twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဆွေးနွေးခန်း

ဟောဒိအခန်းပေါ် တက်မလာခင်မှာ
ကျွန်တော်တို့ ရှိသမျှ
အပေါ်ရုံတွေ ချိတ်ဆွဲထားခဲ့ဖို့ လိုတယ်..
ဝတ်လစ် စလစ်တွေနဲ့ လှေကားထစ်ပေါ်တက်ရင်း
လွတ်လပ်ခြင်း အရသာတွေကို
မိန့်မိန့်ကြီး သိရှိလာလိမ့်မယ်...
ဝါဒတွေ ခ၀ါချရင်း ဘာမှ သိပ်သည်းမှု မရှိတဲ့
အခန်းထဲ စနစ်တကျ တစ်ယောက်စီ တိုးဝင်ပါ..
တံခါး တချပ်စာသာ လှပ်ထားတဲ့
အပေါက်ထဲ ၀င်မိတာနဲ့
နံရံဆီက နမိတ်ပုံ တခုနှင့် စာသား
“စွန့်လွှတ်သမျှ အရာအားလုံး အသစ်ရဖို့နေရာ ပေးတာ”
ကို မြင်အောင် ကြည့်ပါ...

ပြီးတဲ့အခါ ရေတခွက်သောက်...
ထို့နောက်.. ကိုယ့်နေရာ ထိုင်ခင်း ကိုယ်ခင်းရင်း...
ခေါင်းကို မိုးကြိုးပစ်သလို အဆန်းအပြား စကားတွေ ကြားရလိမ့်မယ်..
အရောင်တွေ တဖျတ်ဖျတ် လူးနေတဲ့
ဝတ်လစ်စလစ် အဟောင်းတွေက..
ဝတ်လစ်စလစ် လူသစ်တွေကို ကြိုဆိုကြ..
ဓမ္မသံတွေ ရွတ်ဆို ပြရင်း.. ကျွန်တော်တို့တွေက
အထက်မှာကဲ့သို့ အောက်မှာလဲ ဖြစ်ကြ*...
အနန္တ၀ိဉာဉ်တော်များရဲ့ လွင်ပြင်ကျယ်ကို ရောက်လိုရောက်သွားကြရဲ့...
ဘာအရောင်မှ မရှိတဲ့ အခန်းငယ်ထဲကို
ရွှေရောင် နေခြည်တွေ သွန်းလောင်းပြီးတဲ့အခါ
တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လိုက်ကြ...
အဲ့ဒိနောက်... ကိုယ့် အရောင်တွေ ကိုယ်ပြန်သိမ်းရင်း
လှေကားထစ်များ အတိုင်း တနိမ့်နိမ့် ပြန်ဆင်းခဲ့..
တံခါးဝက အပေါ်ရုံတွေ ပြန်ဝတ်...
အလင်းမှိန်သွားတဲ့ လမ်းမများ ပေါ် ပြန်လျှောက်သွားကြရင်း...
'There is no religion is higher than the truth' လို့ တီးတိုး ရွတ်ဆိုလိုက်ကြပြီး
(ကိုယ်စီ) လမ်းခွဲလိုက်ကြ....။

********************************
*AS ABOVE SO BELOW


Read Users' Comments (1)comments

သြော်.. မမြဲခြင်းပါတကား...


Read Users' Comments (2)

အစ္စလာမ်များရဲ့ အိဒ်ဒီလ်အသွဟာပွဲ

ကျွန်တော် မနေ့က တောင်ဒဂုံ စက်ရုံကို သွားတော့ လမ်းမှာ လွန်စွာ ၀ဖြိုး၍ လှပသော နွားအများ အပြားကို တွေ့ခဲ့ရပါတယ်။ ဒရိုင်ဘာ ပြောမှ သိရတာက အိဒ်နေ့ရောက် တော့မည် ဟုသိရပါတယ်။ ထိုချောပေ့ ကောင်းပေ့ နွားများ (သို့မဟုတ်) လှူဒါန်းခြင်းခံရမည့် (သို့မဟုတ်) အသတ်ဖြတ်ခံရမည့် နွားများအား ကြာကြာ မကြည့်ရက်တော့ပဲ အဲဒိလမ်းတလျှောက် မျက်နှာသာ လွှဲထားမိပါတော့သည်။ ဒီနေရာမှာ ဘာသာတရားနှင့် ပတ်သက်၍ အတိုက်အခံ ကျွန်တော် မဆွေးနွေးလိုပါ။ ဘာသာတရားကို ၀ါဒတခု အဖြစ် မြဲမြဲဆုပ်ကိုင် ထားသူများ အဖို့ စစ်ပွဲများ ဆင်နွှဲရန်သာ ရှိပါတော့သည်။ ဒီနေ့ဟာ အိဒ်ဒီလ်အသွဟာနေ့ ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ရှုမိသမျှထဲက မွတ်စလင်တွေ ဘာကြောင့် အိဒ် လုပ်ကြတယ်ဆိုတာ အနည်းငယ် တင်ပြလိုပါတယ်။

Idd ဟုပေါင်းပါသည်။ မွတ်စလင်တွေမှာ အိဒ်၂မျိုး ရှိပါတယ်။ အာရဗီ ဘာသာစကား “အိဒ်” ၏ အဓိပ္ပါယ်မှာ “ပျော်ရွှင်မှု ပြန်လည်ရောက်ရှိခြင်း” ဖြစ်သည်။ ပထမ အိဒ်ပွဲတော်ကို “အိဒ်ဒိလ်ဖိတရ်” ဟု ခေါ်ပါသည်။ “ဖိတရ်” ဆိုသည်မှာ “အစပြုသည်” ဟူသော အနက် ဖြစ်ပြီး အိဒ်ဒိလ်ဖိတရ် ဆိုသည်မှာ “ ဥပုသ်မှ ထွက်ခြင်း” လို့ အဓိပ္ပါယ် ပြန်ဆို နိုင်ပါတယ်။ ဆိုလိုသည်မှာ ပထမ အိဒ်သည် မွတ်စလင် ဥပုသ်လ ထွက်ပြီးစတွင် ပြုလုပ်ပြီး ယခင်အတိုင်း ပြန်လည် နေထိုင်စပြုခြင်းကို ဆိုလိုပါသည်။

ဒုတိယအိဒ်ကို အိဒ်ဒီလ်အသွဟာ ပွဲတော်ဟု ခေါ်ပါတယ်။ ဘုရားသခင် အတွက် စွန့်လွှတ်လှူဒါန်းသော ပွဲတော်ဟု သတ်မှတ်ကြလေသည်။ ထို့အပြင် မွတ်စလင် ဘာသာဝင်များ သည် ဒုတိယ အိဒ်တွင် အလ္လာရှင်အတွက် စွန့်လွှတ် လှူဒါန်းခြင်းဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သည်ဟု အယူရှိလေသည်။ မွတ်စလင်များသည် တိရိစ္ဆာန်များကို သတ်ခြင်း (၀ါ) စွန့်လွှတ်ခြင်းကို Sacrifice လို့အနက်ဖွင့်၏။ တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို ထိုတိရိစ္ဆာန်က ယူဆောင်သွားသည်ဟု အယူရှိကြသည်။

၎င်းတို့၏ Qur’an ကျမ်းတွင်တော့ ဤသို့ဖော်ပြပါရှိသည်။
“စွန့်လွှတ်သော (တိရစ္ဆာန်) ၏ အသွေးသည် ၎င်း၊ အသားသည် ၎င်း၊ ဘုရားသခင်ထံသို့ ရောက်ရှိကြသည် မဟုတ်၊ သင်တို့၏ ကောင်းမြတ် မှန်ကန်သော သဒ္ဓါတရားသည် သာလျှင် ဘုရားသခင် ထံတော်သို့ ရောက်ရှိလေသည်။”
(၂၂း ၃၈)

ကျမ်းဂန်လာ နောက်ထပ် မူကွဲ တမျိုးကတော့ “တစ်ဦး တစ်ယောက်သည် မိမိထက် နိမ့်ကျသော တိရိစ္ဆာန် တကောင်ကို စွန့်လွှတ်ရာတွင် ထို တိရိစ္ဆာန် သည် မိမိအတွက် စွန့်လွှတ် ခံရသကဲ့သို့၊ အကယ်၍ ထိုသူသည် (အလ္လာ အရှင်မြတ်) ၏ လမ်းတော်ဝယ် မိမိအသက်ကိုပင် စွန့်လွှတ်ရမည်ဟု အမိန့်တော် ကျရောက်လျှင် တွေဝေခြင်း မရှိပဲ သူ၏ အသက်ရှင်နေခြင်းထက် အသျှင့် အတွက် စွန့်လွှတ် ခြင်းက ပို၍ မြတ်သည်ဟု သဘောပိုက်ကာ မိမိ၏ အသက်ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဖော်ပြသော လက္ခဏာ ဖြစ်သည်” ဟု ဖွင့်ဆိုလေသည်။

ယနေ့ကဲ့သို့ အိဒ်နေ့ကို ကမ္ဘာတ၀ှမ်းလုံးမှ မွတ်စလင် ဘာသာဝင်တို့က ကျင်းပကြလေသည်။ ထိုသို့ တိရိစ္ဆာန်သတ်ခြင်းကို အိဒ်နေ့၏ နောက်၂ရက်၊ ၃ရက် အတွင်း ပြုလုပ်ကြသည်။ ရွေးချယ်ခြင်း ခံရသော တိရိစ္ဆာန်သည် ပြင်ပအင်္ဂါအစိတ်အပိုင်း များ ချွတ်ယွင်း ကျိုးပဲ့ခြင်း မရှိစေရ၊ အရွယ်ရောက်သော တိရိစ္ဆာန် ဖြစ်ရမည် ဖြစ်ပြီး ဆိတ် (သို့မဟုတ်) သိုးဖြစ်ပါက တနှစ်သား၊ နွားဆိုလျှင် နှစ်နှစ်၊ ကုလားအုပ်ဖြစ်ပါက ငါးနှစ် ဖြစ်ရမည်ဟု သတ်မှတ်ချက် ရှိလေသည်။

ထိုသို့ (Sacrifice) စွန့်လွှတ်ခြင်း ပြုလုပ်ချိန်၌ ထိုသူသည် စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အနက်အဓိပ္ပါယ်ကို နက်နဲစွာ နားလည်၍ ထိတွေ့ခံစားရမည်ဟု ညွှန်ပြထားသေးသည်။

(စကားချပ်။ ။ “တိရစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်ရတာ” ဆိုတဲ့ အရပ်သုံးစကား တခုသည် ထို အယူမှ လာဖွယ်ရှိသည်ဟု ယူဆရပါသည်။)

အထက်ဖော်ပြပါများကတော့ ကျွန်တော် လေ့လာ မိသလောက်ထဲက အိဒ်ပွဲတော် အကြောင်း ကောက်နှုတ်တင်ပြ ခြင်းဖြစ်ပါတယ်။

ပြုလုပ်လှူဒါန်းသူက အသျှင်အတွက် သဒ္ဓါတရား ထက်သန်၍ အသက်ကို ပင် လိုလိုချင်ချင် စွန့်ရဲသည် ဆိုပါအုံးစို့။ သို့ပေမယ့် အသိဉာဏ် မရှိရှာသော (လူပြုသမျှ နုရမည် ဖြစ်သော) အဟိတ်တိရိစ္ဆာန် ကကော ထိုလှူဒါန်းသူ အတွက် လိုလိုချင်ချင် သူ၏ အသက်ကို စွန့်လွှတ်ချင်ပါ၏လော။ မိမိတင်ရှိသော အပြစ်များ ကြေအေးစေရန် မိမိထက် နိမ့်ကျသည်ဆိုသော သတ္တ၀ါများအား သတ်ဖြတ်၍ အသျှင်မြတ် ကြည်ဖြူ စေရန် လှူဒါန်းသည်ဆိုခြင်းမှာ ထိုသတ္တ၀ါ အတွက် တရားပါ၏လော။ ထိုသို့ဆိုလျှင် မိမိယူထားသော အကြွေးအား သူတပါးအားဖြင့် ဆပ်ခိုင်းသည်နှင့် တူမနေပေ သလော။ ကျွန်တော်၏ ခေါင်းထဲသို့ လော .. ပေါင်းများစွာ ၀င်ရောက်လာပါသည်။ ကျွန်တော်ဟာ ဘာသာတရားတခု ကို ချဉ်းကပ်ရာမှာ ရဲဝံ့စွာတွေးတောခြင်းကို နှစ်သက်ပါသည်။ အကြောက်တရားတို့နှင့် ဖုံးကွယ်နေသည်ကို မနှစ်သက်ပါ။ ၀ါဒတခု အဖြစ် ကျွန်တော် ဘာသာတရားများကို မချဉ်းကပ်ပါ။ ကျွန်တော် အနေနဲ့ လက်လှမ်းမှီသလောက်သာ လေ့လာလျှက်ရှိပြီး ကျွန်တော် ဉာဏ်မမှီသေး၍ လည်း ဖြစ်ချင် ဖြစ်ပါမည်။ ကိုယ်မစား ဖူးသေးသော စပျစ်သီးကို အားလုံးချဉ်သည်ဟု မပြောလိုပါ။ သို့သော်လည်း ယနေ့ အတွက် မူကား (ထိုမြင်ကွင်းများ တစိတ် တဒေသ အားဖြင့် မြင်ရနိုင်သော) တောင်ဒဂုံစက်မှုဇုံဘက်သို့ မသွားတော့ဟုသာ ဆုံးဖြတ်ချက် ချမိပါတော့သည်။

Read Users' Comments (9)

မြန်မာ၊ စင်ကာပူနှင့် ဗီယက်နမ်ဒိုင်

တနေ့က စူဇူကီးဖလားပွဲကို ကျွန်တော်ကြည့်ချင်လျှက်နဲ့ အလုပ်တွေများနေတာကြောင့် သေချာ ထိုင် မကြည့်ဖြစ်ခဲ့ဘူး။ သွားရင်းလာရင်း လဘက်ရည်ဆိုင်တွင်းက တီဗီလေးတွေဆီကိုသာ လှမ်းကြည့်ခဲ့ရပါတယ်။ အခြေအနေကို မေးကြည့်တော့ ဒုတိယပိုင်းရောက်နေပြီ ၂-၁ နဲ့ရှုံးနေတယ်။ အင်း ပြန်သွင်းရင်တော့ ရသေးတယ် သိပ်အခြေအနေ မဆိုးသေးဘူးပေါ့။ ဒါနဲ့ ကျွန်တော်လဲ ဆိုင်သိမ်းပြီး အိမ်ကို အပြေးနှင်ရတာပေါ့။ ဖြစ်ချင်တော့ ပွဲပြီးခါနီးလောက်မှ အိမ်ကို ပြန်ရောက်တယ်။ ပြီးတော့ အိမ်ရောက်တာနဲ့ ဘောလုံးပွဲပြတဲ့ဆီကို အူယားဖားလျား ပြေးရတာပေါ့။ ကံဆိုးချင်တော့ ကျွန်တော်လဲ ရောက်သွားရော ပွဲကပြီးနေပြီး မကျေနပ်သံ တောက်ခေါက်သံများနှင့် လူတွေ ပြန်ထွက်လာကြတော့သည်။ ဒါနဲ့ အသိတစ်ယောက်ကို တွေ့လို့ မေးကြည့်တော့
“အေးဗျာ.. ဒီလိုဗျ..စင်ကာပူဘက်က ကစားသမား တစ်ယောက် ဘီးကုတ်စက်ဝိုင်း အလွန်မှာ မြန်မာနဲ့ ထိခိုက်မိရင်း လဲသွားတယ်ဗျ...။ ဒါကို မြန်မာ ကစားသမားတွေက ၀ိုင်းပြီး သွားကြည့်ကြတာ။ ဒါကို အခွင့်ကောင်းယူပြီး စင်ကာပူ ကစားသမားက ချက်ချင်း ဘောလုံးတည်၊ နောက်တယောက်ကို ထိုးပေးပြီး ကန်သွင်းသွားတယ်။ ဒါကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ်ပေးလိုက်တယ်။ အမှန်ဆို ဖြစ်သင့်တာက ဒိုင်လူကြီးက လဲနေတဲ့ သူကို အရင် ကွင်းပြင်ကို ထုတ်ပေးသင့်တယ်။ သူတို့လူက ဂိုးသွင်းပြီးတာတောင် ထနိုင်သေးတာ မဟုတ်ဘူး။ ပြီးတော့ ဘီးကုတ်နားမှာဆို ဖြစ်ရမှာက တံတိုင်းကာခိုင်း၊ ၀ီစီမှုတ်ပြီးမှ ကန်ရမှာ။ အခုတော့ဗျာ... ဂိုးလဲ ပေးသေးတယ်.. ကွန်ပလိန်း တက်တဲ့ အောင်အောင်ဦးကိုလဲ ထုတ်တယ်ဗျာ.. ညစ်ပတ်လွန်းအားကြီးတယ်..”ဟု မိတ်ဆွေက မကျေမနပ် ရှင်းပြသွားသည်။

ဖြစ်ပြန်ပါပြီ။ လွန်ခဲ့သော တိုက်ဂါးဖလားဟု နာမည် မပြောင်းခင် ကာလတုန်းကလဲ ဒီစင်ကာပူနဲ့ တွေ့တုန်းမှာ ဂျပန်ဒိုင်ရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်ကြောင့် ပွဲကို အကျည်းတန်စေခဲ့ပါတယ်။ တက်သစ်စ ဂိုးသမား ထွန်းထွန်းလင်းမှာလဲ ရာသက်ပန် ပွဲပယ်ခံခဲ့ရပါတယ်။ နောက်နေ့တော့ ကျွန်တော်လဲ နက်ဆိုင်ကို ခပ်စောစော ပြေးပြီး ညက ပွဲပြန်လည် ရှာဖွေကြည့်ရှုခဲ့ပါတယ်။ ကျွန်တော့် မိတ်ဆွေပြောတဲ့ အတိုင်းပါပဲ။ အောင်အောင်ဦးဟာ ကွန်ပလိန်းတက်လို့ မရတဲ့အခါ ဒေါသအလျှောက် ဗီယက်နမ် ဒိုင်ကို တွန်းထိုးမိပါတော့တယ်။ ပြောရမယ်ဆို ကစားသမား သက်တမ်းတလျှောက် အောင်အောင်ဦးဟာ သန့်ရှင်းသော ကစားသမား ပီသသော ကစားသမား တဦးဖြစ်ပါတယ်။ ဘယ်ကစား သမားမဆို ဒီလိုဖြစ်ချင်လှတယ်တော့ မဟုတ်ပါဘူး။ ဒါဟာ သက်သက် ညစ်ပြီး တဖက်သတ် ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အောင်အောင်ဦး အနီကဒ်အပြခံရပါတယ်။ ပြီးတော့ ပွဲကစားချိန် ၁၀မိနစ်ခန့် ရပ်ဆိုင်းထားလိုက်ပါတယ်။ ဗီယက်နမ်ဒိုင်ရဲ့ မျက်နှာဟာ ကြောက်ရွံ့စိုးရိမ်နေပုံ ပေါ်ပါတယ်။ သူဘာလုပ်ခဲ့တယ် သူအသိဆုံး ဖြစ်ပါလိမ့်မယ်။ အာရှဒိုင် တချို့နှင့် ဒေသတွင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံများက ဒိုင်လူကြီးတွေရဲ့ မြန်မာ အပေါ် အညှိုးအတေးထား မညီမျှသော ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာ တွေဖြစ်လာပါပြီ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို မကျေနပ် ပေါက်ကွဲ မိမှာပါပဲ။ ကျွန်တော်လဲ ထိုနေရာမှာဆိုလဲ ထို့ထက်ဆိုးအောင် ပြုလုပ်မိမည် မှာ မလွဲပါဘူး။

ခြေစွမ်းအရ စစ်မှန်စွာ ရှုံးနိမ့်ခြင်းကို လက်ခံနိုင်ပေမယ့် ဒီလို ညစ်ပတ်သော ဆုံးဖြတ်ချက်များ ကြောင့် အနိုင်ယူသွားခြင်းကို လက်မခံနိုင်ပါ။ ဗီယက်နမ် ဒိုင်ရဲ့ မတရားသဖြင့် ဆုံးဖြတ်ချက်များကို ဖီဖာသို့ တိုင်ကြားသင့်ပါတယ်။ ပြီးတော့ အရှေ့အတောင် အာရှ အသင်းများတွင် မြန်မာ၏ ရပ်တည်ချက်သည် ပြတ်သားကြောင်း ပြသဖို့ လိုပါတယ်။ နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ လိုပါလိမ့်မယ်။ ဆက်လက်၍သာ ဒီအတိုင်း နောက်ပြိုင်ပွဲများတွင် ကျွန်တော်တို့ မြန်မာ အသင်းအား တဖက်သက် နှိမ်ချမှု များ ပြုလုပ်လာခဲ့ပါလျှင် ကျွန်တော်တို့ အနေနဲ့ သြစတြေးလျ လမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဇုံပြောင်းရွှေ့ ကစားသင့် ကစားရပါလိမ့်မယ်။ ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော် မသိပါဘူး။ ဆက်လက်၍ မတရား သဖြင့် ဆက်ဆံနေမည်ဆိုပါက တိကျပြတ်သားသော ရပ်တည်ချက် တခုကို လုပ်ပြသင့် ပါကြောင်း .....။

Read Users' Comments (1)comments

အန္တရာယ်ကင်းဘေးရှင်း

wallpaper ထဲက ဒီပုံလေးတွေ့ပြီး တွေးစရာလေး ဖြစ်လာတယ်။ အဟတ် ပေါက်ကြတယ်နော်။


Read Users' Comments (2)

တောင်ကြီးမြို့နှင့်တန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင်က ပြီးသွားတာ ကြာပါပြီ။ ကျွန်တော်ခပ်ငယ်ငယ် ၆နှစ်သားတုန်းက တောင်ကြီးကို တန်ဆောင်တိုင်မှာ ရောက်ဖူးပေမယ့် တော်တော်လေး ကြာနေပြီဆိုတော့ သိပ်မမှတ်မိတော့ပါဘူး။ တောင်ကြီးတန်ဆောင်တိုင်ကို သွားချင်ပေမယ့် အခြေအနေ မပေးသေးတာကြောင့် မသွားဖြစ်သေးဘူး။ ဒါပေမယ့် တချိန်ချိန်တော့ သွားမယ်လို့တော့ ဆုံးဖြတ်ထားတယ်။ မြန်မာပြည်အနှံ့မှာလဲ ကျွန်တော် သွားချင်တဲ့ နေရာတွေ အများကြီး ကော့သောင်းအငူကနေ ဟိုးထိပ် နာဂတောင်တန်းတွေထိ သွားချင်စရာ နေရာတွေ အများကြီး။ တောင်ကြီးကို ကျွန်တော် မသွားဖြစ်ပေမယ့် ကျွန်တော့်ညီမလေး တစ်ယောက်က တောင်ကြီးသွားရင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့မယ်ဆိုပြီး ရိုက်လာပါတယ်။ ဒါပေမယ့် သူက တောင်ကြီးတန်ဆောင်တိုင် အပြင် အင်းလေးတို့ပါ သွားတယ်ဆိုတော့ မကြာသေးခင်ကမှ ပြန်ရောက်ကြတယ်။ သူရိုက်ခဲ့တဲ့ပုံတွေက အများကြီးပဲ။ ကျွန်တော်နဲ့အတူတူ တောင်ကြီးမြို့ကို မရောက်ဖူးသေးတဲ့ သူငယ်ချင်းတွေ ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်။ ဓာတ်ပုံများကို ပေးပို့ပေးခဲ့သော ညီမလေး ပန်းမြတ်ရေ ကျေးဇူးနော်။


ရှမ်းတောင်တန်းတွေကြားက ခရီးလမ်းလေးတခု (ကျွန်တော်အရမ်းကြိုက်တဲ့ လမ်းလေးတွေက အဲ့ဒိလို တောင်တန်းတွေ ကြားက လမ်းလေးတွေပါပဲ)


ရှမ်းတောင်တန်းတွေဟာ ရှမ်းလူမျိုးတွေရဲ့ သဘာဝပြယုဂ်တခုလဲ ဖြစ်ပါတယ်။


တောင်ပတ်လည်ဝိုင်းနေတဲ့ ကြားက မြို့။ (ဓာတ်ပုံကြည့်တာနဲ့ကို တကယ်သွားချင်နေပြီ)


အစိမ်းရောင်တခင်းလုံး လတ်ဆတ်ကြည်စင်လို့...။


ပွဲဈေးတန်းမြင်ကွင်း


ဘုံကထိန်ပွဲ ဆင်ယင်နွှဲ


နေ့လွှတ်မီးပုံးအတွက် အောက်ဆွဲ (ဟုတ်ကဲ့ အမှန်ကို ပြန်ပြင်ပေးသွားတဲ့ anonymous နဲ့ ညီမလေး ပန်းမြတ် ကိုကျေးဇူးတင်ပါတယ်)


မီးပုံးလွှတ်ဖို့ ပြင်နေကြပြီ..


ငြိမ်းချမ်းရေး ချိုးဖြူငှက်တွေ...


ဆင်ဖြူတော်ပျံ...


ရွှေပွဲလာ ပရိသတ်တွေပေါ့..


ငှက်တော့ငှက်ပဲ ဘာငှက်လေးလဲ မသိဘူး .. အပြာရောင်ငှက်....:)


ရွှေငါးလေးတွေ...


ကောင်းကင်မှာ ပျံဝဲ မီးပုံးလေးတွေ လွှတ်တဲ့ပွဲ..


ရောင်စုံမီးပန်းတွေနဲ့ ညပိုင်းလွှတ်တဲ့ မီးပုံး


တောင်ကြီးမြို့ တန်ဆောင်တိုင်ကို ကိုယ်ကိုတိုင် မသွားပေမယ့် ညီမလေး ပန်းမြတ် ပေးပို့ပေးတဲ့ ပုံတွေကြည့်ပြီး တကယ်သွားလိုက်ရသလိုပါပဲ။ ရှဲရှဲ...။ နောင်နှစ်များမှာတော့ ကျွန်တော်လဲ ကိုယ်တိုင် သွားဖို့ ပိုပြီး အာသီသ ပြင်းပြသွားပြီဗျာ။ ကဲဘယ်လိုလဲ တောင်ကြီးက အန်တီနိုင်းနိုင်းတို့၊ အမခေးအော့စ်တို့၊ ဒိုဒီတို့ရေ.. နောင်နှစ် လည်လည် လာမယ်နော့။ :)


Read Users' Comments (2)