twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဝေးကွာခြင်းဧရိယာ


ဝေး....ဝေး သွားတယ်...
ညခင်းရဲ့ လမွန်းတည့်ချိန် အောက်မှာ..
နဂါးတစ်ကောင်ရဲ့ ဟောက်သံမျိုးနဲ့
မြို့ကြီးက မှိန်ဖျစွာ အိပ်မောကျနေလေရဲ့...

လေတိုးသံတွေ ကိုင်းဖျားကိုင်းနားဆီက
တိတိပပ လာရောက် ထိခတ်ကြ
ကိုယ့်အရေခွံ ကိုယ် ချွတ်ချပြီး
ခြေပစ်လက်ပစ် အတွေးတွေ ပုံချပစ်ခဲ့တယ်..
မိုးစုန်းစုန်းချုပ် နေတာတောင်
တချို့တလေတွေက
လင်း....လို့...ချင်း...လို့ ကောင်းတုန်း

ယောင်တိယောင်ကန်း ဉာဥ့်ကောင်တွေလဲ
တံစက်မြိတ် အစွန်းနားမှာ
တွဲရရွဲခိုလို့...

ဟန်ဆောင်မှု ကင်းမဲ့တဲ့ လင်းရိပ်အောက်မှာ
တနေကုန် တနေခန်း ဒိုင်ယာရီတွေ ကျကြွေကြ..

အဲ့ဒိ တံခါးဝတွေဆီမှာ..
မျက်နှာဖုံး စွပ်ထားတဲ့ သူတွေ..
မျက်နှာဖုံး ချွတ်ထားတဲ့ သူတွေ..
ပြီးတော့... ခပ်တွန့်တွန့် အပြုံးတွေ
အားလုံး ကိုယ်စီ အမာရွတ်တွေ အပြည့်...
ဒါနဲ့ပဲ.. ကိုယ့်မိုးတိမ်တွေ.. သူတို့ကို.. ဖဲ့ချွေပေးခဲ့ရ..

အထပ်ထပ် လျှောက်ခဲ့တဲ့ အတွက်
လမ်းကလေးတွေတောင် ညောင်းချိလာကြရဲ့..

ဒီလိုနဲ့ ချွေးသိပ်ဖို့ (တခါတရံ)
ကြမ်းရှရှတွေမြိုချ
ကြိုးညှိမထားတဲ့ သံစဉ်တွေ
ကောက်ယူ ညည်းပစ်ခဲ့တယ်


ဒီလိုနဲ့ပဲ..
မြို့ကြီးရဲ့ အခြားတဖက် လားရာဆီကို
ရွေ့လျားပစ်ခဲ့တယ်..

ဘယ်သူမှ နှုတ်မဆက်ဖြစ်ခဲ့ဘူး..
ဘယ်သူမှ လွမ်းကျန်မရစ်ခဲ့ဘူး
ထုတ်ပိုးပြီးသား သက္ကရာဇ်တွေကို
တစ်ယောက်ထဲ တိုးဖွဖွ သယ်ပိုးလို့..

မားမတ်မတ် တောင်တန်းတွေတောင်
တဖြည်းဖြည်းနဲ့.. ကွေးကွေး လာကြရဲ့..
နာရီကို ကြည့်ဖို့ အချိန်ကို
မေ့လျော့ခဲ့မိတယ်..
မသိလိုက်ဖာသာပါပဲ မြို့ကြီးရယ်..
အော် ... ဝေး..ဝေး သွားလိုက်တာများ...။

Read Users' Comments (1)comments

1 Response to "ဝေးကွာခြင်းဧရိယာ"

  1. လင်းဦး(စိတ်ပညာ) says:
    May 2, 2009 at 10:57 AM

    ဟိုက်ရှားပါး... ငါ့ညီ ဒီလောက်ထိ ရေးတတ်မယ် မထင်ခဲ့ဘူး... ညီရေ.. ဆက်လုပ်.. အားပေးတယ်..