twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

သြော်ကောင်းလေစွ (သို့) စက်မှုကျောင်းသား ဘ၀ မှတ်မှတ်ရရ

ကျွန်တော်နယ်မှာ ကျောင်းတက်တုန်းက ဖြစ်ပါသည်။ စက်မှုလက်မှုကျောင်းသား ဆိုတော့ သိကြတဲ့အတိုင်း ကျားဆိုမှ ကျားကြီးပဲဆိုတော့ ကျွန်တော် အပါအ၀င် ရွှတ်နောက်နောက် ဗရုတ်ဗရက် များသာ ဖြစ်ပါသည်။ (ဗရုတ်သုတ်ခ မဟုတ်ပါ)။ ကျောင်းက အဆောင်ပေးသဖြင့် (မပေးတာလဲကောင်းပါတယ်) အပြင်ရပ်ကွက်များတွင် အိမ်များက အဆောင်ပုံစံ အခန်းလေးများ ကန့်ပြီး ငှားပါသည်။ တကယ်အံ့သြဖို့ကောင်းတာက ရိုးရိုးအိမ်တွင် ၂ခန်းလောက်သာ ဖွဲ့လို့ရသော အိမ်ကို လေးခန်းလောက်ရအောင် ဖွဲ့ထားသော အဆောင်ပိုင်ရှင်များ၏ ပညာကား မသေးလှပေ။ ကျောင်းဖွင့်ရာသီ ချိန်မို့ ကျွန်တော်တို့ ကျောင်းသားသစ်လေးများသည် အလွန်တရာ တက်ကြွ နေကြ၏။ အလွန်လဲ ဖော်ရွှေနေကြသည်။ အဆောင်သား အချင်းချင်း အလုပ်မရှိ အကိုင်မရှိ ကျောင်းဖွင့်စမို့ လက်ဘက်ရည်ဆိုင်ကို ညနေတိုင်း အားအားယားယား သွားထိုင်တတ်ကြသည်။ (စကားချပ်။ ။ ကျွန်တော်တို့ အဆောင်နာမည်သည် ဧ၀ရက်ဖြစ်ပါသည်။ ဘယ်လိုသဘောနှင့် ပေးထားလဲတော့ မသိပါ။ အထွတ်အထိပ် ဖြစ်အောင်ပေးထားခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ကျောင်းသား လောက တွင် ထိုသို့ မခေါ်ဘဲ ဒေ၀ဒတ်များ အဆောင် ဟုခေါ်တွင်လေသတည်း။) ပြီးလျှင် ရေလျှံနေတုန်း အချိန်မို့ (ပိုက်ပိုက် ပေါတုန်း အချိန်မို့ အလွနသဒ္ဓါတရား ထက်သန်နေကြသည်။ လက်ဘက်ရည်ဖိုးကို တယောက်ယောက်က အားလုံးအတွက် ရှင်းပေးတတ်ကြသည်။ ဒါကို ကျွန်တော်တို့ကျောင်းမှ senior ကျောင်းသားကြီး ကိုချိုကြီး က ပြုံးပြုံးကြီး နှင့် ဤသို့ပြောသည်။ “မင်းတို့ ကျောင်းသားဝါး မ၀သေးဘူးကွ ဟဲဟဲ” သူပြောတာမှန်၏။ ကျောင်းသားဝါးမ၀သေးကြောင်း ကို ကျောင်းတက်ပြီး တလခန့်အကြာတွင် သိလာပါသည်။ ကျောင်းစတက်တုန်းကတော့ အိမ်က ထည့်ပေးလိုက်သော အခြောက်အခြမ်း၊ မုန့်ပဲသွားရေစာ များနဲ့မို့ အိုကေ စိုပြေနေကြသည်။ များမကြာမှီ ထိုမုန့်ပဲသွားရေစာ များလဲကုန်သွားရော ဆိတ်ပါးစပ်ကဲ့သို့ အငြိမ်မနေတတ်သော ကျွန်တော့်မှာ ကိုယ်ဘာသာကိုယ် ၀ယ်စားရပါသည်။ ဘာလေးလိုလို အိမ်မှာ လို အမေ့ဆီ အလွယ်တကူတောင်းလို့ ရသည်မဟုတ် လက်တလောကို ကိုယ့်ဘာသာကို အသေးအမွှားလေးက အစ ၀ယ်သုံးရသည်။ ထိုအခါလက်ဘက်ရည်ဖိုးကို ဟိုလိုလို ဒီလိုလိုလုပ်ချင်လာကြသည်။ အားလုံးအတူတူပင်။ မလောက်င ကြတော့ပေ။ နောက်တော့ စနစ်တခု ကို ၀ိုင်းဝန်း တင်ပြကြသည်။ ထိုစနစ်မှာ ကိုယ်ဟာကိုယ် ရှင်းစနစ်ဖြစ်လေသည်။ တပတ်တခါ သောကြာနေ့ ရန်ကုန်ပြန်ပြီး၊ တနင်္ဂနွေ ဆို အဆောင်ကို ပြန်လာကာ အိမ်က ပေးလိုက်သော တပတ်စာ မုန့်ဖိုးကို တပတ်လုံးချင့်ချိန်သုံး ကြရသည်။ နောက်တော့ အပေါင်းအသင်း တွေစုံလာတော့ အကျင့်ကောင်းလေးများ တတ်လာသည်။ ဘောလုံးဆိုလျှင် ဘရာဇီးလ်၊ နှင့် မြန်မာဘောလုံး အသင်းသာ သိသော ကျွန်တော်သည် ဘိုရို၊ အာဆင်နယ်၊ မန်ယူတွေဖြစ်လာသည်။ ထိုသို့ ဖြစ်ရဖြစ်လာရခြင်း အကြောင်းစစ်လျှင် တရားခံမှာ သူငယ်ချင်း အကောင်းစားကြီး ချစ်ညီ ဖြစ်လိမ့်မည် ထင်သည်။

“လယ်ဗယ် ၃၀ ရှုံးဆိုတော့ မဆိုးဘူးကွ”

“ဘာရယ်”

“စပါးနဲ့ အာကြီးပွဲလေ ဒီနေ့ရှိတယ်ကွ”

“ဘယ်က အာကြီးလဲ သူက တုတ်ထိုးရောင်းတာလား”

“ဟိုက်”

ကျွန်တော် ဘောလုံးပွဲတော့ အနည်းငယ် စိတ်ဝင်စားသဖြင့် ချစ်ညီခေါ်ရာ ဘောလုံးပွဲ ရုံများသို့ သွားကြည့်ဖြစ်ပါသည်။ အမယ် ဒီကောင်လောင်းရင်တောင် ထည့်လောင်းကြည့်သေးသည်။ ပထမ နိုင်ပါသည်။ beginner luck ဖြစ်လိမ့်မည်ထင်သည်။ နောက်တော့ ခွက်ခွက်လန်အောင် ရှုံးလာပါသည်။ တော်ပြီကွာ ငါမလောင်း တော့ဘူး၊ ဒါပေမယ့် ဘောလုံးပွဲတော့ လိုက်ကြည့်မယ် ဟု (အမှန်က ပိုက်ပိုက် လဲ ပြတ်နေတုန်းမို့) ပြောပြီး EPL ဘောလုံးပွဲများကို ကြည့်ရင်း နှင့်စွဲသွားပါတော့သည်။ အာကြီးလဲ သိလာပါသည်။ မန်ယူလဲ သိလာသည်။ ထိုမှ ကျော်လွန် ပြီး အေစီ၊ ဂျူဗင်၊ ဘာကာ စသည်တို့ သိလာသည်။ EPL ဘောလုံးပွဲ များသည် အများအားဖြင့် (အလွန်ဆုံး) ၁၁နာရီ ထိသာကန်ကြသည်။ စနေ၊ တနင်္ဂနွေ အိမ်မပြန်ဖြစ်သော နေ့များတွင် ချစ်ညီ နှင့် လိုက်ကြည့်ဖြစ်သည်။ တခါ ဖြစ်ချင်တော့ ချန်ပီယံလိဂ် ရာသီနှင့် ကြုံကြိုက်လာ၏။ အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်သည် အအိပ်မက်သော သူဖြစ်ပြီး အိပ်ရေးပျက် မခံနိုင်သူ ဖြစ်၏။ အဲဒိနေ့က ချန်ပီယံလိဂ်ပွဲက မန်ယူ နဲ့ ဘာနဲ့လဲမမှတ်မိတော့ပါဘူး။ ၁း၃၀ ပွဲကြည့်ဖို့ ကျွန်တော့်နဲ့ ချစ်ညီတို့ ဘိလိယက် ထိုးရင်း စောင့်ကြသည်။ ဘိလိယက် အထိုးကောင်းနေတာနဲ့ ဘောလုံးပွဲ အမှီ ဘောပွဲရုံကို အမှီပြေးရသည်။ ပွဲကစနေပြီမှတ်လား။ တရုံလုံး ကြည့်လိုက်တော့ ကျွန်တော်တို့ ကျောင်းသားတွေ ချည်းပဲ။ ကိုယ်က နည်းနည်းနောက်ကျ သွားတာမို့ နောက်ဆုံး ခုံတန်းလျားလေးမှာပဲ နေရာရတယ်။ ချစ်ညီက တီဗွီနဲ့ နီးတဲ့ နေရာကို ခုံယူပြီး သွားထိုင်တော့ လွတ်လွတ်လပ်လပ်ပဲ ကျွန်တော်က ခြေဆန့် လက်ဆန့်ကြည့်တာပေါ့။ ကြည့်ရင်းကြည့်ရင်း ပထမ ခြေဆန့်ပြီး ကြည့်တယ်။ နောက်တော့ လက်တန်းလေးပေါ် ခေါင်းလေး တင်ပြီး ကြည့်တယ်။ နောက်တော့ ဘယ်လိုဘယ်လို အိပ်ပျော်သွားမှန်းမသိပဲ အိပ်ပျော်သွားသည်။

ခဏကြာတော့

“ဟေ့ကောင် ထထ အိပ်ချင်ရင် အဆောင်ပြန်အိပ်တော့ကွာ”

ချစ်ညီနှင့် ကျွန်တော့် သူငယ်ချင်းများက အတင်းလာနှိုးကြသည်။

ပြီးတော့ အိပ်မှုံစုံမွှားနှင့် ကျွန်တော့်ကို အားလုံး ၀ိုင်းရီကြသည်။ ကျွန်တော်က အူကြောင်ကြောင် နှင့်

“ဘာလို့ ရီနေကြတာလဲ”

“ဟား ဟား ဟား ရီမှာပေါ့ကွ။ မင်းဟောက်နေတာ တရုံလုံး မင်းအသံကြီးပဲ။ ငါတို့က ရင်တထိတ်ထိတ်နဲ့ ပွဲကို စိတ်ဝင်တစား ကြည့်လို့ကောင်းနေ မင်းက နောက်ကနေ အသံဗြဲကြီးနဲ့ ဟောက်လို့ ဟိန်းနေတာပဲ”

အဲလိုပြောတော့ ကျွန်တော် ရှက်သွားမယ် ထင်လား( အဟီးနိုးပဲ) ခပ်တည်တည်နဲ့ ပြန်ဟောက်နေလိုက်တယ်။ မှတ်ကရော။ နောက်နေ့မှာ နာမည်ကို ကြီးလို့ “ဟောက်ကြီး” ဆိုပြီးတော့လေ။

(ကျွန်တော် ကျောင်းတက်တုန်းက အမှတ်တရလေးတွေကို အလွမ်းပြေ အလျင်းသင့် သလိုပြန်လည် ရေးသားပါ့မယ်)

Read Users' Comments (0)

0 Response to "သြော်ကောင်းလေစွ (သို့) စက်မှုကျောင်းသား ဘ၀ မှတ်မှတ်ရရ"