို့ တွန့်ဆုတ် တွန့်ဆုတ် လည်ပြန်ကြည့်နေသော သဉ္ဖာကို ထင်လင်းက မေးလိုက်ရာ
“မသိဘူးဟ… ငါ့စိတ်ထဲ ငါတို့နောက်ကျောကို တစုံတစ်ယောက် စိုက်ကြည့်နေသလို ခံစားရလို့..”

“အာ .. လာပါဟာ ပေါက်ကရတွေ နင်ကလဲ… နင်စိတ်ထင်တာနေမှာပါ.. ပေးနင့်အထုပ်…”
ထင်လင်းသည် သဉ္ဖာ၏ အထုပ်တွေကို ၀ိုင်းကိုင်ပေးရင်း အတူတူတွဲခေါ်သွား၏။ သဉ္ဖာကတော့ လမ်းလျှောက်နေရင်း နောက်ကျောမလုံသလို ခံစားနေရလေတော့၏။
+++++++


ဆက်ရန်.....

Read Users' Comments (0)

လွှင့်ပစ်ခံ ရာသီ

ကောင်ဆိုးမလေးရေ..
မသက်ဆိုင်တော့ဘူး ဆိုပေမယ့်
အဲဒိ အစိမ်းရောင် လမ်းကွေးလေးဟာ
ငါ့ရင်ဘတ် ဧရိယာကို ဖြတ်သန်း သွားနေဆဲပဲ…

ဥပက္ခာ မိုးတွေ ရွာသွန်းနေမှတော့
ငါ့အတွက် က ထီးဆောင်းနေစရာ မလိုတော့ပါဘူး
(စို ချင်ရင်လဲ စိုပါစေတော့လေ…)

ကောင်ဆိုးမလေးရေ…
မင်းဟာ ငါမဖတ်တတ်တဲ့ အက္ခရာတွေနဲ့
သွန်းဆစ်ထားတဲ့ ရင်ခတ်သံစာအုပ်လေးလဲ ဖြစ်ပါရဲ့…

အကြောင်းပြချက် မရှိပဲ မင်းပြောသွားတဲ့
ခွန်းဆက်သံတွေ
ငါ့ အလွမ်းရပ်ဝန်းမှာ တဆစ်ဆစ် မြည်တွန်နေသေးတာပေါ့…

ကောင်ဆိုးမလေးရေ…
ဘ၀မှာ တစ်ခါသေရမှာကို မကြောက်ပေမယ့်
(အသက်ရှင် ရပ်တည်နေတုန်း)
ခဏခဏ နှလုံးသား သေရမှာ ကိုတော့ ကြောက်တယ်

ပုံပြင်လှလှလေးတွေ ပြောတတ်တဲ့ မင်းကြောင့်
ငါဟာ ကြီးကောင်ကြီးမားနဲ့ ပုံပြင်ကြိုက်သူဖြစ်ခဲ့ရတယ်…
(ငါဟာ ယုံတမ်း စကား နားထောင်သူ ဖြစ်သွားလေရဲ့)

တကယ်တော့ ကောင်ဆိုးမလေးရေ…
မင်းပေးတဲ့ အကောင်း အဆိုးတွေက ငါ့ရင်ခုန်သံ ရပ်ဝန်းလေးကို
လာရိုက်ခတ်မိတယ် ဆိုတာ သိရဲ့လား…။
ဘာပဲ ဖြစ်ဖြစ်ကောင်မလေးရယ်…
မင်းငါ့ကို မချစ်နိုင်တော့ ဘူးဆိုရင်တောင်
ငါ့ကို နာကျင်အောင်ဖြစ်ဖြစ် တခုခု လုပ်ပစ်လိုက်စမ်းပါ…
ငါလေ အနည်းဆုံး မင်း ဂရုစိုက် တာလေးနဲ့တင်
ကျေနပ်နေမယ့် ကောင်မို့ပါ…။

Read Users' Comments (4)

အက္ခရာများနှင့် ရပ်ကွက်

အရိပ်ကောင်းသော ဗာဒံပင်ကြီးအောက်တွင် ဆိုက်ကားဂိတ်လေး တခုရှိသည်။ လူတွေက အတင်းပြောဖို့ သူတစ်ပါး မကောင်း ပြောဖို့ ဆိုရင်တချက်လေးမှ တွေဝေ မနေတတ်ပေ။ ဖိုးဇော်သည် အချဉ်ထုပ် တစ်ထုပ် ၀ယ်လိုက်သည်။ သူသည် ဆေးလိပ်ဖြတ်တာ တစ်ပတ် ခန့်ပင် ရှိသေး၍ ခံတွင်းချဉ်လာ၍ ဖြစ်သည်။ လမ်းထိပ်က စိန်ကုလားသည် အကြော်သည် ဒေါ်ကြွယ်အား အကြွေးမပေးသည်မှာ နှစ်လ ခန့်ရှိပြီ။ လူတွေကလဲ လူတွေဖြစ်သည် အမှိုက်မပုံရဆိုသော နေရာတွင်မှ အမှိုက်များ ပယ်ပယ်နယ်နယ် လာပစ်ထားကြသည်။ မီးသတ်ရဲဘော် အောင်အောင်သည် မနေ့က သစ်ပင်ပေါ်မှ ပြုတ်ကျပြီး လက်ကျိုးသွားသည်။ ထိုသစ်ပင်ကို ခုတ်ခိုင်းသူမှာ ဒေါ်အေးသန်းဖြစ်သည် ဟုသိရသည်။ ကျော်မင်းသည် ဘွဲ့ရပြီးသော်လည်း အခုထိ အလုပ်မရှိသေးသူ ဖြစ်၏။ မိုးရာသီ ရောက်လာသဖြင့် ရပ်ကွက်ထဲ သို့ ၀င်သော လမ်းလေးသည် ဗွက်ထနေသဖြင့် ရပ်ကွက်လူကြီး ဦးတင့်ဆွေက နောင်နှစ်မှ စတင်၍ ကိုယ့်အားကိုယ့်ကိုး လမ်းလုပ်တော့မည်ဟု ပြောသည်။

အတင်းပြောတတ်သော ဒေါ်အေးသန်းသည် အသုပ်ရောင်းသူ ဒေါ်မြင့်ကြည် ထံသို့ သတင်း ထူး တခု လာဖောက်သည် ချနေသည်။ မန်ယူဖလားရလို့ ဆိုပြီး ကိုမြင့်ခိုင်က ရပ်ကွက်လုံးကျွတ် မီးခိုးတိတ် အလှူလုပ်သည်။ ရပ်ကွက်ထိပ်တွင် တနေ့ကမှ ပြောင်းလာသော အိမ်သည် မိသားစုသုံး ယောက်သာရှိကြောင်း သိရသည်။ အမှန်က လေးယောက် ရှိသည် ပြော၏။ အကြီးဆုံးသားမှာ သင်္ဘောလိုက်သွားပြီး အငယ်မလေးသာ မိဘနှင့် ကျန်ခဲ့သည်ဟု သိရသည်။ ထိုကောင်မလေးသည် အတော်ပင် ချစ်စရာကောင်းလှသည်။ ယခုနှစ်တွင် ဆယ်တန်း တက်မည်ဖြစ်သော သူ့သားအား ဒေါ်မမ က အကောင်းဆုံးဝိုင်းတွင် သိန်းနှင့်ချီ အကုန်ခံ၍ ထားကြောင်း လူတကာကို ကြွားလုံးထုတ်နေ၏။

မည်သို့ပင်ဖြစ်စေကာမူ လူပျိုကြီး သာထွန်းသည် လူဝတ်ကြောင် စွန့်တော့မည် ဖြစ်ကြောင်း အခိုင်အမာ ပြော၏။ ချိန်လိုက်တိုင်း ပါနေ၍လည်း ဖြစ်နိုင်သည်။ အိမ်ထဲကနေ ငိုယိုပြီး ထွက်လာသော တူးတူးလေးအား ဘာဖြစ်တာလဲလို့ အောင်အောင်က မေးတော့ “အဖေပေါ့ဂျာ အနော်က ဒီအိမ်ကြီး အနော်ဘယ်တော့ ပိုင်မှာလဲ ဆိုတော့ ငါသေမှတဲ့၊ ဒါနဲ့ အနော်က ဒါချို အဖေ ဘယ်တော့ သေမှာလဲ လို့ မေးမိတာ နားရင်းကို ကြယ်တွေ မြင်အောင်ကို ဆော်လိုက်တယ်…ဘာမှန်းလဲ သိပါဘူးဂျာ ဒါလေးမေးမိတာကို” ဟု ပြောကာ ခေါင်းကုတ်ရင်း ကောင်းကောင်းတို့ ကျောက်ဒိုးရိုက်နေတဲ့ နေရာကို ထွက်သွားသည်။ ပိတ်ဆို့နေသော ရေမြောင်းများကြောင့် မိုးသည်းထန်စွာ ရွာသည်နှင့် အိမ်တွေထဲ ရေ၀င်ကုန်တော့သည်။ rapper ရူးရူးနေသော ပေါက်စသည် အလွန်ပူအိုက်သော နေမွန်းတည့်ချိန်ကြီးတွင် သိုးမွှေးအနွေးထည်အပွကြီး ကို ဘောင်းဘီ အပွကြီးနှင့် ၀တ်ကာ တကိုယ်လုံး ချွေးများ ရေချိုးထားသကဲ့သို့ အိုင်ထွန်းနေတော့၏။ ထိုဆိုက်ကား ဂိတ်လေးတွင် ဆိုက်ကား အစင်းရေ ၅၀ခန့် ရှိသော်လည်း အများစုမှာ နေ့ခင်းပိုင်းတွင် ထွက်လေ့မရှိပဲ အိမ်ပြန် တရေးတမော အိပ်ကြသည်က များသည်။ ရပ်ကွက်လူကြီး ဦးတင့်ဆွေသည် ညပိုင်း ၈နာရီကျော်လျှင် ရေချိန်ကိုက်နေပြီ ဖြစ်၏။ ကျော်မင်းသည် အသစ်ပြောင်းလာသော ကောင်မလေးကို လိုက်မည်ဟု သူ့သူငယ်ချင်းများ ကြားတွင် တရားဝင် ကြေငြာလိုက်သည်။

ကိုမြင့်ခိုင်သည် မန်ယူဖလားရသော ပုံအား ဗီနိုင်းလုပ်ကာ သူ့အိမ်ရှေ့တွင် ၀ံ့ဝံ့ကြွားကြွား ချိတ်ဆွဲထား၏။ ဆယ်အိမ်ခေါင်း ကိုမင်းမင်း သည် သူ့အိမ်ရှေ့တွင် တောင်လိုပုံနေသော အမှိုက်မပစ်ရဆိုင်းဘုတ် ဆိုက်ထူထားသော နေရာရှိ အမှိုက်ပုံကြီးကို ကြည့်၍ ဆဲရေးတိုင်းထွာ လုပ်နေသည်။ ဤရပ်ကွက်လေးကို တနေ့တုန်းက လန်ခရူဇာနှင့် လာကြည့်သော သူသည် နာမည်ကြီးကန်ထရိုက်တာ တစ်ဦးဖြစ်ကြောင်း သိရသဖြင့် သူတို့ ရပ်ကွက်ကို ဖယ်ရှားပစ်ပြီး တိုက်ခန်းများ ဆောက်လုပ်တော့မည်လားဟု စိုးရိမ်သူက စိုးရိမ်၍ တိုက်ခန်းများတွင် နေရာပြန်ပေးနိုင်သည် ဟု တွေးကာ ပျော်သူက ပျော်နေကြ၏။

ရေထမ်းသမား စိန်ကုလားအား မည်သူက မြှောက်ပေးလိုက်သည် မသိ မလေးရှားရူးရူးနေကာ ဘုန်းကြီးကျောင်းတွင် အင်္ဂလိပ်စာနှင့် ရပ်ကွက်ထဲရှိ တက္ကစီသမား မလေးပြန်ကြီး ကိုတင်မောင် ထံတွင် မလေးစာတို့ကို အပတ်တကုတ် သင်ယူနေလေတော့သည်။ ဒေါ်မမသည် ဟင်းန်ဖုန်းတလုံးကို ပြီးခဲ့တဲ့ နှစ်ရက်က ဘယ်က ငှားလာမှန်းမသိသော်လည်း ဈေးသွားလျှင်ပင် ညည်းကအေ ငါကအေနှင့် အသံကုန်ဟစ်ကာ ဖုန်းပြောနေလေ၏။ ထို့ကြောင့်ပင် သူ့ကို ရပ်ကွက်က လေဒီဖုန်းဟု တညီတညွတ်ထဲ အမည်သမုတ် လိုက်ကြ၏။ ကျော်မင်းကို သူငယ်ချင်းများက ဆရာသမားဟု ၀ိုင်းသတ်မှတ်လိုက်ကြသည်။ ပေါက်စသည် ရှိုးပွဲတခုတွင် ရက်ပ်အဆိုတော် တစ်ယောက်နှင့် ရင်းနှီးခွင့်ရသဖြင့် အပျော်ကြီးပျော်နေ၏။ ဆယ်အိမ်ခေါင်း ကိုမင်းမင်း အိမ်ရှေ့မှ အမှိုက်ပုံကြီးအား စည်ပင်မှ လာရောက်ကျုံးသွား၏။ နောက်ထပ် မည်သူမှ အမှိုက်မပုံရတော့ကြောင်း၊ ပုံတာ တွေ့ရင် ဒဏ်တပ်မည်ဖြစ်ကြောင်း ရပ်ကွက်လူကြီး ဦးတင့်ဆွေက တချက်လွှတ် အမိန့်ထုတ်ပြန်လိုက်သည်။ ကိုသာထွန်းသည် မနက်ကပင် ရပ်ကွက်ဘုန်းကြီးကျောင်းတွင် ရဟန်းခံလိုက်လေ၏။ သူ့အား မည်သူမှ သာဓုမခေါ်ကြပေ။ ဗာဒံပင်ကြီးအောက်တွင် ချိန်းတွေ့နေသော စုံတွဲလေး တစ်တွဲရှိ၏။ ထို့နောက် မိုးများ သည်းထန်စွာ ရွာသွန်းသောကြောင့် ရပ်ကွက်လေးသည် ရေလျှံကုန်တော့သည်။

Read Users' Comments (2)