Posted in
Labels:
memories,
Why do I blog?
|
Wednesday, March 05, 2008
ကျွန်တော် ခုရက်ပိုင်းဘာတွေ ရှုပ်နေမှန်း မသိဘူးဗျာ။ ကိုယ့်ဘလောက်ကလေး တစ်နှစ်ပြည့်သွားတာတောင် သတိမထားမိလိုက်ဘူး။ ဘာလိုလိုနဲ့ မတောက်တခေါက် ဘလောက်ရေးစားလာတာ တစ်နှစ်ပြည့်သွားပြီပေါ့လေ။ ကျွန်တော် မနှစ်က ဒီလိုချိန်မှာ မြန်မာလို ဘလောက်ရေးဖို့ ကြိုးစားနေဆဲပေါ့။ ကိုမောင်လှကြီးကို သွားမေးလိုက်။ လုပ်ကြည့်လိုက်နဲ့ အဆင်မပြေသေးတော့ ကျွန်တော်မြန်မာလို ပို့စ်ကို ဘယ်လိုတင်လဲ ဆိုတော့ ဖိုတိုရှော့ခ် ပေါ်မှာ ရေးပြီး ဓာတ်ပုံလိုက်ကြီး ကောက်တင်ပါတယ်။ ပြီးမှ စမ်းသပ်ရင်းနဲ့ မြန်မာလို ရေးတတ်လာပါတယ်။ ဒါပေမယ့် ပို့စ်တခုရေးဖို့ အတော့်ကို ကြိုးစားအားထုတ် ရပါတယ်။ ကျွန်တော်က မြန်မာလို လက်ကွက် ရင်းနှီးမှု မရှိသေးဘူးလေ။ ပြီးတော့ တန်းပလိပ်ကို ကလိတာ လွန်သွားလို့ ပြန်ပြင်ရပါသေးတယ်။ ပထမ လုပ်တုန်းက ၂၀၀၇ ဖေဖော်ဝါရီ လလယ်လောက် ကတည်းက လုပ်ထားတာပါ။ ဒါပေမယ့် တန်းပလိပ်ကို ကလိရင်း ဆိုက်ဘားတွေ ဘေးကားထွက်၊ စာလုံးတွေ ဘောင်ကျော်တာတွေကို မနည်းပြန်ပြင်ရင်း ပို့စ်ကို မတ်လလောက်မှ စတင်ဖြစ်ပါတယ်။ ဒီကြားထဲ အီးအိုတီကြီး စမ်းတာလဲ အဆင်မပြေဘူးဆိုတော့ ခွကျနေသေးတယ်လေ။ (မေးစရာလဲ ခုလို ပေါပေါများများမရှိသေးဘူးလေ)
ကျွန်တော် ဘလော့ဂ်ရေးရခြင်း ရည်ရွယ်ချက်သည် ကျွန်တော့် ရေးတတ်သော၊ ကျွန်တော် ၀ါသနာပါသော ကျွန်တော်၏ မတောက်တခေါက် စာပေ တိုစ များကို တင်ဖို့ပါပဲ။ ကျွန်တော် ခံစားမိသော အကြောင်းအရာများကို ရေးပါသည်။ ကျွန်တော် ပျော်လျှင် ကျွန်တော့် ဘလော့ဂ်လေးသည် ပျော်နေပါလိမ့်မည်။ ကျွန်တော် ၀မ်းနည်းလျှင် ဘလော့ဂ်လေးလဲ ၀မ်းနည်းနေပါလိမ့်မည်။ ကျွန်တော် ရည်းစားရလျှင် ဘလော့ဂ်လေးလဲ ချစ်တတ်နေပါလိမ့်မည်။ ကျွန်တော် အသဲကွဲလျှင်လဲ ကျွန်တော့်ဘလော့ဂ်လေးလဲ အသဲကွဲနေပါလိမ့်မည်။ ကျွန်တော့် ၏ ကိုယ်ပိုင်အိမ်လေးနဲ့ တူသော ကျွန်တော့် ဘလော့ဂ်လေးကို အလွန်တရာ မြတ်နိုးပါသည်။
တနေ့တနေ့ အွန်လိုင်းတက်ရင် ဆီဗုံးလေးကို ကြည့်ရတာလဲ အမောပင်ဖြစ်ပါသည်။ ကျွန်တော် တစ်ယောက်တည်း ရေးနေရာမှ ဆီမီနာလုပ်သောအခါ ဘယ်တုန်းကနဲ့မှ မတူတဲ့ ခင်မင်စရာ အလွန်ကောင်းတဲ့ ဘလော့ဂ်ကာ သူငယ်ချင်းများ ရခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်သည် 'you'll never blog alone' ဖြစ်လာပါသည်။ မြန်မာ ဘလော့ဂ်ရပ်ဝန်းတွင် ပါဝင်ပတ်သက်လာရပါတယ်။ လွတ်လပ်ပွင့်လင်းသော အမြင်ရှိသော လူတန်းစား မခွဲခြားသော ဘလော့ဂ်ကာ သူငယ်ချင်းများနဲ့ ခင်မင်မှု ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ကျွန်တော် အစလုပ်တုန်းက ဒီလောက် တန်ဖိုးမထားပါဘူး။ ဒါပေမယ့် ကျွန်တော့်လို ပဲ တခြားဘလော့ဂ်ကာများနဲ့ ပေါင်းသင်းမိတဲ့အခါ ဒီရပ်ဝန်းလေးမှာ ပါဝင်နေမိရက်သားဖြစ်နေတဲ့ အတွက် ကျွန်တော့် ဘလော့ဂ်လေးကို တစတစ ခုံမင်မိလာပါတယ်။
ကျွန်တော် သည် ဘလော့ဂ်စွဲနေသော လူတစ်ယောက်ဟုတ်ပါသလားလို့ မေးရင် ဟုတ်ပါတယ်လို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တခါတလေများအိပ်မက် ထဲမှာတောင် ပို့စ်တွေ ရေးနေမိတာပါ။ တနေ့တနေ့ ပို့စ်တခု ရေးဖို့ သွားရင်းလာရင်းတောင် စဉ်းစားနေမိတယ်လေ။ ဘလော့ဂ်ကာဆိုတာ citizen journalist တဖြစ်လဲ ပါပဲ။ ဘယ်သူတွေ ကျွန်တော်တို့ကို အသိအမှတ်ပြု ပြုမပြုပြု ကျွန်တော်ကတော့ ရေးနေအုံးမှာပါ။ ကျွန်တော် ရေးတဲ့ အကြောင်းအရာများဟာ ကျွန်တော့် ဘလော့ဂ်ခေါင်းစဉ်လိုပဲ တိုလီမုတ်စများပါပဲ။ တခါတလေ ကျွန်တော် ခံစားမိသော ကဗျာများရေးချင်ရေးသလို၊ တခါတလေလဲ ကျွန်တော် သွားလာနေထိုင်တဲ့ အကြောင်းအရာများကို ရေးချင်ရေးပါမယ်။ တခါတလေ ရန်ကုန်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာများ၊ သတင်းများကို ကျွန်တော် တင်ပြတတ်သလို တင်ပြချင် တင်ပြပါမယ်။ ကျွန်တော် အာမခံရဲပါတယ်။ ကျွန်တော် ဘလော့ဂ်ကာ တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမိတဲ့အတွက် ကျွန်တော် ဒီရပ်ဝန်းလေးထဲက ကျွန်တော် အသက်ရှင်နေသရွေ့ ကျောခိုင်းသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်ရေးတတ်သလို ကျွန်တော် တင်ပြတတ်သလို ကျွန်တော်နေထိုင်ရာ ပတ်ဝန်းကျင် အကြောင်း၊ ကျွန်တော့် ပါစင်နယ် အတွေးအမြင် တွေ ကို တင်ပြနေအုံးမှာပါ။ ဘလော့ဂ်ရပ်ဝန်းကို နောက်မှ ရောက်လာသူများကိုလဲ ကြိုဆိုပါတယ်။ ကျွန်တော် ပြောလိုတာက ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲမှာ နည်းပညာအရာမှာ ကျွန်တော်တို့ မြန်မာတွေ တခြားနိုင်ငံတွေအောက် လုံးဝ မရောက်ပါဘူး။ ကျွန်တော် တို့တတ်စွမ်းသရွေ့ လုပ်နေကြအုံးမှာပါ။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တို့ ကိုယ့်ယုံကြည်ချက်အတွက် လုပ်နေအုံးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက် ဘလော့ဂ်.....ရေး....နေ....အုံး....မှာ....ပါ။
Posted in
Labels:
poem
|
Wednesday, March 05, 2008
တောင်တန်းကြီးတွေကို
အလျားလိုက်ကြည့်ရင်း
ငါလေ မင်းကို လွမ်းတယ် ကောင်မလေးရယ်...
အေးခဲမတတ် မင်းအသံတုန်ရီလေးနဲ့
“ချမ်းတယ် ...ယွန်းရယ်” ဆိုတဲ့ စကားသံလေးတွေက
ငါ့ရင်ခုန်ခြင်းတွေ ပြိုဆင်းခဲ့ရပါတယ်။
စံတော်ချိန်လွဲနေတဲ့ ညတွေထဲ
“ချစ်တယ်...ယွန်းရယ်.... ဂွတ်နိုက်နော်.. အိပ်မက်ထဲမှာ တွေ့ကြမယ်....”
ဆိုတဲ့ ချစ်ခွန်းဖွဲ့ စကားသံတွေနဲ့ ငါ့အိမ်ပြန်ညတွေ
ကြယ်တွေ ထွန်းပခဲ့ရတာပေါ့....။
စိတ်ကူးယဉ်ဆန်တယ်ပဲ ပြောပြော
အိမ်ရောက်တိုင်း ပြတင်းပေါက်ကနေ
ဟိုးအဝေး ကောင်းကင်က လ ကို
မော့ကြည့်ရင်း ရည်မှန်း ဆုတောင်းရတာလဲ အမောပါပဲ...။
ငါဟာ ပြိုတော့မယ့် မိုးပါ ကောင်မလေး.....
ငါ့ရင်ထဲက နင့်နေတဲ့ ချစ်ခြင်းတွေ
ဥယျာဉ်တခုစာ မက ပွင့်ပစ်ခဲ့ပြီးပါပြီ...
မိုင်ပေါင်း ၂၉၂၇ မိုင်ဆီကို
လှမ်းမျှော် နေမိတဲ့ အရူးကြီးတစ်ယောက်ဟာ ငါပါပဲ...။
မင်း ရွတ်ပြခဲ့ဖူးတဲ့ ပုံပြင်လှလှလေးတွေဟာ အတုတွေ
ဖြစ်ခဲ့သည် ဆိုရင်တောင်...
ငါလေ.... ပြန်နားဆင်ခွင့်ရှိအုံးမလားဟင်....။
ကောင်မလေးရယ်....
ကောင်မလေးရယ်..
ကောင်မလေးရယ်
နူးညွှတ်စွာ ငါဒူးထောက် အရှုံးပေးပါရဲ့ကွာ...
ငါ့ကို မတော်တဆလေးများ ပြန်ချစ်ကြည့်ပေးအုံးနော်..
ငါ့နာရီတွေမှာလေ
မင်းကိုစောင့်နေရင်း နရီခတ်သံတွေ ဆူညံနေခဲ့တာပေါ့....။
Posted in
Labels:
Article,
memories,
Photo
|
Tuesday, March 04, 2008

ကျွန်တော်ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့တာ တခု ရှိပါတယ်။ ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀ ကိုအလွန်ရချင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသားဘ၀ရောက်ရင် ကျွန်တော်အတက်ချင်ဆုံး တက္ကသီလာ ကျောင်းတော်ကြီးကတော့ သမိုင်းကြောင်း အစဉ်အလာ ကောင်းတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး အမှန်တကယ် ဖြစ်ချင်ခဲ့တယ်။ ကျွန်တော် ကလေးဘ၀ကတည်းက တက္ကသိုလ်ကျောင်းသားကြီးတွေဆိုရင် အတော် အထင်ကြီး လေးစားခဲ့ပါတယ်။ ကျွန်တော် ငယ်ရွယ်စဉ်တုန်း (ရန်ကုန်တက္ကသိုလ်ကြီး ဖွင့်တုန်း) မှာ ကျွန်တော် ကျောင်းဘက်ကို ရောက်ခဲ့တော့ လွယ်အိတ်လေး ကိုယ်စီနဲ့ ကျောင်းတက်နေကြတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို ကြည့်ပြီး အလွန်အားကျမိခဲ့ပါတယ်။ ကျွန်တော်လဲ ကြီးလာရင် ဒီလို ကျောင်းမျိုးကြီးမှာ တက်ရမယ်လို့ တိတ်တဆိတ် ကြုံးဝါးခဲ့ဖူးပါတယ်။ ကျွန်တော် ဖေဖေ ပြောပြဖူးတာတွေ၊ စာအုပ်စာပေတွေထဲမှာ ဥပမာ ဆရာ ဇ၀နရဲ့ စာအုပ်တွေထဲတွေမှာ ပါတဲ့ ရန်ကုန်တက္ကသိုလ် အကြောင်းတွေ ၊ ရုပ်ရှင်တွေ ထဲက ရန်ကုန်တက္ကသိုလ် ပုံရိပ်တွေ မြင်ရ ကြားရရင် ကျွန်တော် ရန်ကုန်တက္ကသိုလ်ကျောင်းကြီးမှာ တက်ချင်စိတ် တဖွားဖွားဖြစ်ခဲ့မိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ကံဆိုးတယ်ပဲ ဆိုရမလားပေါ့လေ။ ကျွန်တော် ၈တန်းလောက် ရောက်တော့ ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်တွေ သဲထဲရေသွန်ပစ်မယ့် သတင်းကြားလိုက်ရတယ်။ တက္ကသိုလ်ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ကြီးမှာ မတက်ရတော့ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့် ကလေးဘ၀ စိတ်ကူးကြီး အောင်မြင်ဖို့ နှစ်နှစ်လောက် လိုတော့ကာမှ ကျွန်တော် တက်ချင်လွန်းလှတဲ့ ကျောင်းကြီးမှာ မတက်ရတော့ဘူးတဲ့လေ။ ပြီးတော့ ကျွန်တော်တို့ လူလားမြောက်လို့ တက္ကသိုလ် တက်ရမယ့် အရွယ်ရောက်တော့ ရန်ကုန်တက္ကသိုလ်ဆိုတာ ကျောင်းတက်ဖို့အတွက် မဟုတ်တော့ပဲ ဘွဲ့ယူဖို့ သက်သက်ပဲ ဖြစ်ခဲ့ပြီလေ။ (တကယ် နှမြောဖို့ ကောင်းလှပါတယ်။)

တက္ကသိုလ်ဆိုတာ ဘွဲ့ပေးရုံသက်သက်မဖြစ်စေချင်ဘူး..။
ကြုံလို့ ကြားဖြတ်ပြောရရင် ကျွန်တော် သန်လျင်မှာ တက်တုန်းက မြို့ပြင်မှာ တက်ရတဲ့ ကျောင်းသားဘ၀ကို ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။ မနက်ဆိုရင် ကျောင်းကားဂိတ်ကို ကျောင်းကားမှီဖို့ မနက်စောစော ၅နာရီခွဲ လောက်ကတည်းက ထရပါတယ်။ ပြီးရင် ကျောင်းကားဂိတ်ကို စောစောသွားပြီး ထိုင်ခုံနေရာ ရအောင် နေရာယူရပါတယ်( နေရာ မယူလို့လဲ မရပါဘူး ရန်ကုန်ကနေ သန်လျင်ကို သွားတာ ၂နာရီလောက် နီးပါး ကြာပါတယ်။ ထိုင်ခုံနေရာ မရလို့ကတော့ ခြေညောင်းအောင် မတ်တပ်ရပ်ရပါတယ်။) ကျွန်တော်တို့ မြို့နယ် အတွက် ချပေးထားတာက ဘီအမ် ကားတွေပါပဲ။ သိတဲ့အတိုင်း ဘီအမ်ကားဆိုမှတော့ သက်တောင့်သက်သာ စီးနိုင်တာ မဟုတ်ပါဘူး။ တလမ်းလုံး တ၀ုန်းဝုန်း တဒိုင်းဒိုင်း ခုန်နေပါတယ်။ ထိုင်ခုံတွေက သစ်သားထိုင်ခုံတွေဆိုတော့ ကျောင်းရောက်ရင်ပဲ တော်တော် ပင်ပန်းနေပါပြီ။ ကျောင်းတက်ကာစတုန်းကဆို ကျွန်တော် ကိုယ်တွေလက်တွေ ကိုက်ပြီး ဖျားတောင်ဖျားပါတယ်။ ကျောင်းရောက်တော့ မိုးမလင်းခင်ကတည်းက ထွက်လာတဲ့ ကားဟာ ကျောင်းရောက်တော့ ၈နာရီကျော်နေပြီလေ။ သန်လျင်ဆိုပေမယ့် သိတဲ့အတိုင်း သန်လျင်မြို့နဲ့တောင် တော်တော် လှမ်းသေးတယ်။ ကျွန်တော်တို့ ကျောင်းသားတွေမှာ အတန်းချိန်ပြီးလို့ ရန်ကုန်ပြန်ချင်ရင်တောင် အတော် စဉ်းစားယူရတယ်။ ဘာလို့လဲ ဆိုတော့ ကားရှားတယ်လေ။ ရှိတဲ့ကားတွေက ရေလယ် ကျောက်တန်းဘက်ကလာတဲ့ ဟိုင်းလတ်ကားလေးတွေပဲ ရှိတယ်။ အဲဒိကားတွေက ဟိုဘက်က ကတည်းက လူတွေ အပြည့်ဖြစ်နေပြီ။ တခါတလေ ဘယ်လောက်ဆိုးသလဲဆို မိန်းကလေးတွေတောင် တွယ်စီးရတယ် အဲ့ဒိကားတွေကို။ အဲ့လို ကားအဆင်မပြေတဲ့ အတွက်ကြောင့် ကျွန်တော်တို့မှာ အတန်းချိန်ပြီးပေမယ့် မပြန်နိုင်ပဲ ညနေ ကျောင်းကားတွေ ထွက်တဲ့အချိန် ၄နာရီခွဲလောက်အထိ ကန်တင်းန်တွေမှာ ထိုင်စောင့်နေရပါတယ်။ ဒါက ကျွန်တော့်ကိုယ်တွေ့ မြို့ပြင်မှာ တက်ရတဲ့ ကျောင်းသားဘ၀ကို တစိတ်တပိုင်းပြောပြတာပါ။
တက္ကသိုလ် တခုရဲ့ ဂုဏ်သတင်း၊ သမိုင်းပုံရိပ်ဆိုတာ လွယ်လွယ်နဲ့ လုပ်ယူလို့ မရပါဘူး။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သမိုင်းပုံရိပ်ဟာ တခြားသော နိုင်ငံတကာက ကျောင်းများလိုပဲ ထင်ရှားကျော်ကြားတဲ့ ဂုဏ်ပုဒ်တွေ အပြည့်ရှိပါတယ်။ ဤကျောင်းတော်ကြီးကနေ ပညာတတ်ပေါင်းများစွာနဲ့ ကမ္ဘာကျော်တဲ့ မြန်မာ့ ခေါင်းဆောင်များ ကိုလည်း မွေးထုတ်ပေးခဲ့ပါတယ်။ ကိုလိုနီခေတ် မြန်မာပြည်သူတွေ ကျွန်သပေါက်ဘ၀ ကနေ လွတ်မြောက်အောင် ဒီကျောင်းတော်က ခေတ်အမြင်ရှိတဲ့ ကျောင်းသားတွေက ရှေ့ဆောင် လမ်းပြ ပြီး ရဲဝံ့ပြတ်သားစွာ ဦးဆောင်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ရန်ကုန်မှာတင် တက်စရာ တက္ကသိုလ်ပေါင်း သုံးခုလောက်ရှိလာပါတယ်။ ဒါပေမယ့် အသစ်ပေါ်လာတဲ့ ကျောင်းတော်တွေဟာ ဘယ်လောက်ကောင်းပါတယ် ပြောပြော (ကျွန်တော် တက်ချင်ခဲ့တဲ့) ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးလောက် မခန့်ထည်ဘူးလို့ ထင်ပါတယ်။ ကျွန်တော် အတွက် ကံကောင်းစွာပဲ ရန်ကုန်တက္ကသိုလ်ထဲက ဒီပလိုမာ သင်တန်းတခု တက်ခွင့်ရတော့ ကျွန်တော့်ရင်ထဲမှာ (ခေတ္တလေး ရန်ကုန်တက္ကသိုလ်ကျောင်းသား ဖြစ်ရတာကိုပဲ) အလွန် ပီတိဖြစ်ပြီး ဂုဏ်ယူနေမိပါတယ်။ အကယ်၍များ ဖြစ်နိုင်ခဲ့ရင်ပေါ့လေ ကျွန်တော်ဆန္ဒအရ ဆိုရင် ၀ိဇ္ဖာ၊ သိပ္ပံ ကျောင်းသားမှန်ရင် ရန်ကုန်တက္ကသိုလ်ကြီးမှာ အကုန်ပြန်တက်စေချင်ပါတယ်။

ဂျပ်ဆင်သာ စကားပြောတတ်ခဲ့ရင်လေ....

အဓိပတိလမ်းမပေါ်မှာ လျှောက်ဖူးခဲ့ပါသည်…။

ပညာတတ်တွေကို ပညာမျက်စိ အလင်းပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်


သစ်ပုပ်ပင်နဲ့ ချစ်သူလမ်းကြားတွေမှာ ကျောင်းတော်က ဂန္ထ၀င်ဆန်ဆန် ဇာတ်လမ်းတွေ ရှိခဲ့ဖူးတယ်။

တကယ့်ပညာတတ်တွေ မွေးထုတ်ပေးခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီး..။
တကယ်ပါ အဲ့ဒိအခါမှာ အဓိပတိလမ်းမကြီးပေါ် လျှောက်ရတဲ့ အရသာကို သိလိမ့်မယ်။ ကျောင်းတော်ကြီးရဲ့ ခန့်ထည်မှုကြောင့် တက္ကသိုလ်ကျောင်းသား ဖြစ်ရတာ ဂုဏ်ယူမိလာလိမ့်မယ်။ အဲဒိမှာ နာမည်ကြီးတဲ့ ဂျပ်ဆင်ကို တွေ့လိမ့်မယ်။ အဲဒိမှာ အသိပညာတွေ စုစည်းပေးထားတဲ့ အဖိုးတန် စာကြည့်တိုက်ကြီး တွေ့လိမ့်မယ်။ အိုမင်းပေမယ့် ကျောင်းတော်ရဲ့ အစိတ်အပိုင်းတခု အဖြစ် လတ်ဆတ်နေဆဲ သစ်ပုပ်ပင်ကို တွေ့လိမ့်မယ်။ ချစ်သူလမ်းကြားလို့ တင်စားတဲ့ လမ်းကြားလေးတွေ့လိမ့်မယ်။ ပြီးတော့ တချိန်က တကယ့် ပညာတတ်တွေ မွေးထုတ်ပေးခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီးကို ခန့်ညားစွာ တွေ့လိမ့်မယ်။ ညီ၊ ညီမလေးတို့ မယုံရင် တခေါက်လောက် အလည်ဖြစ်ဖြစ် ရန်ကုန်တက္ကသိုလ်ကြီးဆီကို သွားကြည့်ကြပါ။ အဲဒိမှာ ညီ၊ ညီမလေးတို့ တွေ့ကြပါလိမ့်မယ်။ တက္ကသိုလ် တခုရဲ့ ပုံရိပ်အစစ်...အမှန်..... တွေ.....ကို.....ပေါ့။
Posted in
Labels:
Announcement,
News
|
Saturday, March 01, 2008
ကျွန်တော်တို့ လှိုင်သာယာ တွင် မီးဘေးသင့်တဲ့ ဒုက္ခသည်များအား အလှူပေးရန်အတွက် အလှူငွေများကောက်ခံလျှက်ရှိပါတယ်။ မီးဘေးအတွက် လှူဒါန်းချင်သူများအနေဖြင့် မိမိသဒ္ဓါသလောက် ငွေကြေးတတ်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် အကျီအ၀တ်အစားများဖြစ်စေ လှူဒါန်းနိုင်ကြပါတယ်။
ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင်
မြေနီကုန်း၊ ရတနာလမ်း၊ Kodak ဓာတ်ပုံတိုက် အပေါ်ဘက်ရှိ
Service+ (7 internet) ရုံးခန်းသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
ဖုန်း- 500457 (မဘာညာ)
Posted in
Labels:
Record
|
Saturday, March 01, 2008


MCPA မှ ပေးအပ်သော Excellent Award 2007 ဆုကို ရရှိခဲ့သော ဇော်ဂျီယူနီကုဒ် အဖွဲ့အား ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်။ (တကယ်တမ်း ပြောရရင် နှစ်တနှစ်ရဲ့ ICT Excellent Award ဆုဟာ အိုင်တီ လောကရဲ့ အကယ်ဒမီလိုပါပဲ)ကျွန်တော်တို့ ဘလော့ဂ်တွေ ပေါ်မှာ မြန်မာလို ရေးနိုင်ခဲ့တာဟာ ဇော်ဂျီကြောင့်လဲ ပါပါတယ်။ ဒါကြောင့် ဒီနေ့ မြန်မာ ဘလော့ဂ်တွေနဲ့ ဇော်ဂျီဆိုတာ ခွဲခြားမရပါဘူး။ ပြီးတော့ Gtalk ပေါ်မှာ မြန်မာလို ပြောနိုင်ခဲ့တာဟာ ဇော်ဂျီရဲ့ ကျေးဇူးတွေပါပါတယ်။ တခြားယူနီကုဒ်တွေနဲ့ မတူတဲ့အချက်က အရင်ဝင်းမြန်မာ စနစ်နဲ့ လုံးဝ သွေဖယ်သွားခြင်း မရှိတဲ့ အတွက် ကျွန်တော်တို့နဲ့ ရင်းနှီးမှုရှိပါတယ်။ ဒါက ဇော်ဂျီရဲ့ အားသာချက်တခုပါ။ ပြီးတော့ ပုံနှိပ်ထုတ်မယ်ဆိုရင် ဇော်ဂျီဖောင့်နံပါတ် ၉ ၊ ၁၀ တို့ဟာ အတော်လေး ၀ိုင်းစက်ပြီး လှပါတယ်။ ယနေ့လက်ရှိ မြန်မာ ဘလော့တွေမှာတင် မဟုတ်ပါဘူး။ မြန်မာ ၀က်ဘ်ဆိုက်တော်တော်များများမှာ ဇော်ဂျီဖောင့်ကိုပဲ စံအနေနဲ့ သုံးလာကြပြီ ဖြစ်တဲ့အတွက် ဇော်ဂျီယူနီကုဒ်အဖွဲ့ဟာ ဒီဆုကို ရသင့်ရထိုက်လို့ ရခဲ့တယ်လို့ မြင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကွန်ပြူတာပညာရှင် အသင်းမှ ချီးမြှင့်တဲ့ Excellent Award 2007 ဆုကို ရရှိခဲ့တဲ့ ဇော်ဂျီယူနီကုဒ်အဖွဲ့နှင့်အတူ ကျွန်တော် တို့ဘလော့ဂ်ကာများကလဲ ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
Posted in
Labels:
Article,
News,
Photo,
Today Yangon
|
Saturday, March 01, 2008
မနေ့ညက မမဘာညာက သူမသွားနိုင်လို့ ကျွန်တော်ရယ်၊ မောင်မျိုးရယ်ကို သွားပေးပါဆိုလို့ ကျွန်တော်တို့ ၂ယောက် ညစာစားပွဲကျင်းပရာ မြန်မာအင်ဖိုတက်ခ်ကို ချီတက်ခဲ့ကြတယ်လေ။ ကျွန်တော်တို့ သွားတာ ညနေ ၆နာရီခွဲနေပြီဆိုတော့ (ပွဲက စတာ ညနေ ၅ နာရီခွဲလေ) ၀ါးတီးတွေများဆွဲနေကြပြီလားလို့..(ဟီးဟီး ငတ်တာပြောပါတယ်)။ အဲဟိုရောက်တော့ ဂိတ်မှာ ဦးဦးစစ်သားကြီးက ဒိုင်းဒိုင်းကြီးနဲ့ စောင့်နေတော့ ကျွန်တော်တို့ကို လက်မှတ်များ တောင်းမလားလို့ အဲ့ဦးဦးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသေးတယ်။ နောက်တော့ သူက သူဟာသူနေတော့ အော် လက်မှတ်စစ်ဖူးထင်တယ် ဆိုပြီး အထဲကို အဆင့်မြင့် ကိုယ်ပိုင် ခြေထောက်များနဲ့ လမ်းလျှောက်ဝင်ခဲ့တာပေါ့။ မြန်မာအင်ဖိုတက်ခ် မုခ်ဦးအဆောက်အဦးကြီးရဲ့ ညာဘက်ခြမ်းကိုရောက်တော့ လူသံတွေကြားနေရတယ်။ သေချာနားထောင်ကြည့်တော့ ဘိုလိုပြောနေတာပဲ။ ကျွန်တော်တို့ ဆက်လျှောက်လာတော့ ရေကန်နားက မြက်ခင်းပေါ်မှာ စားပွဲဝိုင်းပေါင်းများစွာနဲ့ လူပေါင်းများစွာ ဟိုရှေ့ စတိတ်ကြီးပေါ်မှာတော့ နိုင်ငံခြားသား(တရုတ်ကြီး ထင်ပါရဲ့) တက်ပြောနေလေရဲ့။ အဲဖြစ်ချင်တော့ ကျွန်တော်တို့၂ယောက်လဲ ၀င်လာရော တိုက်တိုက်ဆိုင်ဆိုင် မီးက ဖျတ်ကနဲ ပျက်သွားပါလေရော။ တရုတ်ကြီးခင်ဗျာ ပြောရင်းငုတ်တုတ်ကြီး အဲလေ မတ်တပ်ကြီးပေါ့။ မှောင်မဲသွားတာပဲ။ အော်မီးမီး ..နေရာ တကာ ပျက်ဖို့ကို ချောင်းနေလား မသိပါဘူး။ (ဟဲဟဲ မီးပျက်နေတဲ့ပုံတောင် အမိအရ ရိုက်နိုင်ခဲ့သေးတယ်)။

ဟောဒီလို ဟောဒီလို မီးပျက်တော့ မြန်မာအင်ဖိုတက်ခ်မှာလဲ မှောင်မဲသွားတာပေါ့ :P

ဧည့်ကြိုနေတဲ့ မမတွေ (ဟီးမီးအလင်းရောင်မကောင်းတော့ နဲနဲမှောင်သွားတယ်) :)
ခဏလောက်နေတော့ မီးပြန်လာတော့ စင်ပေါ်ကိုသေချာကြည့်လိုက်တော့မှ presenter လုပ်နေတာက မင်းသမီးပွင့်။ (ခုတော့ ဂေါ်ဇီလာနဲ့ မအိပ်ပဲ စင်ပေါ်ရောက်နေလေရဲ့။ :P) မီးပျက်တုန်းကျွန်တော်တို့ကလဲ မှောင်ရိပ်လေးခိုပြီး နောက်ဆုံးက ၀ိုင်းလေးတ၀ိုင်းမှာ ထိုင်လိုက်တယ်။ (ဟိုတရုတ်ကြီးကလဲ ဘာတွေ ပြောနေမှန်းသိပါဘူး။ ဟီး) မီးလာလို့ ကျွန်တော်တို့ဝိုင်းက လူတွေကို ကြည့်လိုက်တော့ အံမယ် အထုပ်တွေ ကိုယ်စီနဲ့ပေါ့။ ကျွန်တော်က မောင်မျိုးကို မျက်စပစ်လိုက်တယ်။ လက်ဆောင်တွေ ရတယ်ထင်တယ်ပေါ့။ ပြီးတော့ ဘေးဘီဝဲယာကို ကြည့်လိုက်တော့မှ အော် ကျွန်တော်တို့် မှောင်တုန်းဖြတ်လာတဲ့ အ၀နားမှာ မမ ချောချောလေးများ ဧည့်ကြိုနေတဲ့ နေရာမှာ အထုပ်ကလေးတွေ တန်းစီထားလေရဲ့။ အဲဒါနဲ့ ကျွန်တော်တို့်လဲ လက်မှတ်ကလေးသွားပြတော့မှ တပိုင်းဖြတ်ယူထားပြီး အိတ်ကလေးတွေ ပေးလိုက်တယ်။ အထုပ်ထဲမှာ ကြော်ငြာ စာရွက်တချို့နဲ့ Gusto ကပေးတဲ့ စီဒီနဲ့ (ဘာစီဒီမှန်း မသိပါဘူး ညက မီးပျက်နေလို့ မကြည့်ရသေးဘူး)။ ကီးချိန်းလေးတခု နောက်ပြီး ဘောပင်တစ်ချောင်းလဲ ပါတယ်။

စတိတ်စင်ပေါ်မှ ပွင့်နဲ့ ဦးဇော်နိုင် :)
အဲခဏနေတော့ ဦးဇော်နိုင်တက်လာပြီး အသင်းရဲ့ အကြောင်းတွေပြောပါတယ်။ ပြောရင်းနဲ့ သူက ပွင့်ကိုလဲ နောက်ပါသေးတယ်။ အရွှန်းဖောက်သော ဦးဇော်နိုင်နဲ့ ပွင့်တို့မှာ အတော် အတိုင်အဖောက်ညီနေပြီး ရယ်နေရပါတယ်။ အဲနောက်တော့ MCPA အတွင်းရေးမှူး ဦးငြိမ်းဦးမှ အသင်းရဲ့ စာရင်းဇယားများကို အတိုချုပ်ဖတ်ကြားပြပါတယ်။ ထို့နောက်တွင် ဦးဇော်နိုင်ကပဲ Excellent Award 2007 ကိုကြေငြာပါတယ်။ ထိုဆုကို ပေးအပ်ရန် ဇကာတင် ရွေးချယ်ထားသည်မှာ အဖွဲ့၉ဖွဲ့ခန့် ရှိကြောင်း ပရောဂျက်တာနဲ့ ပြသပါတယ်။ ထိုအထဲတွင် ကျွန်တော် မှတ်မိသလောက်ဆိုရင် ရှမ်းပြည်နယ် ကွန်ပြူတာ ပညာရှင်အသင်း၊ Myanmar Bloggers ( အတော့်ကို ဂုဏ်ယူစရာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဦးဇော်နိုင် ပြောကြားချက်အရ မြန်မာပြည်တွင် ရှိသော ဘလော့ဂ်အရေအတွက်သည် တခြား အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ စင်ကာပူ၊ မလေး တို့ရဲ့ ဘလော့ဂ်အရေအတွက် ထက် သုံးလေး ဆလောက်များတယ်လို့ သိရှိရပါတယ်။ ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ဘလော့ဂ်နည်းပညာများ တဟုန်ထိုး တိုးတက်လာမှုကြောင့် ဆုပေးရန် ထည့်သွင်း စဉ်းစားခဲ့ကြောင်း ရှင်းပြပါတယ်) ပြီးတော့ ကွန်ပြူတာ ဂျာနယ်လဲ ပါပါတယ်။ mmgeek ဆိုတဲ့ ဆိုက်လဲ ပါပါတယ်။ ဇော်ဂျီ ယူနီကုဒ်အဖွဲ့လဲ ပါပါတယ်။ နောက် မြန်မာစာစနစ်ကို လုပ်ကိုင်နေတဲ့ NLP ဆိုတဲ့ အဖွဲ့လဲ ပါပါတယ်။ အခြားခြားသော အိုင်တီနယ်ပယ်မှ ၂၀၀၇ ခုနှစ်အတွင်း အထင်ကရ တိုးတက်မှုများလုပ်ခဲ့သော အဖွဲ့များလဲ ပါပါတယ်။

မြန်မာဘလော့ဂ်ကာတွေလဲ ပေးဖို့ ထည့်စဉ်းစားခဲ့တယ်။ (MBS အနေနဲ့ အစောပိုင်းကတည်းကသာ မှတ်ပုံတင်ထားခဲ့မယ်ဆိုရင်.....)
ထို အဖွဲ့ ၉ဖွဲ့ ထဲမှ ပြန်လည် စီစစ်ရာ အဖွဲ့၂ဖွဲ့ ကျန်ပါတယ်။ ရှမ်းပြည်နယ် ကွန်ပြူတာ ပညာရှင်အသင်းနဲ့ ဇော်ဂျီယူနီကုဒ် အဖွဲ့ပဲဖြစ်ပါတယ်။ထိုအဖွဲ့ ၂ဖွဲ့ ထဲမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးခဲ့ရာ နောက်ဆုံးတွင် အများသဘောတူအရ တစ်ဖွဲ့ကျန်ပါတယ်တဲ့။ ထိုအဖွဲ့ ကို မည်သူရမည်လဲဟု ပရိသတ်များထဲမှ လိုက်လံ မေးမြန်းကြသေးရာ အများစုမှာ ဇော်ဂျီယူနီကုဒ်ကိုသာ ထင်မြင်ချက်ပေးကြပါတယ်။

ကျွန်တော်ကတော့ ဇော်ဂျီရမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ခုလက်ရှိ မြန်မာဘလော့ဂ်တွေနဲ့ မြန်မာ ၀က်ဘ်ဆိုက်တွေ တော်တော်များများမှာ ဇော်ဂျီကို အသုံးပြုထားကြလို့ပါပဲ။
ထို့နောက် ဦးဇော်နိုင်မှ Excellent Award 2007 ကို ကြေငြာရာ အများ ထင်ထားသည့်အတိုင်းပင် ဇော်ဂျီယူနီကုဒ်မှ ရရှိသွားပါတယ်။ ဒီဆုကိုတော့ ဘလော့ဂါတဖြစ်လဲ ထိန်လင်းရွှေခေါ် စေတန်ဂေါ့တ်မှ ဇော်ဂျီကိုယ်စား တက်ယူခဲ့ပါတယ်။

ဘလော့ဂ်ကာ စေတန်ဂေါ့တ်မှာ ဇော်ဂျီကိုယ်စား ဆုတက်ယူစဉ်

Congratulation Zawgyi
ထို့နောက်တွင်တော့ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ၀ါးတီး ဘူဖေးအစီအစဉ်ပေါ့လေ..။

ဒီလို ပျော်ပျော်ပါးပါး တိုးစားကြတယ်လေ။

စုံစီနဖာပါပဲ :P
စားပြီးသောက်ပြီး ကံစမ်းမဲ အစီအစဉ်လဲ လုပ်ပါသေးတယ်။ ပေါက်မလားဆိုပြီး ကျွန်တော်တို့ တွေ ထိုင်စောင့်ပါသေးတယ်။ (ဟီးဟီး ပေါက်လဲ ပေါက်ဘူးဗျာ) ဒါနဲ့ပဲ ကျွန်တော်တို့လဲ ဆက်လက်ပြီး မမဘာညာတို့နဲ့ ဒုတိယ ညစာစားပွဲ ဆက်သွားစရာ ရှိတာမို့ ဗိုက်လေးလေးနှင့် (တ၀တပြဲစားထားတာလေ ခွိခွိ) ပြည်လမ်းထိကို လမ်းလျှောက်ထွက်ခဲ့ပါကြောင်း.....။