twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အစဉ်အလာမပျက် Blog Day အစီစဉ်ပြုလုပ်မည်

သြဂုတ်လ ၃၁ ရက်နေ့ဟာ တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ world blog day ဖြစ်ပါတယ်။ Blog Day ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြီးခဲ့သော ၂၀၀၇ ခုနှစ်တုန်းကတော့ ပထမဦးဆုံး မြန်မာဘလော့ဂ်ကာတွေ စုံစုံညီညီနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒိမတိုင်ခင်မှာပဲ ကျွန်တော်တို့ မြန်မာဘလော့ဂ်ကာတွေ စုစည်းပြီး မြန်မာပြည်မှာ ဘလော့ဂ် နည်းပညာ ပြန့်ပွားရေး နှင့် ကမ္ဘာအရပ်ရပ်က blogging လုပ်နေတဲ့ မြန်မာလူငယ်တွေ ပေါင်းစည်းညီညွှတ်စေရန် ရည်ရွယ်ပြီး Myanmar Blogger Society ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့လေးဟာ အမှန်တကယ်တော့ အိုင်တီပေါ်အခြေခံပြီး blogging ၀ါသနာတူရာ သူငယ်ချင်းတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့လေးသာ ဖြစ်ပြီး မည်သည့် အရောင်မှ ဆိုးထားတဲ့ အဖွဲ့ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီအဖွဲ့လေးမှာ (အမှန်တော့ အဖွဲ့ဆိုတာထက် society လေးသက်သက်ပါ။ မြန်မာလို ဘယ်လို သင့်လျော်အောင် ဘာသာပြန်ရမှန်း မသိပါဘူး) ပါဝင်တဲ့ ဘလော့ဂ်ကာ သူငယ်ချင်းများရဲ့ ၀ိုင်းဝန်း ကြိုးပမ်းမှုကြောင့်ပဲ ၂၀၀၇ ခုနှစ် မြန်မာဘလော့ဂ်ဒေးကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၀၈ မှာတော့ ကျွန်တော်တို့ အကြောင်းကြောင်းသော အခက်အခဲများ ကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

ဘလော့ဂ်ဒေးပြန်လည်ကျင်းပမည်


၂၀၀၉ခုနှစ် မှာတော့ Blog Day ကို ပြန်လည်ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ သြဂုတ်လ ၄ရက်နေ့ မနေ့ကတော့ ရန်ကုန်က မြန်မာ ဘလော့ဂ်ကာအချို့ တွေ့ဆုံခဲ့ပြီး ဘလော့ဂ်ဒေး အတွက် လိုအပ်တဲ့ အစီစဉ်တွေကို ဆွေးနွေးတိုင်ပင် ဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဘလော့ဂ်ဒေးကို စီမီနာလိုမျိုးသီးသန့် လုပ်တာ မျိုးထက် မြန်မာ ဘလော့ဂ်ကာတွေနဲ့ အခြားသော အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်းများ တွေ့ဆုံကြမယ့် တွေ့ဆုံပွဲ လေးနှင့် အတူ လေ့လာရေးခရီးစဉ် ပါ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဆွေးနွေးဖြစ်ခဲ့


မနေ့က တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာတော့ ကိုညီလင်းဆက်၊ ကိုမျက်လုံး၊ စိုးဇေယျ၊ ရွှေမြတ်၊ idulize၊ ကိုပီကေ၊ ကိုကျော်ဇေယျ၊ မပင့်ဂိုးလ်၊ မဘာညာ၊ ဖိုးသူတော်နှင့် ကျွန်တော် မင်းယွန်းသစ်တို့ တက်ရောက် ခဲ့ကြပြီး ဧည့်သည်တော် အနေနဲ့ MOSN (Myanmar Orphan Support Network) မှ အဖွဲ့ဝင် တယောက် ဖြစ်တဲ့ မခင်မြတ်မြတ်နိုင်လဲ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက် အရ ကျွန်တော်တို့ အဖွဲ့ရဲ့ တစ်ဦးချင်းစီ တာဝန်တွေကတော့

မပင့်ဂိုးလ်- ပြန်ကြားရေး
ကိုညီလင်းဆက်- ဘဏ္ဍာရေးနှင့် အကျီင်္တံဆိပ်ရိုက်
စိုးဇေယျ၊ ကိုကျော်ဇေယျ၊ မင်းယွန်းသစ်- Game & Quiz
ကိုပီကေ၊ idulize - စတေကာ
မဘာညာ- ဗီနိုင်း
ဖိုးသူတော်-ဧည့်ခံကြိုဆိုရေး တို့ ဖြစ်ကြပါတယ်။

Register လုပ်ဖို့ လိုအပ်ပါတယ်



တွေ့ဆုံပွဲလေးကို တက်ရောက်ဖို့ အတွက် register လုပ်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အစီအစဉ်ကို နှစ်ပိုင်းခွဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမ အစီစဉ်ကတော့ ဘလော့ဂ်ကာတွေနဲ့ တခြား အွန်လိုင်းမှ တက်ရောက် ချင်တဲ့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး တွေ့ဆုံကြမယ့် အစီစဉ်ဖြစ်ပါတယ်။ ဒုတိယ အစီစဉ်ကတော့ လေ့လာရေး ခရီးစဉ် ဖြစ်ပါတယ်။ ညအိပ်ခရီး လိုက်နိုင်သူနဲ့ မလိုက်နိုင်တဲ့သူများ အတွက် အဆင်ပြေ စေဖို့ပါ။ ပထမ အစီစဉ်နှင့် ဒုတိယ အစီစဉ်များတွင် ပါဝင် တက်ရောက် လိုသူများ register လုပ်ချင်ရင်တော့ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ကလီမှတ်တိုင် အနီး၊ “သင်အာ” စားသောက်ဆိုင် ကပ်လျက်ရှိ Activator Internet Cafe` မှာ သွားရောက် စာရင်း ပေးသွင်းနိုင်ပါတယ်။ Register လုပ်ပြီး တက်ရောက်မယ့် သူငယ်ချင်းတွေ အတွက် Blog Day အထိမ်းအမှတ် အကျီများနှင့် အမှတ်တရ လက်ဆောင်များကို ပေးမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းခြင်းကို သြဂုတ်လ ၂၂ရက်နေ့ အထိသာ လက်ခံမှာ ဖြစ်ပါတယ်။ Registration လုပ်ရန် အသေးစိတ် အချက်အလက်များကိုတော့ ထပ်မံ အသိပေးပါအုံးမယ်။

နေရာနှင့်အချိန်


နေ့ရက် - 29 - Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)
အချိန် - တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ
ခရီးစဉ် @ ည (10) နာရီ
နေရာ - ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။
(မပင့်ဆီမှ ဤအချက်အလက်များ ပြန်လည် ဖော်ပြပါသည်။)

Srikhettra 2.0


ကိုပီကေ ရဲ့ ခရီးစဉ်နာမည် အကြံပေးချက်ကို ကိုညီလင်းဆက်နှင့် ကျွန်တော် ထပ်မံ မွမ်းမံ လိုက်တာ Srikhettra 2.0 ဖြစ်သွားပါတယ်။ ကျွန်တော်တို့ လေ့လာရေး ခရီးစဉ်ဟာလဲ သရေခေတ္တရာ မြို့ဟောင်း တည်ရာ ပြည်မြို့ပါပဲ။ သြဂုတ်လ၂၉ရက်နေ့ ညမှာ ခရီးစဉ်စမှာ ဖြစ်ပြီး ၂ညအိပ် ၃ရက်ခရီး ဖြစ်ပါမယ်။ ကားစင်းလုံးငှားကာ တပျော်တပါး knowledge sharing ပြုလုပ်ရင်း သွားကြမှာပါ။ ညအိပ် ခရီး လိုက်ပါမယ့် သူတွေ ကတော့ အိပ်ဆောင်ပိုက်ဆံ အနေနဲ့ တစ်ဦးကို ပျမ်းမျှ ၁၅၀၀၀ မှ ၂၀၀၀၀ လောက်တော့ ဆောင်ယူလာဖို့ လိုအပ်ပါလိမ့်မယ်။

ဒုတိယ အကြိမ်မြောက် ဘလော့ဂ်ဒေး အထိမ်းအမှတ် ပွဲလေးကို စိတ်ဝင်စားသူ အွန်လိုင်းမှ သူငယ်ချင်းများ မည်သူမဆို စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါ ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။



Read Users' Comments (4)

4 Response to "အစဉ်အလာမပျက် Blog Day အစီစဉ်ပြုလုပ်မည်"

  1. Anonymous Says:
    August 5, 2009 at 8:29 PM

    လာခဲ့မယ်လေ...လေယာဉ်လက်မှတ် ၀ယ်ပေးမှာလား...အသွားအပြန် မရတောင် တကြောင်းလောက်ဆို ရပါပြီ.. . ကြားတာနဲ့တင် ပျော်စရာ ကောင်းနေပြီ...
    ပွဲ ဖြစ်မြောက်ပါစေ...

    mie nge

  2. စိုင်းစိုင်းလားရှိုး says:
    August 7, 2009 at 11:13 AM

    လာချင်လိုက်တာနော်

  3. နှင်းဟေမာ says:
    August 8, 2009 at 2:21 PM

    အမှန်တစ်ကယ် တက်ရောက်ဖို့စိတ်ဝင်စားပါတယ် .....။
    အင်း ........ မြန်မာပြည် မပြန်နိုင်ခဲ့တဲ့ နှစ်၊လ၊ရက်တွေ တောင် ကြာခဲ့ပါပြီ ....။တစ်နှစ်နှစ်မှာ တော့ ဆံတွေ့ဖို့မျှော်လင့်မိပါတယ် ...။

  4. Anonymous Says:
    December 12, 2009 at 5:04 PM

    well.. it's like I said!