twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တစ္ဆေတစ်ကောင်ရဲ့တေးသီသံ-အပိုင်း(၂)

(၃)
“နေခန့်ရေ…နေခန့်ရေ….ငါ့ကို …….ကယ်…..ပါဦးကွာ…နေ……ခန့်ရေ”
အသံသည် အဝေးတစ်နေရာဆီမှ သူ့ကို အကူအညီတောင်းနေသည့် အသံဖြစ်သည်။
လှေကားရင်းတွင် သူသည် တက်မည့် ဆဲဆဲဖြစ်နေသည်။
“နေ……ခန့်ရေ..ငါ့……..ကို ကယ်ပါဦး…”
“မင်းဘယ်မှာလဲ… ဘယ်ကအော်နေတာလဲ…”
“…….ငါ……..မင်း…….အကူအညီ…….လိုနေတယ်ကွာ.. ငါ့…..ကို အမြန်လာကယ်ပါ။”
အသံက တိုးလိုက်ကျယ်လိုက် ပြတ်တောင်း ပြတ်တောင်းဖြစ်နေ၏။
“မင်းကို ငါဘာကူညီရမှာလဲ”
“………..ငါ……..အပေါ်….ထပ်မှာ ပါ မင်းတက်လာခဲ့ပါကွာ”
လှေကား၏ ဘယ်ဘက်ကပ်လျက် အခန်းမှ အော်နေခြင်းဖြစ်ရာ နေခန့်က တံခါးကို ဆွဲဖွင့် လိုက်သည်။ အခန်း၏ အလယ်၌ ရှိသော ကုတင်စောင်းတွင် သူ့ကိုကျောပေး၍ သူ့အရွယ်ခန့် ရှိသော လူငယ်တစ်ယောက် ထိုင်နေ၏။
ကုတင်နားသို့ တရွေ့ရွေ့နှင့်ထို လူငယ်နား တိုးကပ်သွား၏။ နေခန့်က သူ့ပုခုံးကို လှမ်းဆွဲလိုက်စဉ် “အား”
အမျိုးအမည်မသိသော နောက်ကျိ မူးမိုက်ခြင်းမျိုးဖြစ်သွား၏။ ခပ်မှောင်မှောင် အခန်းထဲတွင် သူ့ဘက်မှာ အလင်းရောင် မှိန်ဖျဖျရှိပြီး ထိုလူစိမ်းမှာ အမှောင်ဖက်ခြမ်းတွင် ရှိတယ်ဆိုရုံလောက် သာ မသဲမကွဲမြင်နေရသည်။ နောက်ထပ်နေရာသစ်တစ်ခု ကို ရောက်သွားခြင်းမျိုးဖြစ်နိုင်သည်။
သူတစုံတစ်ခု ပြောပြဖို့ အားယူနေသည်။ မဟုတ်ဘူး။ ပြောပြနေသည်ဟု ထင်ရသည်။ သို့သော် လက်တွေ့တွင် ဘာသံမှ ထပ်မထွက် လာတော့ပေ။ တစုံတခုကို သေချာရှင်းပြနေသည်။ သူ၏ ၀ိုးတ၀ါး ပုံရိပ်က တဖြည်းဖြည်း လှုပ်ရှားသလို ဖြစ်လာသည်။
“ငါဘာမှ မကြားရတော့ဘူးကွာ”
“……..”
သူအော်ပြောနေရှာပြန်သည်ဟုထင်သည်။
“၀မ်းနည်းပါတယ် ငါဘာမှ ထပ်မကြားရတော့ဘူးကွာ”
“…….”
သူ့ပုံရိပ်က ပုံစံပျက်လာသည် မီးခိုးငွေ့များ လွင့်ပျယ်သလို ဖြစ်လာသည်။ များမကြာမှီမှာပင် သူ့ကို လုံးဝ သေချာ မမြင်ရနိုင်တော့ သည့် အနေအထားမျိုးဖြစ်သွားသည်။ မကောင်းသော အနံ့အသက် တစ်မျိုးကို ရှုရှိုက်မိသလိုပဲ။ ခပ်မှိုင်းမှိုင်းဖြစ်နေသော အရာများသည် သူ့ပတ်ချာလည်တွင် ၀ိုင်းပတ်လာသည်။ နေခန့် ထိုအရာများကို ကြည့်ပြီး အန်ချင်သလိုလို ရင်ထဲမှာ မကောင်းသလို မျိုးကြီးဖြစ်လာ၏။ သူကို တယောက်ယောက် က လေဟာနယ်ထဲသို့ တွန်းလိုက်သလို ရုတ်ချည်း လွင့်စဉ်သွားပြီး ရင်ထဲမှာ ဟာကနဲ ဖြစ်သွားသည်။
“ဟား……”
ရုတ်တရက် အိပ်ယာမှ ငေါက်ကနဲ ထထိုင်မိလျက်သား ဖြစ်နေ၏်။ ပြတင်းပေါက်မှ အလင်းရောင်များသည် သူ့အခန်းထဲသို့ ဖျာကျနေသည်။ ပြတင်းပေါက် ၏ အပေါ်ဘက် ခေါင်မိုးစွန်း မှစာကလေးများ တကျိကျိနှင့် အော်မြည်နေကြသည်။ မိုးစင်စင်လင်း နေလေပြီ။
ထိုနေ့ တမနက် လုံး ဖေဖေနှင့် ပစ္စည်းပစ္စယာများ နေရာတကျ စီရီခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ဧည့်ခန်းကို အလှအပဆင်ယင်ခြင်းများဖြင့် အချိန်ကုန်လွန်ခဲ့သည်။ နေခင်းစာကို မေမေ ချက်ကျွေးသော မျှစ်ချဉ်နှင့် ၀က်သားဟင်းကို ဗိုက်ဆာဆာနှင့် စားပြီး အပေါ်ထပ်သို့တက်ကာ ထမင်းလုံးစီပြီး ဇိမ်ရစ်နေ၏။ အိပ်မလို့ လုပ်ပြီးကာမှ သူ့အခန်းဘေးမှ စတိုခန်းကို သွားမွှေချင်လာသည်။ စတိုခန်းထဲသို့ ဒုတိယအကြိမ် ၀င်ပြန်ပြီး အရင်ဆုံး ဗီဒိုကြီးကို ဖွင့်ကြည့် သည်။ ဗီဒိုထဲတွင် ဘာပစ္စည်းမှ မယ်မယ်ရရ မရှိတော့ပဲ ကင်းအိမ်မျှင်များ အတွင်းထောင့်များတွင် တွယ်ကပ်နေသည်။ ဗီဒိုထဲတွင် ဖြန့်ခင်းထားသော သတင်းစာ စက္ကူအစုတ်များ နှင့် ပွကျဲနေ၏။ ဗီဒိုထဲတွင် အံသုံးဆင့် ရှိသည်။ နေခန့်သည် ဘာရယ်မဟုတ်ဘဲ တဆင့်ချင်းလျှောက်ကြည့်နေ၏။ အောက်ဆုံးအဆင့်တွင် ကပ်ထူပုံး တစ်ခုကို တွေ့ရ၏။ ကပ်ထူပုံးကို ဆွဲထုတ်လိုက်သည်။ “ဂလုပ်” မာသော အရာဝတ္တုတစ်ခု ၏ အသံကိုကြားလိုက်ရသဖြင့် ကပ်ထူပုံးထဲတွင် တခုခုရှိမည်အထင်ဖြင့် ထိုပုံးကို ဖွင့်ကြည့်လိုက်ရာ ထူးဆန်းစွာပင် ထိုထဲတွင် မည်သည့် မာသော အရာတ္တုမှ ရှိမနေဘဲ စက္ကူစုတ်များသာ ရှိနေ၏။ သူနားနှင့်ဆပ်ဆပ် ကြားလိုက်ရသော ထိုအသံသည် ကပ်ထူပုံးထဲမှ မဟုတ်လျှင် ဗီဒိုထဲမှ ဖြစ်မည်ဟု သူတွက်ဆလိုက်သည်။ သူတွေးထင်သည့် အတိုင်းပင် ဗီဒိုအောက်ဆုံးအဆင့်တွင် အံဝှက်တခု ကို တွေ့ရ၏။ အံဝှက်ထဲတွင် ဆေးစာအုပ် (လူနာမှတ်တမ်း)စာအုပ်နှင့် ဗလာစာအုပ်လေးတစ်အုပ်ကို တွေ့ရသည်။ နေခန့်စိတ်ဝင်စားစွာဖြင့် လူနာမှတ်တမ်းစာအုပ်ကို ဖွင့်ကြည့်သော်လည်း သူနားမလည်သော ဆေးစာများဖြစ်နေသဖြင့် ဗလာစာအုပ်ကို လှန်လှောကြည့်ပြန်သည်။ စာအုပ်ထဲတွင်
“ညီလေး….
၂၃. ၅. … တွင် သေဆုံးသည်။” ဟုပထမဆုံးစာအုပ်တွင် ရေးထားသည်။ နောက်စာမျက်နှာ တွင်တော့ ညီအစ်ကို ၂ ဦးဟုထင်ရသော ဓာတ်ပုံ၂ပုံအား စာရွက်ပေါ်တွင် တိပ်နှင့် ကပ်ထား၏။ တဦးမှာ ၁၄ နှစ်ခန့်ရှိပြီး နောက်တဦးမှာ ၁၂ နှစ်ခန့် ရှိကာ ညီအစ်ကို ၂ ဦးဟု ပြောစရာမလိုအောင် ရုပ်ချင်း အနည်းငယ်ဆင်တူကြသည်။

ထိုစဉ် တစုံတခုက သူ့ခန္ဓာကိုယ် ဘေးမှဖြတ်တိုက်သွား သလိုခံစားရပြီး ကြက်သည်းမွှေးညှင်းများ ပင်ထသွား၏။ တစ်ယောက်ယောက်ရှိ နေသလိုလိုပင်။ တစုံတခုတော့ မှားယွင်းနေချေပြီ။ တစုံတယောက်က သူ့ကို ကြည့်နေသလို မလုံမလဲ ဖြစ်နေ၏်။ သရဲ တစ္ဆေ တစ်ကောင် ကောင် များရှိနေသလား။ နေ့ခင်းကြောင်တောင်ကြီးမို့ မဟုတ်လောက်ပါဘူးလေလို့ သူ့စိတ်ကို ပြန်ဖြေ လိုက်သည်။ သို့သော် သူ့စိတ်သူပြန်ဖြေသော်လည်း ကြာကြာမခံပါ။ မကောင်းသော အကောင်တစ်ကောင်ကောင် ရှိနေပြီဟု သူပို၍ထင်လာသည်။ ညက အိပ်မက်ထဲကလို သူ့ကို တစ်ယောက်ယောက်က ရှင်းပြချင်နေတာလား။ တွေးလေ စိတ်ရှုပ်လေ ဖြစ်လာသည်။ ရုတ်တရက် သူ့ပခုံးကို လက်တစ်ခုက လာကိုင်လိုက်၏။
“အား”
ဖေဖေ ဖြစ်သည်။ ဖေဖေက သူသွေးပျက်သွားပုံကို ကြည့်ပြီး အံ့အားသင့်သွား၏။
“သားဘာတွေ စဉ်းစားနေလို့ ဒီလောက်အထိတ်တလန့် ဖြစ်နေတာလဲ။”
“ဟိုဟို စတိုခန်းထဲ…”
ဖေဖေ့ကို သူပြောရင် ကောင်းမလား ဟု စဉ်းစား ပြီးကာမှ ဤသို့ အဓိပ္ပါယ်မရှိသော ကိစ္စကို ပြောပြ လျှင် ယုံလိမ့်မည် မဟုတ်မှန်းသိ၍
“ဘာမှ မဟုတ်ပါဘူးဖေဖေ… ဒီစတိုခန်းကို ဖေဖေ ဒီအတိုင်းထားမှာလား။”
“အေး ထားလိုက်ပါကွာ ဒီအတိုင်း ဖေဖေတို့ မသုံးတဲ့ပစ္စည်းတွေလဲ ဒီထဲပစ်ထည့်ထားလို့ ရတာပဲကွ။ သားဖေဖေ့ကို လမ်းထိပ်က သံဆိုင်မှာ အိမ်ရိုက်သံ နည်းနည်းသွားဝယ်ပေးပါအုံးကွာ”
“ဟုတ်ကဲ့ဖေဖေ”
----------------------
သူတို့ရပ်ကွက်ကို အခုမှ သေချာကြည့်မိသည်။ အတော်အတန် ဆိတ်ငြိမ်လှပြီး အိမ်ခြေအတော် ကျဲပါးသည်။ သူတို့ အိမ်ဘေး၂ဖက်လုံးတွင် လူမနေကြပေ။ ညာဘက်ခြံမှ ၂ထပ်တိုက်ကြီးသည် ဆောက်လက်စ တန်းလန်းကြီးဖြစ်ကာ သံချောင်းများထိုးထိုးထောင်ထောင်နှင့် လုံးဝ အကြမ်းထည်ကြီးဖြစ်သည်။ ဘယ်ဘက်ခြံသည် မြေကွက် သက်သက်သာဖြစ်ပြီး အုတ်တံတိုင်း ကာထားသော အတွင်းဘက်ခြံထဲတွင် ချုံနွယ်များ တောထနေ၏။ မျက်နှာချင်းဆိုင်တွင် အိမ်၂အိမ်သာ ရှိသည်။ ဒီလောက်ခေါင်သော နေရာကို ဖေဖေနှင့် မေမေဘာလို့ရွေးငှားကြတာ ပါလိမ့်။ သံဆိုင်က လမ်းထိပ်ဟုဆိုသော်လည်း လမ်းထိပ်ကား အတော်ခပ်ဝေးဝေးထိ လျှောက်ရအုံးမည် ထင်သည်။ သူ့နောက်မှ တဦးဦး လိုက်လာသလိုလိုရှိသဖြင့် လှည့်ကြည့်လိုက်သည်။ အာကာ…။ တနေ့ည က သူ့အိမ်ကို လာလည်တဲ့အာကာ။
“အာကာပါလား…မင်းဘယ်သွားမလို့လဲ”
အာကာသည် သာမန်ကလေးများနှင့် မတူဘဲ နဲနဲတော့ လူကြီးဆန်သလိုလိုပင်။
“ဘယ်မှမသွားပါဘူး.. အစ်ကို့နောက်ကို သက်သက်လိုက်လာတာ ပြောစရာရှိလို့”
“ပြောလေ ဘာပြောမလို့လဲ”
“အစ်ကို့ကို ကိုဒီရဲက တွေ့ချင်လို့တဲ့။ သူအစ်ကို့ကို တခုခုရှင်းပြချင်နေတယ်။ ပြီးတော့ သူ့ခင်မျာ အကူအညီလိုအပ်နေတယ်လို့ ကျွန်တော်ထင်တယ်။”
“အာကာ ရေမင်းပြောတာတွေ တခုမှငါမသိဘူး။ အဲဒီ ဒီရဲက ဘယ်မှာနေလို့လဲ။ ဒို့ရပ်ကွက်ထဲကလား”
“ဘယ်မှာမှ မနေဘူး၊ အစ်ကိုတို့ အိမ် အပေါ်ထပ်မှာနေတယ်လေ”
“ဘာ…”

(၄)
ညက တောင်တွေးမြောက်တွေးနှင့်မို့ အိပ်ရေးမ၀သလို ဖြစ်နေ၏။ ဟိုတနေ့က မက်သော အိပ်မက်မျိုး ညက ထပ်မက်သေးသည်။ Lecture ချိန်၌ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘဲ အိပ်ပျော်သွားသည်။ အတန်းချိန်ပြီး၍ သီဟနှိုးတော့မှ နိုးတော့၏။
“ဟေ့ကောင် မင်းညက ဘာတွေ လုပ်နေလို့ အိပ်ရေးတွေ ပျက်နေတာလဲ”
“အေးကွာ…. ညက ငါတော်တော်နဲ့ အိပ်လို့ မပျော်ဘူးကွ ငါမင်းကို တခုပြောပြစရာရှိတယ်”
နေခန့် သူအိမ်ပြောင်းလာသည့်နေ့က အကြောင်းမှအစ အာကာပြောပြသည်အထိ ရှင်းပြလိုက်သည်။
“မင်းပြဿနာက နဲနဲတော့ ထူးဆန်းနေတယ်ကွာ”
သီဟက စကားကို ဆက်မပြောဘဲ နေခန့် အခြေအနေကို အကဲခတ်သလို စိုက်ကြည့်နေ၏။

“ဟ..ဟ ဟေ့ကောင် ငါကို အဲဒီလိုမျိုးကြီး မကြည့်နဲ့ကွာ၊ မင်းကြည့်တဲ့အဓိပ္ပါယ်ကို ငါသိတယ်ကွ၊ ငါနေကောင်းတယ် ဘာမှမဖြစ်ဘူး။”

နေခန့်က သူ့ကို တမျိုးကြီးကြည့်နေသော သီဟကို အမြန်ဖြေရှင်းချက်ပေးလိုက်ရ၏။

“အေးပါကွာ ငါကစိတ်ပူလို့ပါ။ ဒါဆို မင်းဟိုကလေးပြောသလို အဲဒိ ဘာမှန်းမသိတဲ့ သူက မင်းကို တွေ့ချင်တယ်ဆိုတော့ မင်းတွေ့ လိုတွေ့ငြား ကြိုးစားကြည့်ပေါ့ ဟုတ်မဟုတ်ဆိုတာ”

“ပြောတော့သာ လွယ်တာကွာ အဲဒိကောင်က ငါ့ကို အန္တရာယ် တခုခုများ ပေးမလားလို့ပါ”
“မင်းသဘောက အဲဒိကောင် မင်းတို့ အိမ်မှာ ရှိတယ်လို့ တစ်ထစ်ချယုံနေတယ်ပေါ့ ဟုတ်လား”
သီဟက မယုံကြည်သေးသလိုနဲ့ ထပ်ဆင့်မေးပြန်သည်။

“အေးငါတော့ အဲလိုခံစားမိတာပဲကွာ၊ ဘာလဲ မင်းက အခုထိမယုံသေးဘူးလား၊ ငါတော့ တယောက်ယောက် အိမ်ထဲမှာ ရှိနေသလို တမျိုးကြီး ဖြစ်နေတယ်”

“ဒါမျိုးတခါမှ မကြားဘူးတော့ ငါလဲ ယုံရခက်ကြီး ဖြစ်နေလို့တယ်၊ ဒါပေမယ့် အခု အခြေအနေအရ ဆိုရင် အဲဒိအကောင်က မင်းအကူအညီလိုနေတယ်ဆိုတော့ မင်းကိုတော့ ဘာမှမလုပ်လောက်ပါဘူး။”

“အေးအေး မင်းပြောတော့ သာ လွယ်တာ ငါတွေ့ ရမှာ နာနာဘာဝတစ်ကောင်ဆိုတာလဲ မမေ့နဲ့ အုံး”
သီဟက သူ့ကို ပြုံးပြီး ကြည့်ရင်း(အမှန်တော့ ကလိလိုက်ခြင်းဖြစ်သည်)
“ဘာလဲ မင်းကသရဲ ကြောက်တတ်လို့လား”
အမှန်တကယ်ဆို ရင်ထဲ၌ ကြောက်ရွံ့စိတ်အနည်းငယ် ရှိသော်လည်း ထိုသို့ မခံချင်အောင်မေးလိုက် သဖြင့်
“လုံးဝပဲ” ဟု ညာပြောမိလိုက်သည်။



(၅)
ဒီနေ့ည အဖို့ သူလုံးဝ မအိပ်ပဲ စတိုခန်းထဲသို့ ၀င်ကာ တစ်ခုခုထူးခြားလာလို ငြား ထိုင်စောင့်နေ၏။ ရင်ထဲတွင် ကြောက်ရွံ့စိတ်ရှိနေသော်လည်း စူးစမ်းချင်စိတ်က ပိုများနေသည်။ နာရီမှ ၁ နာရီ ထိုးသော တီးလုံးသံစဉ်သည် တိတ်ဆိတ်သော ၀န်းကျင်ကို ပို၍ ခြောက်လှန့်နေသလိုပင်။
အခန်း၏ အလယ်နားရှိ သေတ္တာပေါ်တွင် ထိုင်နေရင်း သူ့၏ ရှေ့တူရူရှိ တံခါးကိုသာ စိုက်ကြည့်နေမိသည်။
မကြာမှီပင်
“နေခန့်ရေ…”
ခြောက်သွေ့တိုးညင်းသော အသံက သူ့ကျောပြင် တခုလုံးစိမ့်တက်သွား၏။ အသံသည် သူ့ကျောဘက်ဆီမှ လာခြင်းဖြစ်၏။
သူလှည့်ကြည့်တော့ အခန်း၏ ထောင့်စွန်း မှောင်ရိပ်ကျသော နေရာတွင် အရိပ်လိုလို၊ အငွေ့ လိုလို သဏ္ဌာန်တခုကို ၀ိုးတ၀ါး တွေ့ရသည်။ သူအံ့သြလွန်း၍ ကြက်သေသေနေမိသည်။
“နေခန့်ရေ…ငါ့ကို လာရှာလို့ ကျေးဇူးတင်တယ်ကွာ”
“ခင်..ခင်များ..ဘယ်သူလဲ”
“ငါဒီရဲ ပါကွာ… မကြောက်ပါနဲ့ ငါမင်းကို ဘာမှ မလုပ်ပါဘူး။ ငါကသာ မင်းအကူအညီလိုနေတာပါ။”
အမှန်တကယ်တောင်းပန်တိုးလျှိုးသော အသံဖြင့် ထိုသတ္တ၀ါမှာ အန္တရာယ်ပြုမည်ပုံ မပေါ်သဖြင့် အနည်းငယ် ကြောက်စိတ်ပြေသွား၏။
“ဆောရီးကွာ…ငါမင်းကို ဆက်သွယ်ဖို့ အတွက် မင်းကို အိပ်မက်ပေးဖို့ ကြိုးစားရတာပါ။”
“ခင်..ဗျား.. ရှိနေတာ အာကာ သိနေတယ်လား”
“ဒါက ဒီလိုပါ။ ငါတို့ death force တွေဟာ မိန်းမနဲ့ ကလေးတွေ။ အထူးသဖြင့် စိတ်နုတဲ့ သူတွေ ဆီကို အလွယ်တကူ ချဉ်းကပ်လို့ ရပါတယ်။”
“ဒါဖြင့်…ကျွန်တော်..ကကော”
“မင်းမြင်ဖို့ ကျတော့ ငါခုနက ပြောသလို ပထမအဆင့် ငါရှိနေတယ်ဆို တာ မင်းစိတ်ထဲမှာ ထင်မှတ်လာအောင် အိပ်မက်တွေပေး၊ အာကာလေးနဲ့ ဆက်သွယ်ပြီး ယုံကြည်စိတ်ရှိလာအောင် လုပ်ရတာပေါ့။ အဲဒါ တနည်းအားဖြင့် ခြောက်လှန့်ခြင်းလို့ ခေါ်မလားမသိဘူး။ ဒုတိယ အနေနဲ့ မင်းဒီအခန်းထဲ ရောက်လာတဲ့အခါ မြင်ရဖို့ ငါ့ အငွေ့(gas) တွေကို room temperature ငြိမ်တဲ့ အထိ တော်တော်ကြာကြာ စောင့်ဆိုင်းရတယ်လေ”
တော်တော်နားလည်ရခက်သော ကိစ္စဖြစ်သည်။ သူ့ အဖြစ်မှာ တစ္ဆေတစ်ကောင်နှင့် လည်း စကားပြောရပြီး သူတခါမှကြားဖူးသော ထူးထူးဆန်းဆန်း အရာများကို လဲသိလာရသည်။ ဘာပဲဖြစ်ဖြစ် ထိုတစ္ဆေသည် သူကြားသိဖူးသမျှထဲ တွင် စာတတ်ပေတတ် တစ္ဆေဖြစ်သည်ဟု အသာပြုံးလိုက်မိသည်။
“မင်းငါဒါတွေကို သိနေလို့ အထူးအဆန်းဖြစ်နေတာလား။ ဒီလိုပါ ငါဟာ ဒီဘ၀မရောက်ခင် လူ့ဘ၀မှာ တုန်းက သရဲတစ္ဆေအကြောင်းတွေကို အလွန်အကျွံစိတ်ဝင်စားတဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့တယ်လေ”
သူစိတ်ထဲ တွေးနေသော အရာများကို သိနေသဖြင့် နေခန့် အနည်းငယ်တော့ ဖြုံသွားသည်။
“ထားပါတော့…ငါ့အကြောင်းပြောပြရင် ငါတို့မိသားစုဟာ အရင်က ဒီအိမ်မှာ နေခဲ့ကြတာပေါ့။ ငါရယ်၊ မေမေရယ်၊ ငါ့ညီလေးရယ်ပေါ့။ ငါ့အဖေကတော့ ငါတို့ ငယ်ငယ်လေးတည်းက မရှိတော့တာလေ။ ဒီလိုနဲ့ အေးအေးဆေးဆေး နေလာကြရင်းက တနေ့ ငါ့အမေ က အိမ်မှာ ခိုင်းဖို့ ဆိုပြီး မိန်းမတစ်ယောက်ကို ခေါ်လာခဲ့တယ်။ ငါအဲဒိမိန်းမ ကို မြင်မြင်ချင်းပဲ ဘာကြောင့်မှန်းမသိဘူး။ မနှစ်မြို့ဘူး။ ငါသူ့ကို အမြဲတမ်းစောင့်ကြည့်နေခဲ့တယ်။ သူကလဲ ငါ့ကို ပြန်စောင့်ကြည့်နေတယ်လို့ ငါထင်တယ်။ အိမ်မှုကိစ္စနဲ့ ပတ်သက်လို့ ဘာမှပြောစရာမရှိပေမယ့် သူ့ ပုံစံက မသင်္ကာ စရာပဲ်။ မျက်လုံးတွေက မငြိမ်ဘူး။ ငါ..ငါ့အမေကို ပြောပြဖူးတယ်။ ဒါပေမယ့် အမေက ငါပြောတာကို လက်မခံခဲ့ဘူးကွ။ သူက ငါ့ညီလေးကို ဂရုစိုက်တဲ့ပုံစံ လုပ်ပြတယ်လေ။ ငါတနေ့မှာ ကျောင်းက လေ့လာရေး အဖွဲ့ နဲ့ ခရီးတခု ထွက်ခဲ့ပြီး နှစ်ပတ်လောက်ကြာလို့ ငါပြန်လာတော့ အိမ်မှာ ညီလေး အသည်းအသန်ဖျားနေလို့ ဆေးရုံတင်ထားရတယ်။ ထူးဆန်းတာက ငါ့ညီလေးမှာ ဘာရောဂါမှ မယ်မယ်ရရရှာမရ ဘဲ ဖြစ်နေတယ်ကွာ။ ဆရာဝန်တွေလုံးဝ အစွမ်းကုန်ကုနေတဲ့ကြား က ငါ့ညီလေး နှစ်ရက်တိတိ မျောသွားခဲ့တယ်။ ငါတို့ သေပြီလို့ သတ်မှတ်ပြီး ကာမှ မမျှော်လင့်ဘဲ ငါ့ညီပြန်သတိရလာတယ်။ ငါတို့ သားအမိမှာ ဆုံးပြီလို့ သတ်မှတ်ပြီးမှ ညီလေးမသေဘူး ဆိုတော့ ၀မ်းသာလို့ မဆုံးဘူးပေါ့ကွာ။ ဒါပေမယ့်…..ကွာ…ညီလေးဟာ ငါတို့ထင် သလို မဟုတ်ခဲ့ပါဘူး…….”
ထိုစဉ် အပေါ်ထပ်သို့ တက်လာသော ခြေသံတခုကို ကြားလိုက်ရသဖြင့် ဒီရဲ အသံလဲ ရုတ်တရက်တိတ်သွား၏။ နေခန့်လဲ ဗီဒိုနောက်သို့ အသာကပ်ပြီး ပုန်းနေလိုက်သည်။ အခန်းထဲသို့ ဓာတ်မီးရောင်များ ဖြာကျလာပြီး မီးရောင်က ဟိုဟိုဒီဒီ လျှောက်ထိုးနေ၏။ နေခန့် အဖေသည် စကားသံသဲ့သဲ့ကြား၍ အပေါ်တက်လာခြင်းဖြစ်သည်။ ပစ္စည်းများရှုပ်ပွနေသော စတိုခန်းထဲသို့ သူ့စိတ်ကြိုက် ဓာတ်မီးဖြင့် ထိုးကြည့်ပြီးမှ တံခါးကို ပြန်ဆွဲပိတ်သွား၏။ ယခုချိန်မှာ သူ့ကို တွေ့သွားလျှင် နေခန့် မရှင်းပြတတ်သောကြောင့် ပုန်းကွယ်နေတာ အကောင်းဆုံးဟု ယူဆပြီး သူပုန်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော်ဖေဖေသည် စတိုခန်းပြီးနောက် သူ့ အခန်းတံခါးကို ဖွင့်သံကြား လိုက်ရသဖြင့် သူလန့် သွားသည်။ ဖေဖေက အခန်းထဲကို ခဏမျှတိတ်ဆိတ်စွာ ကြည့်ပြီးမှ လှေကားအောက်သို့ ဆင်းသွားသော ခြေသံများကြားလိုက်တော့မှ သူ့စတိုခန်းမှ ထွက်ခဲ့၏။ သူအခန်းထဲ သို့ မ၀င်မှီ ၀ရံတာနားက ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထူးဆန်းစွာပင် အိမ်ရှေ့အိမ်မှ အာကာသည် ပြတင်းပေါက်ဆီမှ သူတို့အိမ်ဘက်ကို လှမ်း၍ကြည့်နေလေသည်။

Read Users' Comments (1)comments

1 Response to "တစ္ဆေတစ်ကောင်ရဲ့တေးသီသံ-အပိုင်း(၂)"

  1. ပုံရိပ် / Pon Yate says:
    July 28, 2007 at 11:16 PM

    တရဲ အကြောင်း ကြောက်ကြောက်နဲ့ စောင့်ဖတ်နေတယ်။ ဆက်ရေး နော် ဟီး