ကိုလံဘတ် -Christopher Columbus အပိုင်း(၂)
သူ၏ သမိုင်းဝင်ခရီးစဉ်အတွက် ငွေကြေး ဘယ်ကရခဲ့သလဲ
ကိုလံဘတ်က ပေါ်တူဂီဘုရင် ဒုတိယမြောက် ဂျွန်ထံသို့ ဦးစွာသွားသည်။ ထိုခေတ် ထိုအခါက ပေါ်တူဂီလူမျိုးများသည် ရေလမ်းနှင့် ပတ်သက်၍ ဆရာကြီးများ ဖြစ်၏။ သည်တော့ သူ့ အစီအစဉ်ကို ပေါ်တူဂီများက ထောက်ခံလိမ့်မည်ဟု ကိုလံဘတ် တွက်ဆထားသည်။
သို့သော် ပေါ်တူဂီဘုရင်က အာဖရိကတိုက်ကို ကွေ့ပတ်ပြီး အိန္ဒိယသို့ အရောက်သွားမည့် သဘောင်္တပ်ဖွဲ့ တစ်ဖွဲ့ စေလွှတ်ရန် စီစဉ်ထားသည်။ ကိုလံဘတ်၏ အစီအစဉ်မှာ လက်တွေ့အားဖြင့် မဖြစ်နိုင်ဟု ယူဆသည်။ သို့ဖြင့် ကိုလံဘတ်၏ တင်ပြချက်ကို ပယ်ချလိုက်ရာ သူသည် ၁၄၈၄ ခုနှစ်တွင် ပေါ်တူဂီမှ ပြန်ခဲ့ရသည်။
ကိုလံဘတ်က စပိန်ဘုရင်မကြီး အဇ္ဖဘယ်လာ (Isabella I) ထံသို့ မျှော်လင့်တကြီး သွားပြန်သည်။ သို့သော် ပေါ်တူဂီမှာကဲ့သို့ပင် ပယ်ချခံရပြန်သည်။ သို့ဖြင့် သူ့အစ်ကိုဖြစ်သူအား အင်္ဂလန်သို့ စေလွှတ်ပြီး၊ သတ္တမမြောက် ဟင်နရီဘုရင်ကို ဆွဲဆောင်စည်းရုံးစေသည်။ အချိန်တွေသာ ကုန်သွားသည်။ အကြောင်းထူး မလာ။
၁၄၉၂ ခုနှစ်ဇန်န၀ါရီအထဲတွင် သူက ပြင်သစ်သို့ စတင်ခရီးထွက်သည်။ သို့သော် ထိုအချိန်မှာပင် စပိန်ပြည်ရှိ သူ့မိတ်ဆွေများက သည်ခရီးအောင်မြင်လျှင်၊ စပိန်ပြည် ချမ်းသာကြွယ်ဝပြီး တန်ခိုးအာဏာကြီးထွား နိုင်မည်ဖြစ်ကြောင်း တင်ပြကာ ဘုရင်မကြီးကို စည်းရုံးနိုင်ခဲ့သည်။ သို့ဖြင့် ကိုလံဘတ်အား ပြန်လည် ဆင့်ခေါ်သည်။ ၁၄၉၂ ခုနှစ်ဧပြီလ ဆယ့်ခုနှစ်ရက်နေ့တွေင် အဆိုပါ ခရီးအတွက် သဘောတူစာချုပ်တစ်ရပ်ကို ဘုရင်မကြီး အဇ္ဖဘယ်လာနှင့် ကိုလံဘတ်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကိုလံဘတ်နှင့်အတူ လူအင်အား၊ သဘောင်္အင်အား ဘယ်လောက်ပါသွားသလဲ
ကိုလံဘတ်သည် ၁၄၉၂ ခုနှစ် သြဂုတ်လ သုံးရက်နေ့တွင် သူ၏အလံတင်သင်္ဘော “စန်တာမာရီယာ” ပေါ်သို့တက်သည်။ စန်တာမာရီယာနှင့်အတူ ရွက်လွှင့်မည့် “နီနာ” (Nina) နှင့် “ပင်တာ”(Pinta) သဘောင်္များလည်း အဆင်သင့် ဖြစ်နေပြီ။ ကိုလံဘတ်နှင့်အတူ ၀ါရင့်သင်္ဘောသား ရှစ်ဆယ်ကျော်လည်း လိုက်ပါကြမည်။
ကိုလံဘတ်သည် ရေကြောင်းနှင့် ပတ်သက်၍၊ သူ့ခေတ်သူ့အခါ အကောင်းဆုံးမြေပုံများ၊ အကောင်းဆုံးရေကြောင်း ပြကိရိယာများ၊ နာရီများကို ယူဆောင်သွားသည်။ သူက ထိုပစ္စည်းကိရိယာများ အကူအညီဖြင့် အာရှတိုက်ဟု သူထင်ထားသည့် ဒေသသို့ ရောက်အောင် အနောက်စူးစူးသို့ ဦးတည် ရွက်လွှင့်ခဲ့သည်။
ကင်နရီကျွန်းစုတွင် ခရီးတစ်ထောက်နားပြီးသည်နှင့် သူတို့ အဖွဲ့သည် လူသူမရောက်မပေါက်ဖူးသေးသည့် ပင်လယ်ပြင်ကြီးအထဲသို့ ရောက်သွားတော့၏။ ထိုအချိန်မှစပြီး အသစ်အဆန်းတွေချည်း ကြုံကြသည်။ သို့သော် သြဂုတ်လကုန်သွားသည်။ စက်တင်ဘာလ ကုန်သွားသည်။ အောက်တိုဘာလ ရောက်လာသည်။ သူတို့သည် ရေပြင်ကြီးအထဲမှာပဲ ရှိသေးသည်။ ကမ်းမမြင်ရ၊ လမ်းမမြင်ရ။ မျှော်ကြည့်လေရာတိုင်းတွင် တ၀ုန်ဝုန်းကြွထနေသည့် လှိုင်းလုံးကြီးတွေသာ မြင်တွေ့ကြရသည်။
ကိုလံဘတ်၏ သင်္ဘော ကပ္ပတိန်များ ဘာကြောင့် စပိန်သို့ ပြန်ချင်ကြသလဲ
အောက်တိုဘာလ ဒုတိယ သီတင်းပတ်ထဲတွင် သဘောင်္သားများ ပုန်ကန်ထကြွမှု ဖြစ်လာသည်။ နီနာနှင့် ပင်တာ သဘောင်္များမှ ကပ္ပတိန်များက ကိုလံဘတ်ထံလာပြီး စပိန်သို့ ပြန်လှည့်ရန် ပြောသည်။ သူတို့တွင် ခိုင်လုံသော အကြောင်းပြချက်တွေ ရှိသည်။ ကပ္ပတိန်နှစ်ဦးစလုံးသည် ကိုလံဘတ်ကဲ့သို့ပင် သူရသတ္တိနှင့် ပြည့်စုံသည်။ သင်္ဘောသားများ အယူသီးနေသလို ပင်လယ်တစ္ဆေများအကြောင်းကိုလည်း ယုံကြည်သူများ မဟုတ်။ သို့သော် သူတို့တွင် စားနပ်ရိက္ခာ နည်းနေပြီ။ လောလောဆယ် တိုက်ခတ်နေသည့် လေက သူတို့ကို စပိန်နှင့် ပို၍ပို၍ ဝေးအောင် တွန်းပို့နေသည်။ သည်တော့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်အထဲတွင် အစာငတ်သေကြမည့် အစား စပိန်သို့ အချိန်မီ ပြန်ချင်ကြသည်။
ကိုလံဘတ်က အလျှော့မပေး။ သည်ခရီးစဉ်အတွက် သူသည် တစ်သက်လုံး ပြင်ဆင်ခဲ့ရသည်။ ပြီးတော့ ကုန်းမြေတစ်ခု အနီးသို့ ရောက်နေပြီ ဆိုသည်ကို သူသိနေသည်။ သိသည် ဆိုခြင်းမှာ မျက်ရမ်းမှန်းဆ ပြောခြင်း မဟုတ်။ တစ်နေရာမှ တစ်နေရာသို့ ပျံသန်းသွားသည့် ငှက်တွေကို သူတို့ ခေါင်းပေါ်မှာ မြင်နေရသည်။
ထို့ကြောင့် ကိုလံဘတ်က နောက်ထပ် သုံးရက် အပေးအယူလုပ်သည်။ သူ၏ သင်္ဘောကပ္ပတိန်များက သဘောတူညီချက် တစ်ခုပြုလုပ်သည်။ အောက်တိုဘာ ၁၂ရက် ညနေမှာမှ ကုန်းမြေကို မမြင်ရလျှင် သင်္ဘောများကို စပိန်သို့ ပြန်လှည့်မည်ဟူ၍ သဘောတူညီချက်ရခဲ့သည်။
ကိုလံဘတ် နှင့် သူ့အဖွဲ့ ဘယ်ဒေသသို့ ရောက်သွားသလဲ
သင်္ဘောများကို အနောက်စူးစူးသို့ ဆက်ပြီး ရွက်လွှင့်ကြသည်။ အောက်တိဘာလ ဆယ်တစ်ရက်နေ့တွင် ရေပြင်ပေါ်မှ သစ်ကိုင်းများ နှင့် လူခုတ်ထားသည့် ၀ါးလုံး အချို့ကို ဆယ်ယူရရှိကြသည်။ ရှေ့တူရူတွင် ကုန်းမြေရှိနေ သည်မှာ သေချာသလောက် ဖြစ်နေပြီ။ ထိုည ဆယ်နာရီတွင် ကိုလံဘတ်က ရှေ့ဘက် ခပ်ဝေးဝေး တစ်နေရာတွင် မီးရောင်ကို မြင်ရသည်။ နောက်နေ့နံနက် နှစ်နာရီတွင် ပင်တာသင်္ဘောမှ ညဥ့်တာဝန်ကျသူက မိုးကုတ် စက်ဝိုင်းဆီတွင် ကုန်းမြေကို လှမ်းမြင်ရသည်။
နေထွက်လာသောအခါ သူတို့အဖွဲ့ကလေးသည် ကမ္ဘာသစ်၏ ကျွန်းလေးတစ်ကျွန်း အနီးသို့ ရောက်နေပြီ ဖြစ်ကြောင်း တွေ့ရသည်။ ကျွန်းပေါ်သို့ ပထမဦးဆုံးခြေချသူမှာ ကိုလံဘတ်ပင် ဖြစ်၏။
သစ်တောများ ဖုံးအုပ်နေသည့် ကမ်းစပ်များရှိသော မြောက်အမေရိကတိုက်ကို လိဖ်အဲရစ်ဆန် ရှာဖွေတွေ့ရှိခဲ့သည်မှာ နှစ်ပေါင်းငါးရာနီးပါးရှိပြီ။ ထိုတိုက်ကြီးကိုယခု ကိုလံဘတ်က ပြန်လည် တွေ့ရှိခြင်းဖြစ်၏။ သို့သော် သည်အကြောင်းကို ဘယ်သူမျှမသိ။ သူတို့စိတ်ထဲတွင် အာရှတိုက်သို့ရောက်သွားသည်ဟုပဲ ထင်နေကြသည်။

ကိုလံဘတ်က သူ ပထမဆုံးခြေချသည့်ကျွန်းကို “စန်ဆဲလ်ဗေဒို” (San Salvador) ကျွန်းဟု အမည်ပေးခဲ့သည်။ သူနှင့် တွေ့ဆုံသည့် ကျွန်းသားများအခေါ်အရတော့ “ဂွာနာဟာနီ” (Guanahani) ကျွန်းဟုခေါ်သည်။ ထိုကျွန်းကို ကျွန်ုပ်တို့ ယနေ့ခေါ်ဝေါ် နေသည်မှာ “၀က်တလင်းကျွန်း” ဖြစ်၏။
ကိုလံဘတ်သည် ထိုကျွန်းကို စပိန်နိုင်ငံအတွက် သိမ်းပိုက်လိုက်သည်။ ကျွန်းသားများကတော့ ကိုလံဘတ်၏ အဖိုးထိုက်အဖိုးတန် ၀တ်ရုံတွေကို ကြည့်ပြီး အထင်ကြီးလေးစား နေကြသည်။ သူသည် အရှေ့အင်ဒီးတစ်နေရာသို့ ရောက်သည်ဟု ယူဆသော ကိုလံဘတ်က ကျွန်းသားများကို “အင်ဒီးယန်း” များဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။ ဤကား အမေရိကတိုက်ပေါ်မှ ကျွန်းသားလူမျိုးစုများကို ဘာကြောင့် “အင်ဒီးယန်း” များဟု ခေါ်ဝေါ်ခြင်း၏ ဇစ်မြစ် ဖြစ်ပေသည်။

ကိုလံဘတ်နှင့်အဖွဲ့သည် ဘဟားမား ကျွန်းစု အထဲမှ ကျွန်းတော်တော်များများကို တွေ့သည်။ ထို့နောက် အေတီကျွန်းသို့ ရောက်သည်။ ကိုလံဘတ်သည် စပိန်နိုင်ငံသို့ ၁၄၉၃ ခုနှစ်မတ်လ ဆယ့်ငါးရက်နေ့တွင် ပြန်ရောက်သည်။ သူ့အား သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ဘာစီလိုနာမြို့တွင် အဇ္ဖဘယ်လာ ဘုရင်မကြီး ထံ ၀င်ရောက်ခစားပြီး သူစုဆောင်းရရှိခဲ့သည့် ပစ္စည်းများကို ဆက်သသည်။ ထူးဆန်းသော ငှက်များ၊ တိရိစ္ဆာန်များ၊ ၀ါဂွမ်းများ လှပပြီး အနုစိတ်သော သစ်ထွင်းလက်ရာများ။ စိတ်ဝင်စားစရာ အကောင်းဆုံးမှာ အင်ဒီးယန်း လူမျိုး အချို့ဖြစ်၏။ ကိုလံဘတ်သည် ရွှေတွေလည်း သယ်လာသည်။
စပိန်အာဏာရှင်များက အခွင့်အလမ်းကိုမြင်ပြီး လှုပ်ရှားမှုများ ချက်ချင်းပြုလုပ်သည်။ ကိုလံဘတ်အတွက် ခရီးသုံးခေါက်ထွက်ဖို့ ထပ်မံစီစဉ်ပေးကြသည်။ ထိုခရီးစဉ်များ၏ အကျိုးဆက်အဖြစ် ကာရစ်ဘီယံ ပင်လယ်အထဲမှ အဓိက ကျွန်းကြီးတိုင်းပေါ်တွင် အခြေချခဲ့သည်။ အမေရိကတိုက်အလယ်ပိုင်းမှ နေရာဒေသ အတော်များများနှင့် တောင်အမေရိကကို တွေ့သည်။ သူက လက်အောက်ခံ နယ်မြေပေါင်းများစွာ ထူထောင်ခဲ့သည်။ မြောက်မြားစွာသော ရွှေတွေနှင့် အင်ဒီးယန်းကျွန်များသည် စပိန်သို့ ရောက်လာသည်။
တွေ့ရှိထားသည့် ကမ္ဘာသစ်ကို ဘာကြောင့် အမေရိက ခေါ်တွင်သလဲ
စပိန်နိုင်ငံအတွက် စူးစမ်းရှာဖွေရေး ခရီးစဉ်များ ထွက်ပေးနေသည့် အီတာလျံလူမျိုး “အမေရိဂိုဗက်စ်ပူချီ” (Americo Vespucci [March 9, 1454 - February 22, 1512] )ဆိုသော ရေကြောင်း ကပ္ပတိန် တစ်ဦးရှိသည်။ သူသည် အမေရိကတိုက်သို့ သုံးကြိမ်တိတိ ရောက်ခဲ့ဖူးသည်။ ယခု သူတို့ တွေ့နေရသည့် နယ်မြေသစ်သည် အာရှတိုက်၏ အစိတ်အပိုင်း မဟုတ်ကြောင်း။ သို့သော် အရှေ့တိုင်းသွားသည့် ရေလမ်းကြောင်းတွင် ပိတ်ဆို့နေသည့် ကုန်းမြေကြီးတစ်ခု ဖြစ်ကြောင်း သိမြင်သဘောပေါက်သူ အီတလီလူမျိုး “ဗက်စ်ပူချီ” ပင်ဖြစ်၏။

သူ၏ ခရီးစဉ်များအကြောင်း ရေးသားဖော်ပြချက်များသည် ဥရောပတစ်ခွင်တွင် ပျံ့နှံ့ ကျော်ကြားခဲ့သည်။ ဗက်စ်ပူချီသည် အမေရိကတိုက်ကို စတင်တွေ့ရှိသူ မဟုတ်။ သို့သော် သူ၏ ရေးသားချက်များ၏ အောင်မြင်ကျော်ကြားမှုကြောင့် အသစ်တွေ့ရှိထားသည့် နယ်မြေအား သူ့နာမည်ကို အစွဲပြုလျှက် “အမေရိက” ဟုခေါ်တွင်ခဲ့ကြခြင်းဖြစ်၏။
ကိုးကား
- မြေကြီးရှာသူများ
- http://en.wikipedia.org/wiki/History_of_North_America
- http://lib.lbcc.edu/handouts/vikings.html
- http://en.wikipedia.org/wiki/Vikings
- http://en.wikipedia.org/wiki/Christopher_Columbus
- http://en.wikipedia.org/wiki/Amerigo_Vespucci



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
July 13, 2008 at 2:28 PM
ကျေးဇူးအများကြီးတင်ပါတယ် ကိုမင်းယွန်း
ဗဟုသုတ အများကြီးရပါတယ်။
July 14, 2008 at 9:18 PM
မိုက်တယ်ဗျာ။ အခုလို ဗဟုသုတရတာလေးတွေ မျှဝေပေးတာ...။