Posted in
Labels:
News
|
Monday, June 30, 2008
Congratulation Spain (Source: New York Times)
ပြောရင်ယုံမလားတော့ မသိဘူး ယူရိုပွဲကို စကတည်းက တပွဲမှမကြည့်လိုက်ရဘူး။ အကြောင်းက ညဘက် အပြင်ထွက်ရမှာ အခက်အခဲရှိတာကြောင့် တမျိုး။ ဟိုကုလားမ နာဂစ်လုပ်လို့ စလောင်းရွက်လဲ ကျိုးကုန်တာ..ခုထိ ပြန်မတပ်ရသေးဘူး :( ။ ကဲအခုတော့ ယူရိုပွဲပြီးသွားပြီ စပိန်နိုင်သွားပြီတဲ့။ ပျော်တော့ပျော်တယ်။ ကျွန်တော်က စပိန်နည်းပြ ကို မကြိုက်ပေမယ့် စပိန်အသင်းကိုတော့ ကြိုက်တယ်။ မနေ့က ညက ယူရိုဗိုလ်လုပွဲရှိပေမယ့် လုံးဝ မထနိုင်တာနဲ့ မကြည့်ဖြစ်တော့ဘူး။ ဒီနေ့မနက်မှ သတင်းတွေ ဖတ်ကြည့်တော့ လားလား စပိန်တို့ နိုင်သွားပြီဆိုတဲ့ သတင်း ပလူပျံနေတာပဲ။ တောရက်စ်က ၃၃ မိနစ်မှာ သွင်းသွားတယ်ဆိုပဲ။ အဲဒိတလုံးတည်းသော ဂိုးနဲ့ဂျာမနီကို အနိုင်ယူလိုက်နိုင်ခဲ့တယ်။ ဒါဟာ ၁၉၆၄ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄၄နှစ် ကြာမှ ဖလားပြန်ရခဲ့တာပေါ့။ စပိန်ဖလား ရတယ်ဆိုတော့ ကျွန်တော်ကြိုက်တဲ့ အာဆင်နယ်ရဲ့ ကွင်းလယ် ဖန်တီးရှင် ဖာဖရီဂတ်စ်လေးရဲ့ ခြေစွမ်း တတပ်တအား ကြောင့်လဲ ပါတာပေါ့လေ။ ကဲ ဥရောပရဲ့ အကောင်းဆုံး အသင်းဖြစ်သွားတဲ့ စပိန်ရေ... ဂုဏ်ယူပါတယ်ဗျာ။
Posted in
Labels:
Birthday Wish
|
Saturday, June 28, 2008
အမှန်တော့ကျွန်တော့် အကိုလိုခင်တဲ့ ကိုနေဘုန်းလတ် happy birthday ဖြစ်နိုင်ပါ့မလားဆိုတာ ...မ၀ံ့မရဲဖြစ်မိပါတယ်။ တကယ်ဆို ဒီနေ့ဟာ ကျွန်တော်တို့ တွေရဲ့ ထုံးစံအတိုင်းလေးဆို ညနေ ကျရင် ၁၉လမ်းသွား၊ တ၀ါးတ၀ါး တဟားဟား စနောက်ကြ စားကြသောက်ကြရင်း မွေးနေ့ပွဲ လုပ်နေရမယ့် နေ့ပါ။ နံရံတဖက်ခြား ရပ်ဝန်းက ကိုနေဘုန်းလတ်ရေ အကို ယုံကြည်တဲ့ လမ်းမှာ ရှေ့ဆက် ဆန္ဒပြည့်ဝ ပြီး အောင်မြင်ချမ်းမြေ့ပါစေ လို့ ညီငယ် အလေးအနက် ဆုတောင်းပေးပါတယ်။ တကယ့် ပျော်ရွှင်တဲ့ မွေးနေ့ကို နောင်နှစ်ပေါင်းများစွာ ထိ ကြုံဆုံပါစေ။
Posted in |
Friday, June 27, 2008
ဇောက်တိဇောက်ထိုး လုပ်ရပ်များ
အမြှီးအမှောက်မတည့်တဲ့အခါ.. အိပ်ချင်တယ်...
ညစ်တွန်းတွန်း ပတ်ဝန်းကျင်မှာ..
ချေး(ဂျေး) ညော်တွေ ကပ်ညှိလာတဲ့အခါ
အိပ်ချင်တယ်....
မျက်နှာဖုံးစွပ် လူတွေရဲ့ သနားကရုဏာအပြုံးတွေကို
တွေ့လာရတော့.. အိပ်ချင်လာတယ်...
ဆုံးမစကားပြောတာလား ၊ နှိမ်ချတာလား မသိတဲ့
အပေါစား နီတိတွေကို ကြားလာရတဲ့အခါ အိပ်ချင်တယ်...
အချိန်ကုန် လူပန်းတဲ့ အလေနတ်တောတွေ
တိုးဝှေ့လာတော့ အိပ်ချင်တယ်...
နာရီမရှိပါဘူးဆိုမှ လက်တံတွေ လာတွန်ပြနေတဲ့
အချိန်တွေကို ကြည့်ရတဲ့အခါ အိပ်ချင်တယ်....
လူကြီးဆိုတဲ့ စကားလုံးကြား ပေါဆိုတဲ့ စကားလုံး မေ့ကျန်ခဲ့တဲ့
လူတွေက လာနှုတ်ဆက်တော့ အိပ်ချင်တယ်.
မျက်စိကိုမှိတ် ...နားကိုပိတ်ပြီး....
ဝန်းကျင်က ထောပနာသံတွေကို မသိကျိုးကျွံပြုပြီး..
ကဲ...အိပ်ချင်ပြီဗျာ..။
Posted in
Labels:
Free,
Technology
|
Sunday, June 22, 2008

Cute Digsbyမနေ့ညက ကျွန်တော် facebook မှာဟိုဝင်ဒီထွက် ကလိရင်း IM Software တခုရလာတယ်။ သူ့နာမည်က Digsby တဲ့။ IM ဆိုတော့ ကျွန်တော်လဲ Messager ၊ Gtalk တို့နဲ့ဘာများကွာလဲ ဆိုပြီး ဒေါင်းလုပ်လုပ်ကြည့်တယ်ဗျ။ ဖိုင်ဆိုဒ်က 17 .7 MB ရှိတယ်။ ဒေါင်းလုပ်ပြီးတော့မှ install လုပ်ပြီးသုံးကြည့်တော့ အရင်ဆုံး အကောင့်အရင်လုပ်ရမယ်ဆိုလို့ လုပ်လိုက်တယ်။ ခဏပဲ ခုအကောင့်လုပ် ခုသုံးလို့ရတယ်။ တကယ်သုံးကြည့်တော့မှ တော်တော်ကွာတယ်ဗျာ။ Digsby က IM ဆိုတာထက် ပိုတယ် Multi service ဆော့ဖ်ဝဲတခုပဲ။ သူ့ထဲမှာ ကိုယ့်သုံးနေကျအီးမေးလ်အကောင့်တွေကိုတပြိုင်တည်း sign in ၀င်ထားလို့ရတယ်။ မေးလ်ဝင်လာသမျှကို ဘယ်မေးလ်ထဲကို စာဝင်လာတယ်ဆိုတာ alert လာပြတယ် ၊ အ၀င်စာတွေကို summarize လုပ်ပြီးကြည့်လို့ရသေးတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ တခြား IM Account တွေကိုလဲ တပြိုင်တည်းဝင်လို့ရတယ်။ ဥပမာ Yahoo နဲ့ Gtalk ကိုတပြိုင်နက်တည်း ၀င်ထားလို့ရတယ်။ (ဒီကောင်တွေကိုလဲ တပြိုင်တည်း အကောင့်တွေ အများကြီးဖွင့်ထားလို့ ရတယ်) ။ မနေ့က စမ်းကြည့်တော့ မြန်မာစာတော့ မပေါ်ဘူး ခင်ဗျ။ ဒါကတော့ ကျွန်တော်တို့ မြန်မာလိုချက်သူတွေအတွက် တော့ လိုအပ်ချက်ပေါ့။ ဒါပေမယ့် အပြစ်တင်မစောနဲ့အုံး ထပ်ပြီး ရှိသေးတယ်။ social network facebook ကိုဒီထဲက ၀င်လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ အခုသုံးနေတဲ့ twitter ကို အဲ့ဒိထဲကနေ အကောင့်ဝင်ပြီး update လုပ်လို့ရတယ်ဗျာ။ ကဲ ကျွန်တော်တို့ browser တွေဖွင့်၊ IM software နှစ်ခုသုံးခုဖွင့်၊ application တွေ ဗုန်းဗလောအော ဖွင့်ထားစရာ မလိုတော့ဘူးခင်ဗျ။ Digsby ဆိုတာလေး ဖွင့်ထားရုံနဲ့ memory အစားလဲသက်သာပြီး ဟိုဖွင့်ဒီဖွင့် မျက်စိနောက် စရာလဲ မလိုတော့ဘူးပေါ့ဗျာ။ ကဲ ဘယ်လောက်ချစ်စရာ ကောင်းလိုက်တဲ့ Digsby လဲ။
စမ်းသုံးချင်တယ်ဆို ဒီမှာယူဗျို့ :
www.digsby.com
Posted in |
Saturday, June 21, 2008
ပျက်သုဉ်းနေတဲ့ ၀န်းကျင်တခုမှာ
နေထိုင်လာရတော့လဲ...
အကျင့်တွေက ခေါက်ရိုးကျိုးနေပါပြီ...
မတရားမှုဒဏ်တွေက.. ခါးချိအောင်...ညှင်းပန်းပြီးပြီပဲ..
ဒိထက်လဲပိုပြီး ကြောက်နေစရာ မလိုတော့ဘူး...
ယုံကြည်ချက်သက်သက်နဲ့တင် အနစ်နာခံတဲ့...
သူရဲကောင်းတွေ ....ကို လေးစားစွာ ဦးညွှတ်ပါရဲ့...
ငြိမ်းချမ်းမှု တေးသွားတွေအတွက်
တီးခတ်စရာ စောင်းကြိုးမရှိပေမယ့်..
နှလုံးသားနဲ့ သီဆိုတဲ့ သံစဉ်တွေကိုတော့ ကြားရပါလိမ့်အုံးမယ်..
ငါစွဲ တရားတွေနဲ့ မမြဲတရားတွေကို ဆုပ်ကိုင်ထားသမျှ
မျက်မှန်အမည်းတွေ ကျွတ်အုံးမှာ မဟုတ်ဘူး...
ဘာပဲဖြစ်ဖြစ်.. ရောင်နီသန်းတာကို စောင့်နေမယ့် အစား
ခြေလှမ်းတွေ စလှမ်းတာကမှ ပိုကောင်းလိမ့်မယ်...
မနက်ဖြန် အတွက် မစဉ်းစားနဲ့အုံး...
ဒီနေ့မှာ စိုနေတဲ့ ချွေးတွေ သိပ်ဖို့...
နည်းလမ်းရှာရအုံးမယ်...
မိုးတွေလဲ သွန်းဖြိုက်လာတော့မယ်...
မိုးရေထဲက မျက်ရည်တွေကို အဇ္ဖျတ္တ မျက်စိနဲ့သာ တပ်အပ် မြင်နိုင်မယ်...။
အငိုတွေတိတ်သွားအောင်... မချော့ဝံ့ပေမယ့် ...
ရင်ခွင်ရိပ်တွေ အေးချမ်းအောင်လုပ်ဖို့ဆိုတာ...
ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်.............။
Posted in
Labels:
poem,
Travelling Diary
|
Thursday, June 19, 2008

အတက်အဆင်း တောင်ကုန်းများဆီ
တဘုန်းဘုန်း မောင်းနှင်ခဲ့ရတယ်…
ကိုယ်က မသိတော့လဲ
မြေနီးလမ်း ကွေးကောက်တွေ
ကွေးသမျှ လိုက်ကွေးနေရ…
လှမ်းမျှော်ကြည့်လိုက်တိုင်း တောင်စောင်းတွေပေါ်မှာ
ဗြုန်းအုတ်ကာ အိမ်တွေထဲက ချောင်းကြည့်နေသလိုပဲ…
အိတ်ဇောပိုက် ညှော်နံ့တွေနဲ့
ပလုတ်တုတ် (တုတ်တုတ်) ပေါ်က
ဟူးဟူးရားရား လေများ ခြုံထည်တကိုယ်စာ ခြုံလွှမ်းခဲ့..
ဝန်းကျင်ကို ရှုလိုက်တိုင်း
တောင်တန်းများက မတ်မတ် ရပ်နေကြလို့…
ဂျင်းပန်ဝတ် ရှမ်းမလေးတွေရဲ့
နှစ်လိုဖွယ် အပြုံးလေးတွေက
မြေပြန့်သား တစ်ယောက်ကို
တောင်တန်းတွေပေါ် နေခဲ့ချင့်စဖွယ်ပေါ့….
ရှမ်းခေါပုတ်နဲ့ ရှမ်းခေါက်ဆွဲ ကို ကြိုက်သလို
ဆွမ်းမွှေးခတ်ထားတဲ့ ကောင်ညှင်းနံ့သင်းသင်း
ရေနွေးတခွက်က အိမ်ပြန်ဖို့ မချင့်မရဲ ဖြစ်စေတယ်…
မြူနှင်းတွေ ကြွေနေတုန်းမှာပဲ မန်ဆူဈေးဆီကနေ
လက်ပြနှုတ်ဆက်ခဲ့ရ…
နောက်ပြန်လှည့်ကြည့်ရင်း အိမ်ပြန်ခရီးက
ရှမ်းဓလေ့တွေကို လွမ်းမောရစ်စေတယ်…
တချက်တော့ ပြုံးလိုက်မိတယ်…
တနေ့တော့ ပြန်လာရအုံးမယ်ပေါ့………။