နောက်ဆုံးပေါ်-အပိုင်း(၄)
အခန်း(၈)
“အတုလ ကျောင်းတော်”
ကြီးမား ကျယ်ပြန့်လှသော ကျောင်းဝင်းနံရံကြီး ရှေ့သို့ အရောက်တွင် ကျွန်တော်တို့ နှစ်ယောက် ရပ်တန့်လိုက်ကြသည်။ ကျောင်းတော်ကြီး၏ ၀င်ပေါက်ဟု ထင်ရသော ဆိုင်းဘုတ်၏ အောက်တည့်တည့် တွင်ကား စာတမ်း တခု ချိတ်ဆွဲထား၏။
“ဤနေရာတွင် အစစ်ဆေးခံပါ”
ကြောင်မျိုးက အသံပြုလိုက်သည်။
“ဗျို့... အန်နီးဘတ်ဒီ ဟီးယား..”
ပြောင်ချောနေသော နံရံဆီမှ မိုက်ခရိုဖုန်း ၂ခု ထွက်လာပြန်သည်။
“အသံစစ်ဆေး ခံပါ..” (ကွန်ပြူတာမှ အသံ)
လုံခြုံရေး စနစ်မှာ အလွန် တင်းကျပ်လှပြီး စနစ်ကျလှသည်။ ၎င်း မိုက်ခရိုဖုန်းသည် ကျွန်တော်တို့၏ အသံကို စစ်ဆေးပြီးနောက် ကွန်ပြူတာထဲမှ စာရွက်၂ရွက် ထွက်လာသည်။
“စုံထောက် ကြောင်မျိုး နှင့် တန်ပြန်ထောက်လှမ်းရေး အရာရှိ မင်းယွန်းတို့ ခင်ဗျား.. သင်တို့ရှေ့မှ နံရံကို သုံးချက်ခေါက်လိုက်ပါ”
စာရွက်ထဲမှ ညွှန်ကြားသည့် အတိုင်း ကျွန်တော်တို့ ၂ယောက်စလုံး နံရံကို ခေါက်လိုက်ကြသည်။ ထို့နောက် အထဲမှာ ကပ္ပိယ တဦးမှ တံခါးဖွင့်ပေးလေသည်။ သေဟဲ့ နန္ဒိယ..။ ကြောင်မျိုးက မကျေမနပ်နှင့် တီးတိုးပြောလိုက်သည်။
“ဟွန်း .. အစောကတည်းက ဟေ့ ဘယ်က လူတွေလဲလို့ တခါတည်း မေးလိုက်ပြီးရော... အပိုတွေလျှောက်လုပ်နေတယ်..”
ကပ္ပိယက မှင်သေသေဖြင့် မေး၏။
“ဆရာတော်နဲ့တွေ့ချင်လို့လား..”
ဟုတ်မှန်ကြောင်း ပြောလိုက်သောခါ ၎င်းက ကျွန်တော်တို့အား အထပ် ၅၀ခန့်ရှိ သာသနာပိုင် ကျောင်းတော်ကြီးအား ခေါ်သွားလေတော့သည်။ ကျောင်းတော်ကြီး၏ တံစက်မြိတ်အောက်သို့ အရောက်တွင် ..ကပ္ပိယကြီးက နံရံမှ ခလုပ်တခု နှိပ်လိုက်ရာ မြေပြင်ပေါ်မှ လေးထောင့် သဏ္ဍာန် အပြားတခု ပေါ်လာလေသည်။
“တယောက် အရင်တက်ပါ..”
“ဒါက ..ဘာတုန်း.. တက်ပြီး ဘာလုပ်ရမှာလဲ..”
“စပရင်း တွန်းပြားပဲ သွားချင်တဲ့ အထပ်ကို ခလုတ်နှိပ်လိုက်တာနဲ့ ကိုယ့်လူတို့ကို စပရင်းနဲ့ အပေါ်ကို တွန်းမြှောက်လိုက်လိမ့်မယ်..”
အမယ်လေး အသဲယား စရာပါလား။ အသဲယားသော်လည်း မလုပ်လို့က မဖြစ် ဆရာတော်နှင့် တွေ့မှ ဖြစ်မည်မို့ အရဲကိုးပြီး စပရင်းအပြားပေါ်တက်လိုက်သည်။ နံပါတ် ၂၀ကို နှိပ်လိုက်သည်နှင့် တပြိုင် နက် ၀ှီးကနဲ အပေါ်သို့ အသဲအေးစွာ မြောက်တက်သွားသည်။ အထပ် ၂၀ ပြတင်းပေါက် တည့်တည့်သို့ ရောက်သည်နှင့် အတွင်းမှ ညှပ်ကြီးတခု က ရုတ်တရက် ဆွဲညှပ်ပြီး အတွင်းသို့ ဆွဲသွင်းသွား၏။ အောင်ညတ်လေး ညင်သာလိုက်တာနော်ဟင့်။ ကျွန်တော်နှင့် မရှေးမနှောင်းပင် ကြောင်မျိုးလဲ ထိုသို့ ရောက်လာ၏။
ထို့နောက် ညှပ်ကြီးက ထိုင်ခုံပေါ်သို့ အသာအယာ ပြန်ချပေး၏။ အခန်း၏ အနေအထားကို သေချာကြည့်လိုက်တော့မှ မျက်နှာကျက်ပေါ်တွင် ခေါင်းလောင်းများ တပ်ဆင်ထားသည် ကို တွေ့ရ၏။ လေတိုက်တိုင်း ထိုခေါင်းလောင်းလေးများ တညီတညာ တည်း မြည်နေကြသဖြင့် နားထောင်လို့ပင် ကောင်းနေသေးတော့သည်။ ခဏနေတော့ ရိပ်ခနဲ တွေ့လိုက်ပြီး ကျွန်တော် တို့ရှေ့တွင် ဆရာတော်ကြီး ဦးကုမာရ ရုတ်ခြည်း ပေါ်လာလေသည်။
“ကိုင်းဒကာတို့ ဘာကိစ္စရှိသလဲ ကျုပ်လောကီ ကိစ္စတွေ စွန့်ပယ်ထားတာ ကြာပြီ။ အခုတော့ ဒကာတို့က နိုင်ငံတော် တာဝန်နဲ့ လာပုံရတယ်။ အချိန် ၁၀မိနစ် ပေးနိုင်တယ်။”
ဆရာတော်ကြီးက ခပ်တိုတိုပင် မိန့်လေသည်။
“ဒီလိုပါ ကီးစိန် ဆိုတဲ့ သူက ဒီအတုလ ကျောင်းတော် က ထွက်တယ်လို့ သိရပါတယ်။ အဲ့ဒါ သူ့ကိုယ်ရေး အချက်အလက်လေးတွေ လိုချင်လို့ပါ ဘုရား”
ဆရာတော်ကြီး ဦးကုမာရက တစုံတခု အလေးအနက် စဉ်းစားနေပြီး..
“အိမ်း.. ကျုပ်လဲ ကြားတယ် ဒကာတို့ ကီးစိန် အတော် သောင်းကျန်းဆိုးသွမ်းနေတယ် ဆိုလားပဲ။ ဟုတ်တယ် ကီးစိန်က ဒီကျောင်းတော်က ထွက်သွားတဲ့ သူပဲ။ ဒါပေမယ့် သူ့နာမည် အရင်းက ကီးစိန် မဟုတ်ဘူး။ သူ့နာမည် အရင်းက ဖိုးသူတော်တဲ့။ ဒီကျောင်းမှာ လက်တိုလက်တောင်း ခိုင်းတာ ပေါ့ကွယ်။ အင်း.. အပေါင်းအသင်းပေါ့ .. အပေါင်းအသင်း မှားတာပေါ့။ ဦးဇင်း အတန်တန် ဆုံးမပါရက် ဟို ဗိုက်ပူပူ ကောင် လူမိုက်လိုလို ဥပဓိရုပ်နဲ့ ဗိုလ်ဝ ဆိုလား စိုးဇီယျ ဆိုလား အဲ့ဒိကောင်တွေနဲ့ သွားပေါင်းတာကိုး...။ ဒါနဲ့ သူက အဆွယ်ကောင်း ပြီး ဝေါ့ပရက်စ် နိုင်ငံမှာ ဂဟေ သွားဆော်မယ် ဆိုလား ပြောပြီး ဒီက ထွက်သွားတာပဲ။ ကြာပါပြီ ကြာလှပေါ့.. ၁၀နှစ်လောက်တောင် ရှိရော့မယ်.. ကဲကဲ.. တာဝန်ရှိသူတွေက တောင်းတယ် ဆိုတော့လဲ ပေးရတာပေါ့ ဘယ်သူမပြု မိမိမှု ပေါ့ ဒကာတို့ရယ် ခဏလေးစောင့် ဦးဇင်း ဒေတာဘေ့စ်ထဲက ရှာပေးမယ်။”
တရားဓမ္မနှင့် မွေ့လျော်သော ပုဂ္ဂိုလ်ပီပီ အရာရာ တရားဖြင့် သုံးသပ် ရှုမြင်လေ၏။ ထို့နောက် ဦးကုမာရသည် ကွန်ပြူတာထဲမှ ကီးစိန် ခေါ် ဖိုးသူတော်၏ အချက်အလက်များကို chip ထဲ ကော်ပီ ကူးပေးနေလေ၏။
“ကဲကဲ..ဒါ.. ဖိုးသူတော်ရဲ့ အချက်အလက်တွေပဲ... သူငယ်စဉ်က ကျောင်းကို ဘယ်လိုရောက်လာတယ်။ သူ့ပေါင်မှာ မှဲ့ဘယ်နှလုံးရှိတာက အစ မမြင်ကွယ်ရာမှာ ၀ဲတွေရှိတာ အဆုံး ကိုယ်ရေး အချက်အလက် အစုံအလင်ပါတယ်ကွယ့် သင့်တော် သလိုသာ သုံးလိုက်ကြပါ..”
၁၀ မိနစ်ပြည့်သွားပြီမို့ ကျွန်တော်တို့လဲ အလိုက်သိစွာနှင့် အောက်သို့ ဆင်းရန် ပြင်ကြသည်။
“အော်.. မင်းတို့ ဖိုးသူတော်ကို ဖမ်းဖို့ အခက်အခဲရှိရင် သူ့ဆရာ မယ်တော် န၀င်းစနေ ကိုသွားရှာပါ..”
ဦးကုမာရက ကျွန်တော်တို့ ဆင်းခါနီး လှမ်းသတိပေးလိုက်သည်။ အော်.. သိုင်းလောကတွင် လွန်စွာမှ နာမည် ကြီးလှသော သိုင်းမယ်တော်ကြီး န၀င်းစနေ က ကီးစိန်ရဲ့ ဆရာကိုး။ ထို့နောက် ကျွန်တော်တို့သည် ပြတင်းပေါက်နှင့် ကပ်လျှက် တိုင်ကို ဖက်၍ လျှောတိုက် ဆင်းလာကြလေ၏။ အော်.. အတော် ကပ်သီးကပ်သက် နိုင်တဲ့ ဗိသုကာပါလားနော်။ အတုလ ကျောင်းတော် အပြင်ဘက်သို့ ရောက်သော် ဖုန်းသံမြည်လာ၏။
“တွီ..တွီ..”
“ခင်ဗျာ.. ကျွန်တော် မင်းယွန်းပါ။ ဝေ... ဟုတ်လား..။ အင်းအင်း.. သိပ် စိတ်ပူ မနေပါနဲ့ ချစ်ရာ..။ အင်းအင်း . စိတ်ချ.. ကိုယ့်တာဝန်ထားပါ။ အင်း လျှောက်ဆော့ နေတာ ဖြစ်ပါလိမ့်မယ်။ အိုကေ လုံးဝ စိတ်ချ ... ဘာမှ မဖြစ်စေရဘူး တွေ့တာနဲ့ လာပို့ပေးမယ်..ကေကေ..ဘိုင့်”
ကျွန်တော့် အသဲယေးဆီမှ ဖုန်းဖြစ်သည်။ သူ့မောင်လေး အိမ်မှ ပျောက်သွားသည်ကို စိတ်ပူ၍ ဖုန်းဆက် ခြင်းဖြစ်သည်။ အင်တာနက် သုံးနေရင်းနှင့် uploader စက်နားက ပျောက်သွားသည်ဟု ယူဆရကြောင်း၊ စက်အနီးတွင် ဖိနပ် တဖက်ပင် ကျွတ်ကျန်ခဲ့သည်ဟု ပြောသည်။
ထို့နောက် မက်စိ တခု ထပ်ဝင်လာလေသည်။ ဌာနမှ ပေးပို့သော မက်စိဖြစ်သည်။ ကီးစိန် ကလေး တယောက်ကို ပြန်ပေးဆွဲသွားသည် ဆိုသော သတင်း ဖြစ်သည်။ ဌာန၏ မေးလ်ကို စာပို့ထားခြင်း ဖြစ်ပြီး ကျွန်တော့်အား ရည်ရွယ်၍ ထိုသို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောလေသည်။ ဟင် ဒါဆို.. ယောက်ဖလေးကို ပြန်ပေးဆွဲသွားတာပါလား..။
+++++++++++
အခန်း(၉)
အတုလ ကျောင်းတော်မှ အပြန်တွင် ၀င်လာသော ဖုန်းကြောင့် လမ်းတလျှောက်လုံး အတွေးများဖြင့် နစ်မျော နေမိသည်။ မျောက်လောင်းလေးအား ဖမ်းခေါ်သွားသော ကီးစိန်ကို မည်သို့ သဲလွန်စ ရှာရမည်နည်း။ သို့သော် ကျွန်တော့် အထင်တော့ ကီးစိန် တကွက် မှားသွားပေပြီ။ မျောက်မူးလဲလေးအား ဓါးစာခံ အဖြစ် ခေါ်သွားခြင်းမှာ မဟာအမှား ဖြစ်ကြောင်း မကြာခင် သိလိမ့်မည်။
“ခန္ဓာကိုယ်ကို အသင့်ပြင်ထားဗျို့.. အိမ်ထဲရောက်တော့မယ်..”
ကြောင်မျိုး သတိပေးတော့မှ အသိဝင်လာသည်။ ဒီတခါတော့ ကျွန်တော်တို့ ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကြောင့် ဆဲလ်များအား encrypt မလုပ်တော့ပဲ အကောင်အထည် လိုက်သွားခြင်း ဖြစ်သည်။ လမ်းကြောင်းတခု ပျက်စီးစေအုံးတော့ တကိုယ်ရေသုံး လမ်းကြောင်းကို ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိသွားသည်။ မရှေးမနှောင်းမှာပင် ကြောင်မျိုးက downloder စက်မှ အရင်ကျပြီး ကျွန်တော်က နောက်မှ လိုက်ကျလေသည်။
“ဟင်ကြောင်မျိုး ချက်ချင်းကြီး ဘယ်ပျောက်သွားပါလိမ့်..”
“ငြိမ်ငြိမ်လေး နေလိုက်ပါ.. မစ္စတာ တိုလီ”
နားထင်ကို သေနတ်ဖြင့် အတေ့ခံရကာ ကီးစိန်၏ အသံထွက်ပေါ်လာခြင်း ဖြစ်သည်။ ကျွန်တော့် အိပ်ခန်း အခြေအနေကို ကြည့်လိုက်တော့ ကျွန်တော်တို့ မလာခင်ကတည်းက မွှေနှောက် ထား ဟန်ဖြင့် တခန်းလုံး ပွရှုပ်နေလေတော့သည်။ ကြောင်မျိုးမှာ မူ နဖူးကို သေနတ်ဖြင့် အထုခံရပုံရပြီး မှောက်နေလေသည်။ ထိုစဉ် အိပ်ခန်းထဲမှ နောက်တစ်ယောက် ထွက်လာ၏။ ထိုသူ၏ လက်တဘက်တွင် hard disk တလုံးနှင့် နောက်တဘက်တွင်ကား တုတ်ထိုး ထားသော အကင်တခုအား စားလျှက်
“ဒေတာတွေ ကူးနေရင် ကြာနေမှာစိုးလို့.. hard disk လိုက်ပါ ဖြုတ်လာတယ်... ဟဲဟဲ”
ကီးစိန်က
“အိုကေဗျာ.. အဆင်သင့်တယ်... ဒီမယ် တိုလီ ခင်ဗျား ကျုပ်အချက်အလက်တွေကို လိုက်စုဆောင်းနေတယ် ကြားတယ်.. အဟတ်ဟတ် ဘယ်လောက် စုံမစုံ သေချာကြည့်လိုက်အုံးမယ်...ဗျာ.. ဟင်းဟင်း..”
ကျွန်တော်လဲ ကီးစိန်ကို စူးစိုက်စွာ ကြည့်ရင်း
“ယူသွားပါဗျာ... အဲ့ဒိ hard disk ထဲက ဒေတာတွေက ဟဲဟဲ.. အတုလကျောင်းတော်ရဲ့ ဒေတာဘေ့စ်ထဲက အချက်အလက်တွေ လောက်မစွံပါဘူး..ဗျာ..”
အတုလဆိုသော စကားကို ကြားလိုက်ရသောအခါ ကီးစိန်၏ ယခင်ကတည်းက ဖြူဖတ် ဖြူရော် မျက်နှာသည် သွေးမရှိတော့ သကဲ့သို့ ဖြစ်သွား၏။ ကီးစိန် တွေဝေ သွားသော အခိုက်အတန့်အား ကျွန်တော်က ပိုင်နိုင် စွာ အသုံးချလိုက်သည်။ ကျွန်တော် ကျောဘက် မျက်စောင်းထိုးရှိ ကွန်ပြူတာကို လေသံဖြင့် တိုးတိုးလေး အမိန့်ပေးလိုက်သည်။
“လက်နက်တခု အမြန်ဒေါင်းလုပ်..ဆွဲ...”
“ဂလောက်..”
အသံကြောင့် ဒညင်းသီးစားနေသော ပုဂ္ဂိုလ်နှင့် ကီးစိန်တို့ ၂ဦးစလုံး ပြန်လည် သတိဝင်လာကြသည်။ သို့သော် သူတို့အနည်းငယ် နောက်ကျသွားလေပြီ။ downloader စက်မှ လက်နက်ဖြင့် သူတို့ကို ချိန်ထား လိုက်သည်။ ဟိုက်သေစမ်း. ကျွန်တော့်လက်ထဲမှ ဒေါင်းလုပ်ဆွဲလိုက်သော လက်နက်ကြောင့် စိတ်ညစ် သွားမိသည်။ လက်နက်က Y ပုံသဏ္ဍာန်ရှိသော လေးခွ ဖြစ်နေသော ကြောင့်ပင်။ ကျွန်တော် နောက်ကို လှည့်မကြည့်ပဲ ကွန်ပြူတာကို ကျိန်ဆဲလိုက်သည်။
“သေချင်းဆိုးကွန်ပြူတာ လက်နက်ဆွဲပါဆို.. လေးခွကြီးဆွဲတယ်..”
“ဆောရီးပါ.. မစ္စတာ အသံယူနီကုဒ်ကို ရုတ်တရက်ဆိုတော့ ဇော်ဂျီလား၊ မိုင်မြန်မာလား ဝေခွဲမရ ဖြစ်နေတာနဲ့ အမြန်ဆုံးစဉ်းစားမိတဲ့ ဟာ ဒေါင်းလုပ်ဆွဲလိုက်တာပါ.”
“တယ်လေ...”
ကျွန်တော်က ကွန်ပြူတာနှင့် အချေတင် ပြောနေရင်း လေးခွဖြင့် ကီးစိန်နှင့် ဒညင်းသီးပုဂ္ဂိုလ်အား တလှည့်စီ ချိန်ထားရ၏။ ၎င်းတို့ကလဲ ကျွန်တော့်ကို လေဆာသေနတ်များဖြင့် ၀ိုင်းချိန်ထားကြ၏။ အဲဒွတ်ခပဲ လေးခွဆိုမှ လောက်စာလုံး မရှိပဲ ဒီလေးခွကို ဘယ်လိုပစ်ရပ။ ကျွန်တော် ဘာတွေးလိုက်သည်ကို ၎င်းတို့ ၂ယောက်က ရိပ်မိဟန်ဖြင့် ပြိုင်တူ ပြုံးလိုက်ကြသည်။ ကျွန်တော့်အား ၀ိုင်းဗျင်းရင် အနီးသို့ ချဉ်းကပ်လာကြတော့သည်။ ညက်ချွာဖရား...။
“ခွ...အလယ်ကို... ဖိတွန်းလိုက်..”
ကြောင်မျိုးက လဲနေရာမှ ရုတ်တရက် သတိထပေးသည်။ ကျွန်တော်လဲ မဆိုင်းမတွပင် လေးခွအလယ်ကို ဖိတွန်းလိုက်ရာ လေးခွ၏ ဂွထိပ်များ ဆီမှ ကျည်ဆန်များ ထွက်လာလေတော့သည်။
ရမ်းသမ်းပြီး ပစ်လိုက်ရာ ခုန်ရှောင်လိုက်သော လက်မရွံမျက်စိ၏ ခေါင်းပေါ်မှ ကျော်ပြီး နံရံကို ပြန်ကန်ကာ ကီးစိန်၏ နားရွက်အဖျားနား ကပ်၍ သွားမှန်လေတော့သည်။
“ဟိုက် တေ့လွဲလေး မရှောင်ရင် လွတ်တာကိုး..”
ကီးစိန်က ရေရွှတ်လိုက်ပြီး သူ့ခါးကြားမှ တစုံတရာ ထုတ်လိုက်သည်။
“၀ုန်း... မလှုပ်နဲ့..”
ဆိုက်ဘာလုံခြုံရေး အဖွဲ့များ downloder စက်မှ တပြိုင်နက်တည်း ထွက်လာကြ၏။ ကီးစိန်တို့ ၂ယောက်အား ၀ိုင်းထားကာ လေဆာသေနတ်များဖြင့် ချိန်ထားကြသည်။ ကီးစိန်သည် ရုတ်တရက် ဆိုသလိုပင် အလုံးကလေး တခု ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်...ထို့နောက် အ၀ါရောင် သဏ္ဍာန်လေး တခုအား လှုပ်သွားသည်။
“ပလုပ်တုတ်..”
“ခွမ်း...ခွမ်း..”
ကျွန်တော်တို့အားလုံး နားထဲမှာ စီကနဲ အသံများ ပေါ်လာပြီး ကီးစိန်လက်ထဲက ပလုပ်တုတ်သည် အသံလှိုင်းနှင့် လျှပ်စစ် ကြိမ်နှုန်း ထုတ်သော စက်ဖြစ်ပုံရကာ ၎င်း လှုပ်ရမ်းလိုက်သော ပလုပ်တုပ် အသံကြောင့် အိမ်အခန်းထဲရှိ ကွဲစရာ များ ထပေါက်ကွဲကုန်တော့သည်။ ထို့နောက် ကီးစိန် နှင့် လက်မရွံ့မျက်စိတို့သည် လက်မတင်လေး လွတ်မြောက်သွားလေတော့သည်။ ဆိုက်ဘာလုံခြုံရေး အဖွဲ့ခေါင်းဆောင်က မကျေမချမ်းဖြင့် တိုင်းထွာရေရွတ်ကျန်ခဲ့လေ၏။

ဆက်ရန်...

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "နောက်ဆုံးပေါ်-အပိုင်း(၄)"
Post a Comment