မုံရွာ-မန္တလေး

တရိပ်ရိပ်....
ပြီးတော့ တရိပ်ရိပ်
တဖက်တချက်ဆီက
အစိမ်းရောင်ကားချပ်တွေ
ရွေ့လျားသွားကြ
ဝင်လိုက် ထွက်လိုက်ရယ်နဲ့...
မြို့အထပ်ထပ်....တောအထပ်ထပ်ကိုဖြတ်ခဲ့
ညီအကိုမသိတသိအချိန်မှာပဲ
အလိုမတူတဲ့မြို့ဟာ
လင်းချင်းနေတယ်
အိပ်မှုန်စုန်မွှားနဲ့ ညဦးယံမှာ
သမိုင်းရာဇဝင်တွေထဲ ဝင်လိုက် ထွက်လိုက်
ပြီးတော့ ငတ်မွတ်ခေါင်းပါးမှုတွေ အကြောင်းနှင့်
ဆင်းရဲမွဲတေမှု အကြောင်း......
ချမ်းအေးအေးနဲ့ အမှောင်ထုက လွှမ်းခြုံနေတုန်း
တုတ်တုတ်တွေ က မုံရွာကနေ ဆီးကြိုလို့
မင်္ဂလာပါ ဒါဟာ ဖေဖေ့ ဇာတိလဲ ဖြစ်ပါရဲ့
မန်ကျည်းပင်တန်းတွေနဲ့ အညာဟာ
သူတို့ရိုးဂုဏ်ကို သူတို့ ဖော်ပြနေတယ်။
သူတို့ က ပွင့်လင်းကြတယ်
သူတို့ဟာ ရက်ရောကြတယ်
သူတို့ဟာ ဘာသာတရားကို ကျွန်တော်တို့ထက် ကိုင်းရှိုင်းကြတယ်။
သူတို့က ဖော်ရွေကြတယ်
သူတို့က ရှေးရိုးဆန်ကြတယ်
ကျွန်တော်ဟာ အညာသား တစ်ယောက်ရဲ့သား ဖြစ်တယ်
ကျွန်တော်ဟာ အညာမြေကို ချစ်တယ်။
အညာမြေက ကျွန်တော်တို့ ကို ဘာလုပ်သင့်တယ်ဆိုတာ သင်ကြားပေးလိုက်တယ်။
မန်းမြို့ဟာ ဂျင်းပန် ဝတ်ပြီး ခေါင်းပေါင်းဆောင်းထားတာနဲ့ တူတယ်
နန်းမြို့ရိုးဆီက အတိတ်သမိုင်းတွန်သံတွေ
နားနဲ့ဆပ်ဆပ် မကြားရတော့လောက်အောင် ကျွန်တော်တို့ မေ့လျော့လို့
ပျားပန်းခတ်နေတဲ့ ဆိုင်ကယ်တွေ
ရှေ့တပြဆိုတာတွေ
လေးဘီးကား ကလေးတွေ
ဈေးချိုနဲ့ နာရီစင်တွေက သူတို့ကိုယ်သူတို့ မန္တလေးသားလို့ ဂုဏ်ယူကြတယ်။
လှုပ်လီလှုပ်လဲ့ သမ္ဗာန်လေးတွေကို
မိခင် ဧရာဝတီ က သယ်ပိုးပေးထားတယ်
ဟိုးခပ်လှမ်းလှမ်းဆီမှာတော့ မင်းကွန်းတောင်တန်းလွှာတွေက
မတ်မတ်ရပ်နေကြရင်း လောကသစ္စာတရားတွေကို သင်ကြား ပြသပေးနေရဲ့
ကျွန်တော်တို့ သာသနာ့ ယဉ်ကျေးမှု ပြယုဂ်တွေကို
နိုင်ငံရပ်ခြားသားတွေက ကြည့်လို့ရှုလို့ ရိုက်လို့ကူးလို့
တဒေါင်ဒေါင်မြည်ဟီးနေတဲ့ မင်းကွန်း ခေါင်းလောင်း သံနှင့် အတူ
နေပူပူ မြေကြီးပေါ်က
ဖိနပ် မပါတဲ့ ကလေးငယ်တွေက
'Good Afternoon' တဲ့
'Bonjour'တဲ့
မိခင်ဧရာဝတီက နှုတ်ဆိတ်နေတယ်
ကျွန်တော်တို့လည်း နှုတ်ဆိတ်နေတယ်
အရာအားလုံးက မတိတ်ဆိတ်ပေမယ့် တိတ်ဆိတ် နေကြတယ်
ကျွန်တော်တို့မှာ ပြောစရာတွေ ကိုယ်စီရှိနေခဲ့ကြတယ်။
တဂျုံးဂျုံးထနေတဲ့ ရထားကြီးက
မန်းမြို့ကြီးကို လက်ပြနှုတ်ဆက်ခဲ့တယ်
ညကတော်တော်လေး မှောင်ရီလို့
တရိပ်ရိပ်....
ပြီးတော့ တရိပ်ရိပ်……။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
August 2, 2009 at 7:40 PM
Wow very nice poem. :)
August 9, 2009 at 3:51 PM
ဂျင်းပန်ဝတ်ပြီး ခေါင်းပေါင်းဆောင်းထားတဲ့မြို့...
မီနီစကပ်ဝတ်ပြီး ဘီးဆံပတ် ပတ်ထားတဲ့မြို့...
မင်းယွန်းကဗျာ ဖတ်ပြီး မန်းလေးရောက်တုန်းက အကြောင်းလေးတွေ ပြန်သတိရတယ်...:)