twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ရန်ကုန်အသင်း နိုင်ပွဲစတင်ရ


Yangon United F.Cphoto source:www.soccermyanmar.com
ပြီးခဲ့တဲ့ အပတ်က သုဝဏကွင်းထဲက MNL ဖွင့်ပွဲကို ကြည့်ဖို့ အားခဲထားပေမယ့် အကြောင်းကြောင်း ကြောင့် မကြည့်ဖြစ်လိုက်ဘူး။ ဒါပေမယ့် MRTV က ဒီပွဲကို လွှင့်မယ်ဆိုလို့ ကျွန်တော် တစ်ယောက် တောင်ဒဂုံစက်ရုံ ကနေ အပြေးအလွှား ၃နာရီလောက် ပြန်လာခဲ့တယ်။ တောင်ဒဂုံကနေ မြောက်ဒဂုံဘက်ကို လာတာ မိနစ် ၄၀ လောက် ကြာတော့ အိမ်လဲ ပြန်ရောက်ကော ဖွင့်ပွဲတွေတောင် မကြည့်လိုက်ရဘူး။ ဘောလုံးပွဲတောင် စတော့မယ်။ တီဗီထဲမှာ ကြည့်ရတာတော့ ဘောလုံးပွဲ ကြည့်ပရိသတ် တွေဟာ သုဝဏကွင်း လေးဘက်လေးတန် အကုန်လုံး ပြည့်နှက်နေ တာပါပဲ။ “ရန်ကုန်.. ရန်ကုန်..” ဆိုပြီး အားပေးနေတာ အားရစရာပါပဲ။

ဒီနေ့ ကန်မှာက စီးပွားကူးသန်းကို အခြေပြုထားတဲ့ ဇေယျာရွှေမြေ အသင်းကို ဆိုတော့ ခြေစွမ်း လျှော့တွက် ထားလို့ မရတဲ့ အသင်းတစ် သင်းဖြစ်ပြီး ရန်ကုန် အသင်းရဲ့ လူထုတ်ပုံကို ကျွန်တော် စိတ်ဝင်တစား ကြည့်မိပါတယ်။ ပွဲစတော့ ဘောလုံး ပိုင်ဆိုင်မှုကို ဇေယျာရွှေမြေက ပိုများနေပြီး ရန်ကုန်ဘက်ကို မကြာခဏ ထိုးဖောက်ပါတယ်။ ရန်ကုန် အသင်းဟာ ပထမပိုင်းရဲ့ အဦးပိုင်း မိနစ်တွေမှာ ဇေယျာရွှေမြေရဲ့ ဖိအားပေးခြင်းကို ခံနေရပါတယ်။ ဇေယျာရွှေမြေ အသင်းက ညာတောင်ပံ ဘက်က ကျော်ကိုကို ကို အထူး အားပြု ကစားတာကို တွေ့ရပါတယ်။ ရန်ကုန်ဘက်ကတော့ မျိုးမင်းထွန်းက တောင်ပံဘက်ကနေ တော်တော် လေး ထိုးဖောက်ပါတယ်။ ပထမပိုင်းမှာ သူတင် ကိုယ်တင် ကစား ကြပေမယ့် ဘောလုံးတွေက ကွင်းလယ်မှာတင် တ၀ဲလည်နေတာ များပြီး ဂိုးပေါက် ဆီကိုတော့ ဘယ်သူမှ သွင်းယူနိုင်ခြင်း မရှိခဲ့ဘူး။

ဒုတိယပိုင်း ကျတော့ ရန်ကုန်အသင်းဟာ တိုက်စစ်ကို အနည်းငယ် မြှင့်ကစား ပါတယ်။ ကျော်သူရ နည်းနည်း ပိုလှုပ်လာပြီး ဘယ်ညာ တောင်ပံတွေကို ဖြန့်ကစား ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပြီး သိပ်မကြာခင် မှာပဲ ရန်ကုန် ယူနိုက်တက် အသင်း ထောင့်ကန်ဘော ရတာကနေ တဆင့် မျိုးမင်းထွန်းက ဇေယျာရွှေမြေဘက်ကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ ဇေယျာရွှေမြေဟာ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ရာဇာဝင်းသိန်းနဲ့ ရှေ့တန်း တိုက်စစ်မှူးများက ဂိုး အဖြစ် ပြောင်းလဲ နိုင်ခြင်း မရှိခဲ့ကြပါဘူး။ ဒုတိယပိုင်း ပွဲတ၀က်လောက်မှာ ရန်ကုန် ယူနိုက်တက် အသင်းမှာ နိုင်ငံခြားသား တိုက်စစ်မှူး မက်ဆပို ကို ရှေ့တန်းမှာ ထည့်သွင်း ကစားခဲ့ပြီး ၄-၄-၂ ကနေ ၄-၃-၂-၁ ကို ပြောင်းကစားခဲ့ပါတယ်။ နိုင်ငံခြားသား တိုက်စစ်မှူးကို အရှေ့မှာ အထောင် ကစား စေပါတယ်။ အဲ့ဒိနောက်တော့ ရန်ကုန်ယူနိုက်တက် အသင်းဟာ ဇေယျာရွှေမြေ အသင်းကို ဖိကစား နေပြီး ဇေယျာ ရွှေမြေ အသင်းမှာ တချက်တချက်မှသာ ကောင်တာ ပြန်ကစား ခဲ့ပါတယ်။ ဒီလို ကစားနေရင်းက (ဆောရီးပါ မိနစ်တွေကို ကျွန်တော် မမှတ်မိပါဘူး :) ) ရန်ကုန် အသင်းဟာ ဇေယျာရွှေမြေရဲ့ ဘီကုတ် စက်ဝိုင်း နားကနေ တဆင့် လွတ်ထွက်လာတဲ့ ဘောလုံးကို အလယ်တန်း ကစားသမား ကြည်လင်းက ဇေယျာရွှေမြေ နောက်တန်းကို လိမ်ခေါက်ကာ အပြင်းကန် သွင်းခဲ့ပြီး ဂိုးဘားတန်းအောက် အနည်းငယ်အကွာ ကို ၀င်သွားပါတယ်။ ဒီတစ်လုံးဟာ တော်တော်လဲ ကစ်ပြင်း ပြီး လှပတဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်။ ရန်ကုန် အသင်းဂိုး သွားတော့ ပွဲအေးနေလို့ ငြိမ်နေတဲ့ ပရိသတ်ဟာ တဖြည်းဖြည်းနဲ့ ပြန်ဆူလာပြီး ရန်ကုန် ရန်ကုန် ဆိုတဲ့ အသံတွေ ကွင်းလုံးပြည့် ပြန်ညံလာပါတော့တယ်။ အဲ့ဒိနောက် ဇေယျာရွှေမြေအသင်းက ချေပဂိုး ပြန်လည် ရဖို့ တစ်သင်းလုံး နီးပါး ဖိကစား လာပြန်ပါတယ်။ သို့သော်လည်း ရှေ့တန်း တောင်ပံမှာ ကျော်ကိုကို၏ ဖန်တီးပေးသော ဘောလုံးများကို တိုက်စစ်မှူးများက ဖြုန်းတီး ပစ်နေတဲ့အတွက် ဂိုးမရရှိပဲ ဖြစ်နေခဲ့ပါတယ်။

ဒိနောက်မှာတော့ ရန်ကုန်အသင်းက ဘောလုံး ပိုင်ဆိုင်မှု ခပ်များများ ရရှိပြီး ကောင်တာ ကနေ တဆင့် ဘယ်တောင်ပံမှ မျိုးမင်းထွန်းမှာ နောက်တန်း ကစားသမားတွေကို ကျော်လွှားကာ ရှေ့တန်းမှာ မက်ဆီပို ကို ထိုးပေးလိုက်ရာ အပြင်းပိတ်ကာ ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးတော့ ကြည်လင်းကပဲ ဘီးကုတ် စက်ဝိုင်း ၁၇ကိုက် စည်း နောက်တန်းလူတွေ ရှုပ်ထွေးနေတဲ့ ကြားကနေ ကန်ချက်ပြင်းပြင်းနဲ့ ကန်တာ ဘားရှော့ လို့ ခေါ်တဲ့ ခုနက သူသွင်းယူခဲ့တဲ့ အလုံးလိုပဲ ဂိုးဘားတန်း အောက်ဘက်သို့ ခပ်ပြင်းပြင်း ၀င်သွားပြီး ဂိုးသွားပြန်ပါတယ်။ ပွဲပြီးတော့ ရန်ကုန်ယူနိုက်တက် အသင်းက ဇေယျာရွှေမြေအသင်းကို လေးဂိုး ဂိုးမရှိ ဖြင့် အနိုင်ရသွားပါတယ်။ ကွင်းလုံးကျွတ် အားပေးကြတဲ့ ပရိသတ် နည်းတူ ကျွန်တော်လဲ ရန်ကုန်အသင်းနိုင်တဲ့အတွက် ပျော်ရွှင်ခဲ့ပါတယ်။ (မသွားလိုက်ရ တာတောင် နှမြောမိတယ်။)

ဒီနေ့ ကျွန်တော် သတိထားမိတာတော့ ပရိသတ်များ တခဲနက် အားပေးကြသော်လည်း စည်းကမ်းတကျ အားပေးတာကို တွေ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘောလုံး အသင်းတွေကို ပရိုအဖြစ် ပြောင်းလဲ သလို ပရိသတ်များကလဲ ပရိုဆန်ဆန် အားပေး ကြဖို့ မျှော်လင့်ပါတယ်။ ဒီလို စည်းကမ်းရှိတာလေး တွေ့တော့ ကျွန်တော်တို့တွေ တဖြည်းဖြည်း ဖြစ်လာကြတော့မှာပါလို့ ၀မ်းသာ ပီတိဖြစ်မိပါတယ်။ ဖွင့်ပွဲကို မကြည့်ဖြစ်လိုက် ရပေမယ့် ရန်ကုန်ယူနိုက်တက် အသင်း ကန်မယ့် နောက်ပွဲတွေကိုတော့ တတ်နိုင်သလောက် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဟဲ ကင်မရာ တဖျတ်ဖျတ်နဲ့ ဓာတ်ပုံတွေလဲ နောက်ဆို ဘလော့ဂ်မှာ တင်ပေးမယ်နော်။ အခုတော့ ဘုန်းဘုန်းဦးကု ရပ်ဝေး ခရီးကြွသွားတာကို ကူညီပေးလိုက်လို့ လောလောဆယ် ဘယ်ပွဲမှ ဓာတ်ပုံ မရိုက် ပေးနိုင်တာ နားလည်ပေးကြပါနော်။ ကဲကဲ မောင်မင်းယွန်းရဲ့ တီဗီကြည့်ပြီး ရေးတဲ့ ဘောလုံး ဆောင်းပါး ဒီမှာတင် နိတ္ထိတံပါကြောင်း..။ :P

Read Users' Comments (2)

2 Response to "ရန်ကုန်အသင်း နိုင်ပွဲစတင်ရ"

  1. MyMetro says:
    May 17, 2009 at 11:02 AM

    ဒီတစ်ပွဲတော့ ရှိစေတော့ မောင်မင်းယွန်း..။ နောက်ပွဲတွေမှာ ဖိုတိုတိုလီရဲ့ လက်စွမ်းတွေကို မမြင်ရရင်တော့... တိုလီကို ငိုရီငိုရီဖြစ်သွားအောင် လုပ်ပစ်မယ်...။

  2. Taungoo says:
    May 17, 2009 at 11:23 AM

    နောက်ပွဲတွေလည်း ဆက်လက် ရေးပါဗျာ
    ပုံတွေပါ မြင်ပါရစေ