twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ယိုးစွပ်ခံရတဲ့မုတ်သုံ

“...”
ခပ်သဲ့သဲ့လေး ကြားလိုက်ရ
ငါ့ပြတင်းတံခါး ဆွဲပွင့်သွားတယ်...
လက်ညှိုးငေါက်ငေါက်ထိုးနေတဲ့ လေနီတွေ
ငါ့ကို တွန်းတိုက်သွား...
ဝိရောဓိတွေ တခန်းလုံး ပေကျံလို့...
“...”
သဲ့သဲ့လေး ကြားရပြန်တယ်...
ဖြစ်တည်ခြင်းတွေ ဖရိုဖရဲ ဖြစ်သွား
တောင်းပန်စကားတွေတောင် မကြားလိုက်ကြဘူး။

Read Users' Comments (4)

Blog Day တွေ့ဆုံပွဲ နှင့် သရေခေတ္တရာ 2.0 ခရီးစဉ် အတွက် ထပ်မံ ကြေငြာခြင်း

Blog Day အထိမ်းအမှတ် တွေ့ဆုံပွဲကို တက်ရောက် လိုတဲ့ သူငယ်ချင်းများ အနေနှင့် မည်သူမဆို အမည်စာရင်း register လုပ်ဖို့လိုအပ်ပါတယ်။ ခရီးစဉ်လိုက်ပါမယ့် သူများက တစ်ဦးလျှင် ၅၀၀၀ ကျပ် ပေးသွင်းရမှာပါ။ ခရီးစဉ်မလိုက်ပါနိုင်သူများ အနေနှင့်တော့ ပေးသွင်းရန် မလိုအပ်ပါဘူး။ လူတိုင်း နာမည်စာရင်း ပေးသွင်းဖို့ လိုအပ်တာကတော့ နာမည်စာရင်းအတိအကျ ရမှာသာ အင်္ကျီအရေအတွက် မှာယူလို့ ရမှာမို့ပါ။ နာမည်စာရင်း ပေးသွင်းခြင်းကို အနော်ရထာလမ်း တည့်တည့် ၅လမ်း၊ ကလီမှတ်တိုင် အနီး၊ သင်အာ စားသောက်ဆိုင် ကပ်လျက်ရှိ Activator Cyber Cafe ဆိုင်တွင် မနက် ၉ နာရီမှ ညနေ ၄နာရီ အတွင်း ပေးသွင်းနိုင်ပါပြီ။ ယနေ့မှ စ၍ ၂၅ရက်နေ့ အထိ စာရင်းပေးသွင်းနိုင်ပါပြီ။

တွေ့ဆုံပွဲအနေနှင့် ၂၉ရက်နေ့ မနက် ၁၀နာရီတွင် ကန်တော်ကြီးဥယျာဉ်၌် တွေ့ဆုံကျင်းပ ကြမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းထားသူ မည်သူမဆို လာရောက်နိုင်ပါတယ်။ အကျီလက်ဆောင် အပြင် တခြားသော လက်ဆောင် ပစ္စည်းများကိုလဲ အမှတ်တရ အဖြစ် ပေးအုံးမှာ ဖြစ်ပြီး တပျော်တပါး ကစားကြအုံးမှာ ဖြစ်ပါတယ်။ သရေခေတ္တရာ 2.0 ခရီးစဉ်ကိုတော့ ၂၉ရက်နေ့ ညဘက် ၁၀နာရီမှာ စထွက်မှာ ဖြစ်ပါတယ်။ (စုရပ်ကို တွေ့ဆုံပွဲ နေ့ကျရင် အားလုံးညှိနှိုင်းပြီး အတည်ပြု ပြောကြားပေးပါမယ်)။ သွားမည့် ခရီးစဉ် ကြာချိန်ကတော့ ၂ညအိပ် ၃ရက် ခရီးသာ ဖြစ်ပါတယ်။ ရန်ကုန်မှ ပြည်မြို့ကို ၆နာရီခန့် မောင်းနှင်ရတဲ့ အတွက် ၂၉ရက်နေ့ ည၁၀နာရီ ထွက်လျှင် ၃၀ရက်နေ့ မနက် ၄နာရီတွင် ပြည်မြို့သို့ ရောက်ရှိပါမယ်။

ပြည်မြို့ရောက်သည်နှင့် နံနက်စာစားကာ ခေတ္တ နားမည် ဖြစ်ပြီး မနက် မိုးသောက်သည်နှင့် ပြည်ချောင်းသာ (ဤနေရာတွင် Knowlege Sharing အစီအစဉ်နှင့် ကစားပွဲများကို ကစား ကြမှာ ဖြစ်ပါတယ်။) ၊ သရေခေတ္တရာ မြို့ဟောင်း၊ အခြား ပြည်မြို့၏ အထင်ကရ ဘုရားများသို့ သွားရောက်ကြမှာ ဖြစ်ပါတယ်။ ၃၀ရက်နေ့ ည ၁၂နာရီ တွင် ပြည်မြို့မှ ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ရန်ကုန်ကို ၃၁ရက် (တနလာင်္နေ့) မနက် ၆နာရီတွင် ပြန်ရောက်မှာ ဖြစ်ပါတယ်။ နေ့အားဖြင့်တော့ စနေနေ့ ညဘက် ထွက်ကာ တနင်္ဂနွေနေ့ တနေ့လုံး လည်ပတ် ပြီးလျှင် တနလာင်္နေ့ မနက် ပြန်ရောက်မှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ညဘက် ပြန်ရောက်လျှင် ရပေမယ့် မိန်းကလေးများ အနေဖြင့် မိုးချုပ်လျှင် ကားအခက်အခဲ ရှိမည်စိုးသော ကြောင့် ၃၁ရက်နေ့ မနက်ကို ပြန်ရောက် ရန်စီစဉ်လိုက်ခြင်း ဖြစ်ပါတယ်။ (ရုံးသမားတွေ အတွက်လဲ အဆင်ပြေမှာပါ)။ ပြီးတော့ လူဦးရေ အပေါ်မူတည်၍ ကားငှားရမည် ဖြစ်ပါသဖြင့် ဘလော့ဂ်မှ သူငယ်ချင်းများ အွန်လိုင်းမှ သူငယ်ချင်းများ အနေဖြင့် ၂၅ ရက်နေ့ မတိုင်ခင် အစောပိုင်းကို စာရင်းပေးသွင်းထားစေလိုပါတယ်။

တွေ့ဆုံပွဲလူစာရင်း ပေးသွင်းရန် အခက်အခဲရှိသူများ (ခရီးစဉ်မလိုက်နိုင်သည့် သူများ) အနေနှင့် သွားလာရန် နေရာ အခက်အခဲရှိပါက bloggersociety.mm@gmail.com ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ခရီးစဉ်လိုက်ပါမယ့် သူတွေကတော့ ကိုယ်တိုင်ကိုယ်ကျ လာပေးသွင်းဖို့ လိုတယ်နော့။ :) ကဲ ဘလော့ဒေးမှာ ပျော်ပျော်ပါးပါး ဆုံကြရအောင်ဗျာ။


Read Users' Comments (2)

အစဉ်အလာမပျက် Blog Day အစီစဉ်ပြုလုပ်မည်

သြဂုတ်လ ၃၁ ရက်နေ့ဟာ တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ world blog day ဖြစ်ပါတယ်။ Blog Day ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြီးခဲ့သော ၂၀၀၇ ခုနှစ်တုန်းကတော့ ပထမဦးဆုံး မြန်မာဘလော့ဂ်ကာတွေ စုံစုံညီညီနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒိမတိုင်ခင်မှာပဲ ကျွန်တော်တို့ မြန်မာဘလော့ဂ်ကာတွေ စုစည်းပြီး မြန်မာပြည်မှာ ဘလော့ဂ် နည်းပညာ ပြန့်ပွားရေး နှင့် ကမ္ဘာအရပ်ရပ်က blogging လုပ်နေတဲ့ မြန်မာလူငယ်တွေ ပေါင်းစည်းညီညွှတ်စေရန် ရည်ရွယ်ပြီး Myanmar Blogger Society ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့လေးဟာ အမှန်တကယ်တော့ အိုင်တီပေါ်အခြေခံပြီး blogging ၀ါသနာတူရာ သူငယ်ချင်းတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့လေးသာ ဖြစ်ပြီး မည်သည့် အရောင်မှ ဆိုးထားတဲ့ အဖွဲ့ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီအဖွဲ့လေးမှာ (အမှန်တော့ အဖွဲ့ဆိုတာထက် society လေးသက်သက်ပါ။ မြန်မာလို ဘယ်လို သင့်လျော်အောင် ဘာသာပြန်ရမှန်း မသိပါဘူး) ပါဝင်တဲ့ ဘလော့ဂ်ကာ သူငယ်ချင်းများရဲ့ ၀ိုင်းဝန်း ကြိုးပမ်းမှုကြောင့်ပဲ ၂၀၀၇ ခုနှစ် မြန်မာဘလော့ဂ်ဒေးကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၀၈ မှာတော့ ကျွန်တော်တို့ အကြောင်းကြောင်းသော အခက်အခဲများ ကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

ဘလော့ဂ်ဒေးပြန်လည်ကျင်းပမည်


၂၀၀၉ခုနှစ် မှာတော့ Blog Day ကို ပြန်လည်ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ သြဂုတ်လ ၄ရက်နေ့ မနေ့ကတော့ ရန်ကုန်က မြန်မာ ဘလော့ဂ်ကာအချို့ တွေ့ဆုံခဲ့ပြီး ဘလော့ဂ်ဒေး အတွက် လိုအပ်တဲ့ အစီစဉ်တွေကို ဆွေးနွေးတိုင်ပင် ဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဘလော့ဂ်ဒေးကို စီမီနာလိုမျိုးသီးသန့် လုပ်တာ မျိုးထက် မြန်မာ ဘလော့ဂ်ကာတွေနဲ့ အခြားသော အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်းများ တွေ့ဆုံကြမယ့် တွေ့ဆုံပွဲ လေးနှင့် အတူ လေ့လာရေးခရီးစဉ် ပါ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဆွေးနွေးဖြစ်ခဲ့


မနေ့က တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာတော့ ကိုညီလင်းဆက်၊ ကိုမျက်လုံး၊ စိုးဇေယျ၊ ရွှေမြတ်၊ idulize၊ ကိုပီကေ၊ ကိုကျော်ဇေယျ၊ မပင့်ဂိုးလ်၊ မဘာညာ၊ ဖိုးသူတော်နှင့် ကျွန်တော် မင်းယွန်းသစ်တို့ တက်ရောက် ခဲ့ကြပြီး ဧည့်သည်တော် အနေနဲ့ MOSN (Myanmar Orphan Support Network) မှ အဖွဲ့ဝင် တယောက် ဖြစ်တဲ့ မခင်မြတ်မြတ်နိုင်လဲ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက် အရ ကျွန်တော်တို့ အဖွဲ့ရဲ့ တစ်ဦးချင်းစီ တာဝန်တွေကတော့

မပင့်ဂိုးလ်- ပြန်ကြားရေး
ကိုညီလင်းဆက်- ဘဏ္ဍာရေးနှင့် အကျီင်္တံဆိပ်ရိုက်
စိုးဇေယျ၊ ကိုကျော်ဇေယျ၊ မင်းယွန်းသစ်- Game & Quiz
ကိုပီကေ၊ idulize - စတေကာ
မဘာညာ- ဗီနိုင်း
ဖိုးသူတော်-ဧည့်ခံကြိုဆိုရေး တို့ ဖြစ်ကြပါတယ်။

Register လုပ်ဖို့ လိုအပ်ပါတယ်



တွေ့ဆုံပွဲလေးကို တက်ရောက်ဖို့ အတွက် register လုပ်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အစီအစဉ်ကို နှစ်ပိုင်းခွဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမ အစီစဉ်ကတော့ ဘလော့ဂ်ကာတွေနဲ့ တခြား အွန်လိုင်းမှ တက်ရောက် ချင်တဲ့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး တွေ့ဆုံကြမယ့် အစီစဉ်ဖြစ်ပါတယ်။ ဒုတိယ အစီစဉ်ကတော့ လေ့လာရေး ခရီးစဉ် ဖြစ်ပါတယ်။ ညအိပ်ခရီး လိုက်နိုင်သူနဲ့ မလိုက်နိုင်တဲ့သူများ အတွက် အဆင်ပြေ စေဖို့ပါ။ ပထမ အစီစဉ်နှင့် ဒုတိယ အစီစဉ်များတွင် ပါဝင် တက်ရောက် လိုသူများ register လုပ်ချင်ရင်တော့ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ကလီမှတ်တိုင် အနီး၊ “သင်အာ” စားသောက်ဆိုင် ကပ်လျက်ရှိ Activator Internet Cafe` မှာ သွားရောက် စာရင်း ပေးသွင်းနိုင်ပါတယ်။ Register လုပ်ပြီး တက်ရောက်မယ့် သူငယ်ချင်းတွေ အတွက် Blog Day အထိမ်းအမှတ် အကျီများနှင့် အမှတ်တရ လက်ဆောင်များကို ပေးမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းခြင်းကို သြဂုတ်လ ၂၂ရက်နေ့ အထိသာ လက်ခံမှာ ဖြစ်ပါတယ်။ Registration လုပ်ရန် အသေးစိတ် အချက်အလက်များကိုတော့ ထပ်မံ အသိပေးပါအုံးမယ်။

နေရာနှင့်အချိန်


နေ့ရက် - 29 - Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)
အချိန် - တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ
ခရီးစဉ် @ ည (10) နာရီ
နေရာ - ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။
(မပင့်ဆီမှ ဤအချက်အလက်များ ပြန်လည် ဖော်ပြပါသည်။)

Srikhettra 2.0


ကိုပီကေ ရဲ့ ခရီးစဉ်နာမည် အကြံပေးချက်ကို ကိုညီလင်းဆက်နှင့် ကျွန်တော် ထပ်မံ မွမ်းမံ လိုက်တာ Srikhettra 2.0 ဖြစ်သွားပါတယ်။ ကျွန်တော်တို့ လေ့လာရေး ခရီးစဉ်ဟာလဲ သရေခေတ္တရာ မြို့ဟောင်း တည်ရာ ပြည်မြို့ပါပဲ။ သြဂုတ်လ၂၉ရက်နေ့ ညမှာ ခရီးစဉ်စမှာ ဖြစ်ပြီး ၂ညအိပ် ၃ရက်ခရီး ဖြစ်ပါမယ်။ ကားစင်းလုံးငှားကာ တပျော်တပါး knowledge sharing ပြုလုပ်ရင်း သွားကြမှာပါ။ ညအိပ် ခရီး လိုက်ပါမယ့် သူတွေ ကတော့ အိပ်ဆောင်ပိုက်ဆံ အနေနဲ့ တစ်ဦးကို ပျမ်းမျှ ၁၅၀၀၀ မှ ၂၀၀၀၀ လောက်တော့ ဆောင်ယူလာဖို့ လိုအပ်ပါလိမ့်မယ်။

ဒုတိယ အကြိမ်မြောက် ဘလော့ဂ်ဒေး အထိမ်းအမှတ် ပွဲလေးကို စိတ်ဝင်စားသူ အွန်လိုင်းမှ သူငယ်ချင်းများ မည်သူမဆို စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါ ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။



Read Users' Comments (4)

ဆရာတာရာမင်းေ၀၂နှစ်ပြည့်


ဒီနေ့မနက်ပဲ ကျွန်တော် ဆရာတာရာမင်းဝေရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ ဆရာကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အလှူကို ကိုမိုးလှိုင်ည နဲ့ အတူ သွားရောက် ဖြစ်ခဲ့တယ်။ ကိုမြေမှုန်လွင်နဲ့ ဆရာမင်းလူလဲ ပါပါတယ်။ ဆရာတာရာ ရဲ့ အိမ်ဟာ ကျွန်တော်နေထိုင်တဲ့ မြောက်ဒဂုံမှာ ရှိတယ်ဆိုတာ အရင်ကတည်းက ကြားဖူးပေမယ့် သေချာ မသိခဲ့ပါဘူး။ ဆရာတာရာမင်းဝေ ရဲ့ ကဗျာတွေ၊ ၀တ္တုတွေနဲ့ ကျွန်တော်တို့ ကျောင်းသားဘ၀တွေကို ဖြတ်သန်းခဲ့ရတယ်ဆိုရင် မမှားပါဘူး။ အခုတော့ ဆရာ့အိမ်ကို ကျွန်တော် ရောက်ခဲ့ပါပြီ။ ဒါပေမယ့် ဆရာကတော့...။

ဆရာမင်းလူ၊ ဆရာသစ္စာနီနှင့် ဘာကောင်မှ မဟုတ်တဲ့ ကျွန်တော်

ဆရာ့ကို ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့သိမြင်ချင်ခဲ့တဲ့ ကျွန်တော်ဟာ ဆရာ့နှစ်နှစ်ပြည့်မှာမှ ရောက်ဖြစ်ခဲ့တယ်..ဆရာ :'(

(ဆရာ့အိမ်သို့သွားရာ လမ်းထိပ်နားက တံတား)
ကွယ်လွန်သူ
မောင်ချစ်ညီညီ (ခ) ရွှေဘုန်းလူ
(ခ) စာရေးဆရာ တာရာမင်းဝေ
ကောင်းမှု
၅.၈.၂၀၀၇

Read Users' Comments (0)

ကျွန်တော်တို့ခေတ်ရဲ့သူရဲကောင်း


ဆရာဟာ ကျွန်တော်တို့ရှေ့က
တံခါးပေါက်ကို ဖွင့်ပေးသွားရဲ့

ရွပ်ချွံချွံ ဆရာ့ စကားလုံးတွေက
ကျွန်တော်တို့တွေကို ထိခတ်သွားစေတယ်
ပြီးတော့...ဆရာဟာ ကျွန်တော်တို့ခေတ်ရဲ့ ကြယ်တပွင့်ဖြစ်တယ်

ဆရာ့အကြောင်း ကောင်းကောင်း မသိပေမယ့်
ဆရာ့ ကဗျာတွေ အကြောင်းတော့ ကျွန်တော်တို့ သိတယ်
ဆရာဟာ ကျွန်တော်တို့တွေကို လင်းချင်းပြသွားတယ်

ဆရာဟာ ကျွန်တော်တို့ လူငယ်တွေ အတွက် ကဗျာဂုရုဖြစ်တယ်
ဆရာဟာ ကျွန်တော်တို့ လေးစားလောက်တဲ့ မော်ကွန်းတစ်ခု ဖြစ်တယ်
ဆရာဟာ ကျွန်တော်တို့ အတွက် ကဗျာသူရဲကောင်းကြီး ဖြစ်တယ်
ပြီးတော့ ဆရာဟာ ကျွန်တော်တို့ ခေတ်ရဲ့ စစ်သူကြီး ဖြစ်တယ်။

ဆရာဟာ ကျွန်တော်တို့တွေကို လွမ်းကျန်ရစ်အောင် ထားရစ်ခဲ့တော့တယ်။

************

(ဆရာရေ ကျွန်တော့် မတောက်တခေါက် ကဗျာလေးနဲ့ မရိုမသေ ပြုမိရင် ခွင့်လွှတ်ပါ)
မထွက်ရှိလိုက်ရတဲ့ နက္ခတ်ရစ်သမ်ဆိုတဲ့ စာအုပ်လေးထဲက ဆရာ့ကဗျာလေးတွေကို ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။
ဆရာ့အတွက် အမှတ်တရ အောက်မေ့ဖွယ် ရေးသားထားကြတဲ့ အရှေ့မြိုးရိုးပေါ်က နံနက်ခင်းကဗျာပြပွဲကို ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


မင်းယွန်းသစ်

Read Users' Comments (0)

မုံရွာ-မန္တလေး


တရိပ်ရိပ်....
ပြီးတော့ တရိပ်ရိပ်
တဖက်တချက်ဆီက
အစိမ်းရောင်ကားချပ်တွေ
ရွေ့လျားသွားကြ
ဝင်လိုက် ထွက်လိုက်ရယ်နဲ့...
မြို့အထပ်ထပ်....တောအထပ်ထပ်ကိုဖြတ်ခဲ့

ညီအကိုမသိတသိအချိန်မှာပဲ
အလိုမတူတဲ့မြို့ဟာ
လင်းချင်းနေတယ်

အိပ်မှုန်စုန်မွှားနဲ့ ညဦးယံမှာ
သမိုင်းရာဇဝင်တွေထဲ ဝင်လိုက် ထွက်လိုက်
ပြီးတော့ ငတ်မွတ်ခေါင်းပါးမှုတွေ အကြောင်းနှင့်
ဆင်းရဲမွဲတေမှု အကြောင်း......

ချမ်းအေးအေးနဲ့ အမှောင်ထုက လွှမ်းခြုံနေတုန်း
တုတ်တုတ်တွေ က မုံရွာကနေ ဆီးကြိုလို့
မင်္ဂလာပါ ဒါဟာ ဖေဖေ့ ဇာတိလဲ ဖြစ်ပါရဲ့
မန်ကျည်းပင်တန်းတွေနဲ့ အညာဟာ
သူတို့ရိုးဂုဏ်ကို သူတို့ ဖော်ပြနေတယ်။
သူတို့ က ပွင့်လင်းကြတယ်
သူတို့ဟာ ရက်ရောကြတယ်
သူတို့ဟာ ဘာသာတရားကို ကျွန်တော်တို့ထက် ကိုင်းရှိုင်းကြတယ်။
သူတို့က ဖော်ရွေကြတယ်
သူတို့က ရှေးရိုးဆန်ကြတယ်
ကျွန်တော်ဟာ အညာသား တစ်ယောက်ရဲ့သား ဖြစ်တယ်
ကျွန်တော်ဟာ အညာမြေကို ချစ်တယ်။
အညာမြေက ကျွန်တော်တို့ ကို ဘာလုပ်သင့်တယ်ဆိုတာ သင်ကြားပေးလိုက်တယ်။

မန်းမြို့ဟာ ဂျင်းပန် ဝတ်ပြီး ခေါင်းပေါင်းဆောင်းထားတာနဲ့ တူတယ်
နန်းမြို့ရိုးဆီက အတိတ်သမိုင်းတွန်သံတွေ
နားနဲ့ဆပ်ဆပ် မကြားရတော့လောက်အောင် ကျွန်တော်တို့ မေ့လျော့လို့
ပျားပန်းခတ်နေတဲ့ ဆိုင်ကယ်တွေ
ရှေ့တပြဆိုတာတွေ
လေးဘီးကား ကလေးတွေ
ဈေးချိုနဲ့ နာရီစင်တွေက သူတို့ကိုယ်သူတို့ မန္တလေးသားလို့ ဂုဏ်ယူကြတယ်။

လှုပ်လီလှုပ်လဲ့ သမ္ဗာန်လေးတွေကို
မိခင် ဧရာဝတီ က သယ်ပိုးပေးထားတယ်
ဟိုးခပ်လှမ်းလှမ်းဆီမှာတော့ မင်းကွန်းတောင်တန်းလွှာတွေက
မတ်မတ်ရပ်နေကြရင်း လောကသစ္စာတရားတွေကို သင်ကြား ပြသပေးနေရဲ့
ကျွန်တော်တို့ သာသနာ့ ယဉ်ကျေးမှု ပြယုဂ်တွေကို
နိုင်ငံရပ်ခြားသားတွေက ကြည့်လို့ရှုလို့ ရိုက်လို့ကူးလို့
တဒေါင်ဒေါင်မြည်ဟီးနေတဲ့ မင်းကွန်း ခေါင်းလောင်း သံနှင့် အတူ
နေပူပူ မြေကြီးပေါ်က
ဖိနပ် မပါတဲ့ ကလေးငယ်တွေက
'Good Afternoon' တဲ့
'Bonjour'တဲ့
မိခင်ဧရာဝတီက နှုတ်ဆိတ်နေတယ်
ကျွန်တော်တို့လည်း နှုတ်ဆိတ်နေတယ်
အရာအားလုံးက မတိတ်ဆိတ်ပေမယ့် တိတ်ဆိတ် နေကြတယ်
ကျွန်တော်တို့မှာ ပြောစရာတွေ ကိုယ်စီရှိနေခဲ့ကြတယ်။

တဂျုံးဂျုံးထနေတဲ့ ရထားကြီးက
မန်းမြို့ကြီးကို လက်ပြနှုတ်ဆက်ခဲ့တယ်
ညကတော်တော်လေး မှောင်ရီလို့

တရိပ်ရိပ်....
ပြီးတော့ တရိပ်ရိပ်……။


Read Users' Comments (2)