twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အချစ်ဆိုတာဘာလဲ

တကယ်တော့ အချစ်ဆိုတာ အဓိပ္ပါယ် ဖွင့်ဆိုရ အခက်ဆုံး အရာပါ။ လူမှန်ရင် အချစ်နဲ့ မကင်းပါဘူး။ အချစ်ဆိုတာ နူးညံ့သိမ်မွေ့ပြီး နွေးထွေးစေတဲ့ အရာလဲဖြစ်ပါတယ်။ အချစ်ဆိုတာ ကျွန်တော့် အတွက်တော့ တကယ်ထူးဆန်းတဲ့ ပုစ္ဆာတစ်ပုဒ် ပါပဲ။ ကျွန်တော် ဖွင့်ဆိုရ အခက်ဆုံးထဲမှာ အချစ်ဆိုတာ ပါပါတယ်။ ကျွန်တော်က အချစ်ကို ကိုးကွယ်သူတစ်ယောက် မဟုတ်ပေမယ့် အချစ်ကို တန်ဖိုးထားတယ်။ အချစ်ဟာ ပေါ့တန်တန် လုပ်လို့မရဘူး။ အချစ်ဟာ ဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်း တခုအဖြစ်ပါဝင်တယ်။ ကျွန်တော်တို့ နှလုံးသားတွေ ရှိနေသ၍ အချစ်ကို ချစ်တတ်နေအုံးမှာပေါ့။ ကျွန်တော်က ကျွန်တော့် အချစ်ကို ပေးအပ်မယ့် သူဟာ အချစ်ကို တန်ဖိုးထားသူ တစ်ယောက်ပဲ ဖြစ်စေချင်တယ်။ အချစ်ဆိုတာ ဘာလဲ။ အမေးကို ကျွန်တော် တစ်ယောက်ထဲ ဖြေတဲ့ အဖြေဆိုရင် မပြည့်စုံမှာ ဆိုးလို့ ကျွန်တော် သိတဲ့ လူတိုင်းကို လိုက်မေး ပါတယ်။ အဲဒီလို လိုက်မေးတော့ လူတစ်ဦး ဆီမှာ အချစ်အပေါ် မတူတဲ့ အမြင်လေးတွေ တွေ့လိုက်ရတယ်။ ကျွန်တော်တော်တော်လေး စိတ်ဝင်စားသွားတယ်။ အချစ်အပေါ်မြင်တဲ့ အမြင်၊ ခံယူချက်၊ ခံစားချက်တွေက တမျိုးစီ စိတ်ဝင်စား ဖို့ကောင်းတယ်။ အချစ်ဆိုတာ ဘာလဲ လို့ မေးကြည့်တဲ့အခါ….။

 

LOVE is not hurting

LOVE is secrify, Understanding eachoher

but,, sensitive

Pleasure if you know how to love

But,, there is a love , there is a jealousy

That jealousy can break down the power of love and trusty

Once you have love,, that kind of feeling will never come back to you, even though you have second love.

SO,, if you want to have good relationship with some one you love,, love with understanding,, and keep your loyalty.

if you want to be forever with someone you love.

Build the trusty and keep understanding each other,, if not ,, even though you love him/her deeply or deadly ,, you can't be with him/her forever.

(ma ma may)

 

နားလည်တဲ့ အချစ်ဆိုတာကတော့ နှလုံးသားက မြစ်ဖျားခံလာတယ် ဒါကြောင့်သူ့ မှာ ဂုဏ်ပကာသန၊ ဟန်ဆောင်မာယာတွေ မပါဝင်သင့်ဘူး တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု နားလည်ပေးနိုင်မှုတွေနဲ့  အေးချမ်းတဲ့ ဖြစ်တည်မှုလေးတစ်ခု အနေနဲ့ ပဲ နားလည်ထားတယ် ပိုင်ဆိုင်ရယူလိုမှုတွေ ရှိကောင်း ရှိနိုင်ပေမယ့်  ကျနော့် အတွက်ကတော့ စွန့် လွှတ်အနစ်နာခံတာလဲ အချစ်လို့ ထင်တယ် စွန့် လွှတ်တယ်ဆိုတဲ့ စကားရဲ့နောက်မှာတော့ ကိုယ့်ရဲ့ နှလုံးသားမှာ ဒဏ်ရာတွေ ကိုရှင်သန်ပေါက်ဖွားခွင့် ပေးလိုက်သလိုပါပဲ ။(ခွန်မောင်မျိုး)

 

သံယောဇဉ်+ မေတ္တာ+ နားလည်မှု့ (သနပ်ခါး)

 

အချစ်ဆိုတာ အလုပ်ရှုပ်တယ် (၀ဿန်မိုး)

 

အချစ်ဆိုတာ ၂၁ ရာစုမှာ လေလံဈေးကွက်နဲ့တူတယ် သူက ကြမ်းခင်းဈေးကြော်ငြာပြီးတာနဲ့ အချစ်ကိုရဖို့ အပြိုင်အဆိုင်လေလံဆွဲရတော့တာဘဲ ကိုယ်ပေးနိုင်တဲ့ နောက်ဆုံးဈေးကိုကိုယ်က ကြော်ငြာပြီးရင်တော့ ဘယ်သူများ ဈေးပိုပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်နေရတာဘဲ ဈေးပေးမယ့်သူမရှိတော့ရင်တော့ ကိုယ်ရပြီပေါ့။ (ကိုဝေ)

 

အချစ်ဆိုတာ ယုံကြည်မြတ်နိုးနားလည်မှုရှိမှ ခိုင်မြဲမှာ

အဲ့ဒါ မရှိတဲ့ အချစ်ဟာ အချစ်တော့ အချစ်ပဲ

ဒါပေမဲ့ မတည်ငြိမ် မခိုင်မြဲဘူး (ဖိုးသူတော်)

 

အချစ်ဆိုတာသေချာအဓိပယ်ဖော်ဖို့ ခက်တယ်ဗျ

သိမ့်မွေ့ တယ်

တစ်ခါတစ်ခါတော့ကြမ်းတမ်းတယ်ဗျ

ဒါပေမယ့်

အဲ့ဒီစိတ်တစ်ခုကအရာရာကျော်လွှားနိုင်တယ်

အဲ့လောက်ပဲပြောနိုင်တယ်ဗျ ကျွန်တော်တော့

ဘာလို့ ဆို

တစ်ခုခုကြောင့်ချစ်တယ်ဆိုရင်အဲ့ဒါအချစ်မဟုတ်တော့ဘူး

ဥပမာ

လှလို့ ချစ်တယ်ဆိုတာကအချစ်မဟုတ်ဘူး

မလှတော့ရင်မချစ်တော့မှာလားပေါ့

ကောင်မလေးတစ်ယောက်ကိုချစ်တယ်ဆိုရင်

ဘာအကြောင်းပြချက်မှမလိုဘူး

အကြောင်းပြချက်ရှိနေရင်အချစ်မဟုတ်ဘူးလို့ ကျွန်တော်တော့ထင်တယ်ဗျ

(synchro305)

 

နုညံ့သိမ်မွေ့မှုတွေနဲ့ သွန်းဆစ်ထားတဲ့ ပန်းနုရောင် ကော်ဖီး ခါးခါး တစ်ခွက်(ကော်ဖီဂျိုး)

 

အချစ်ဆိုတာ

အမျိုးမျိုးပြောကျမှာပဲကွ

ငါ ကတော.

အချစ်ဆိုတာ

ရူးသွပ်ခြင်းလို.ပဲထင်တယ်

ယဉ်ကျေးစွာ ရူးသွပ်တဲ. ခံစားချက်ပဲ(ရဲအောင်သူ)

 

အချစ်ဆိုတာ အချစ်ပါပဲ

ဘာနဲ့မှ မတူဘူး

အချစ်ကို အချစ်လို့ပဲ မြင်တယ်

တကယ်ချစ်ပြီ ဆိုရင် စိတ် အကြောင်း လူတွေ အကြောင်း လောကကြီး ပိုသိ ပိုနားလည် ပိုခံစားတတ်လာတယ်

လူလားမြောက်လာတယ် မချစ်ခင်က လူ့လောကကို အမြင်နဲ့ ချစ်တတ်ပြီး လူ့လောကကို မြင်တဲ့အမြင် မတူဘူး

(မခွန်မြလှိုင်)

 

အချစ်ဆိုတာ

ဟင်းပေါင်းနဲ့တူတယ်

ဟီးး

ဟုတ်တယ်လေ

အချစ်ဆိုတာထဲမှာ

စိတ်ညစ်တာ ပျော်တာ ကြေကွဲတာ ၀မ်းနည်းတာ ကြည်နူးတာ

အားလုံးက ပါနေတာ

အဲဒါကြောင့် အချစ်ဆိုတာဘုန်းကြီးကျောင်းက ဟင်းပေါင်းနဲ့တူတယ်

(အိုကိဆု)

 

တော်တော်များများ ဆုံးရှုံး ပြီးမှ နည်းနည်း လေး ပြန် ရတာ အချစ်ပေါ့...............

(ပြည့်စုံ)

 

အချစ်ဆိုတာ တဦးကိုတဦး အပြန်အလှန် လေးစားခြင်း၊သည်းခံခွင့်လွှတ်ခြင်း၊ကောင်းအတူဆိုးအတူ မျဝေခံစားခြင်း လို့ခံယူထားပါတယ်။

(မမေမိုး)

Read Users' Comments (6)

ခရီးသွားသူ

လမ်းတဘက်ကမ်းဆီက
တရိပ်ရိပ် ဖြတ်သန်းသွားကြ...
ဓာတ်မီးတိုင်တွေက ပြေးလွှားလို့...
တခါတရံ ဘ၀ဆိုတာ
လယ်သူမ ဖြစ်လိုက်၊
တခါတရံကျတော့ အိတွဲနေတဲ့
နွားလှည်းတွေလို...၊
တခါတရံ တောင်တန်းတွေ၊
တခါတရံ အစိမ်းရောင် ကွင်းပြင်တွေ၊
တခါတရံ မီးလောင်နေတဲ့ ရိုးပြတ်တွေ....။
တခါတရံ ဘေလီတံတားတွေ၊
တခါတရံ ချောင်းကွေးလေးတွေ...
တခါတရံ တမာပင် တန်းလေးတွေပေါ့....။
ခဏတဖြုတ်လေး ဆိုပေမယ့်
မှန်ပြတင်းနံရံဟိုမှာဘက်က
ကျေးလက် ရနံ့တွေ ရှုရှိုက်မိရဲ့...။
လွင့်မျောနေတဲ့ စိတ်တေလေတွေက
ရောင်စုံ ရှုခင်းတွေဆီ လွင့်လွင့်ပါသွားတယ်..
ခရီးဆောင်အိတ်ထဲ အိပ်စက်ခြင်းတွေ (ငိုက်မျည်းရင်း)
ပြုတ်ပြုတ်ကျသွား...။
အဲဒိ မြို့လေးဆီ မရောက်ခင်တော့

ပျင်းရိတွဲ တဲ့ ခန္ဓာကို ဒေါင်လိုက် ထိုင်ခုံပေါ်တင်ရင်း

နာရီတွေ မသိမသာ ခိုးကြည့်နေရတယ်။

နံဘေးက ခြေပစ်လက်ပစ် လူတွေကို ကြည့်ရင်း

ကိုယ်တောင် သန်း.. ဝေ လာခဲ့တယ်

နေရပ်မသိတဲ့ အချိန်တွေကို

ဘယ်လို တိုက်စား ပစ်ရမှန်း တောင် မသိဘူး…

ထပ်တလဲလဲ သီချင်းတစ်ပုဒ်ကို အပျင်းဖြေ နားထောင်ရင်း

ကျွန်တော့် ခြေထောက်မှာ မှဲ့တလုံး ပါနေတာကို

မသိချင်ယောင် ဆောင်ပစ်လိုက်ရတော့တယ်။


(မကြာခဏ ခရီးသွားကံ ပါသော ကျွန်တော့်ဖြစ်အင်ကို ခရီးသွားရင်း လာရင်း ရေးဖွဲ့ပါတယ်)

Read Users' Comments (0)

သင်ပျော်ရွှင်နေလား ပို့စ် ရှင်းလင်းချက်

လေးစားအပ်တဲ့ ဘလော့ကာ ညီအကိုများ ခင်ဗျာ။ ကျွန်တော် ရေးတဲ့ သင်ပျော်နေသလား ဆိုတဲ့ပို့စ် အတွက်နဲ့ ပတ်သက်ပြီး ကျွန်တော် ထပ်မံရှင်းလင်းပြ လိုပါတယ်။ ကျွန်တော် ရည်ညွှန်းချင်တဲ့ ဘုံ အသုံးအနှုန်းဟာ လေဘေး ကယ်ဆယ်နေတဲ့ ကျွန်တော်တို့ ဘလော့ကာ အဖွဲ့တွေကို လုံးဝ ရည်ညွှန်း ခြင်းမဟုတ်ပါ။ ကိုဝေ ပြောသလို ကိုဂေါက်တို့ အဖွဲ့လဲ မဟုတ်ပါ။ ကိုညီလင်းဆက်တို့ အဖွဲ့လဲ မဟုတ်ပါ၊ ကိုမိုးလှိုင်ည တို့ အဖွဲ့လဲ မဟုတ်ပါ။ ညီအကို များ သိတဲ့ အတိုင်း ကျွန်တော်ဟာ ဖွတတ်တဲ့ သူလဲ မဟုတ်ပါဘူး။ ဒီလို လှူနေတဲ့ အကို ဘလော့ကာ များ အဖွဲ့ကိုလဲ လေးစား ပါတယ်။ ဂုဏ်လဲ ယူပါတယ်။ ကျွန်တော် ကိုယ်တိုင် မလိုက်နိုင်ပေမယ့် ကျွန်တော် တတ်အားသရွေ့ ကူညီပေးခဲ့တာ အားလုံး သိပါတယ်။ ဒီလို ချိန်မှာ စိတ်ဝမ်းကွဲ စေမယ့် စကား မပြောသင့်တာ အမှန်ပါ။ ကျွန်တော်လဲ မပြောခဲ့ပါဘူး။ လေဘေး ကယ်ဆယ်နေတဲ့ အဖွဲ့တွေမှာ ကျွန်တော် ပြင်ပက သူငယ်ချင်း အသိမိတ်ဆွေတွေလဲ လုပ်နေပါတယ်။ ကျွန်တော့် အနီးအနား က အသိတစ်ယောက် ပြောတာကို ကျွန်တော် ပြန်လည် ဖော်ပြ ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်က စိတ်စေတနာသန့်သန့် နဲ့ ကောင်းစေခြင်တဲ့ အမြင်နဲ့ ကျွန်တော့် အမြင် သက်သက်ကိုသာ ရေးခြင်းဖြစ်ပါတယ်။ သူတစ်ပါး လှူတာကို ကဲ့ရဲ့ရှုံ့ချချင်တဲ့ စိတ်ကူး စိုးစဉ်းမှ မပါဘူးဆိုတာ သိစေအပ်ပါတယ်။ ကျွန်တော်ရေးတဲ့ ပို့စ်ကို ကျွန်တော် တာဝန်ယူပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ စောင်းချိတ်ပြီး မရေးပါ။ အဲဒိလို ထိခိုက်မိသွားတယ် ဆိုရင်လဲ ကျွန်တော် အထက်ပါ ရှင်းလင်းချက် အရ သိစေအပ်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါ။ မဖြစ်အပ်တာ မဖြစ်စေလိုကြောင်း ကျွန်တော့်  အမြင်တခုကို ထုတ်ဖော် ရေးသားခြင်း သက်သက်ပါ။ ကျွန်တော် အကြောင်းကြောင်းကြောင့် ဧရာဝတီဘက် မဆင်းနိုင်ပါ။ ပရဟိတ စိတ် အပြည့်နဲ့ ကူညီပေးနေတဲ့ အဖွဲ့တိုင်းကို လေးစားပါတယ်။ ဘယ်သူဘယ်ဝါကိုမှ ထိခိုက်အောင် ရေးသား ခြင်း မဟုတ်ပါကြောင်း သိစေအပ်ပါတယ် ခင်ဗျား။

Read Users' Comments (0)

ရိတ်သိမ်းခံလိုက်ရတဲ့နေ့

မငိုပါနဲ့လို့ မပြောချင်ဘူး
မိုးတိမ်လိုလဲ ရွာ မချချင်ဘူး...
ကိုယ့်ကိုကိုယ် လိမ်နေတယ်လို့ သိနေတာတောင်
အံကို ခပ်တင်းတင်း ကြိတ်ထားခဲ့...
လမ်းကွေးလေးမှာပဲ ...
အရင်တုန်းက အတိုင်း နဝေတိမ်တောင် ဖြစ်နေဆဲ...
ဘာမှ မတီးခတ်ရခင်မှာ
သံစဉ်တွေ အိတွဲကျလို့....
(ဒါဟာ ရုပ်ရှင်ပြနေတာ မဟုတ်ဘူး)
အဲ့ဒိ ၀န်းကျင်တခုလုံး အက်ကွဲနေသလိုပဲ...
ကြေမွသွားတာလား....
နှုတ်ခမ်းတွန့်လေး တခုတောင် လက်ဆောင်မရလိုက်တဲ့ အဖြစ်ပေါ့...
ခပ်မတ်မတ် ရပ်ရင်း ၀င်လေထွက်လေတောင် အံလွဲနေတယ်..
သတ်ပုံမှားသွားတဲ့ နေ့လေး တနေ့ပါပဲ....
..........
ခပ်ပါးပါးလေး ကို့ဆီကနေ လွင့်ကျသွားလေရဲ့....
..........
..........
ကျေးဇူးပြု၍ ကောင်မလေးရယ်....
ငါ့ကို နှုတ်ဆက် မနေပါနဲ့...။

Read Users' Comments (0)

ကားမောင်းခြင်း

အနှိုးရခက်တဲ့ ဘ၀ကြီးကို

ဆီချူပြီးမှ မောင်းထွက်ခဲ့ရ…

ဂျုံးဂျုံးကျနေတဲ့ စကားလုံး အင်ဂျင်တွေထဲမှာ

ညှော်နံ့တွေ ထွက်နေလေရဲ့…

စိမ်းလိုက် ၀ါလိုက် နီလိုက်နဲ့

ရက်သတ္တပတ်ပေါင်းများစွာကို

စက်မသတ်ပဲ စောင့်ဆိုင်းခဲ့ရတယ်…

လဲလှယ်ဖို့ လိုအပ်နေသော လုပ်ရည်ကိုင်ရည်များ

အဖတ်လိုက်ကွာကျနေတယ်….။

ကိုယ်က မသိလိုက်ဖာသာ ရှေ့တိုးမိရုံနဲ့

သတိပေးခြင်း ခံရသေးတယ်…

ဘာမှ ဆင်ခြေ မကန်ရခင်လေးမှာပဲ

တစ်ယောက်ယောက်က လာဆောင့်သွားလေရဲ့….

"ဒုန်း………"

Read Users' Comments (1)comments

သင်ပျော်ရွှင်နေသလား

ခုတလော ကျွန်တော့်စာတွေက conflict ဖြစ်နေ လိမ့်မယ် ထင်တယ်။ ဖြစ်ဆို ခုတလော မြင်သမျှ၊ သိသမျှတွေဟာ ထော်လော်ကန့်လန့် အံချော်နေတာ တွေချည်း ဖြစ်နေလို့ပါ။ မနေ့ညက မြ၀တီလိုင်းမှာ ဆရာတော် ဦးကောသလ္လ နဲ့တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်သွားတယ်။ ဆရာတော် ဟာ အမှန်တရား အတွက် ပြတ်ပြတ်သားသား ပြောဝံ့တဲ့ ကိုယ်တော် တစ်ပါး ဖြစ်တယ်ဆိုတာ လူတိုင်း အသိပါ။ ခုလဲ ဆရာတော်က ဧရာဝတီတိုင်း လေဘေးမှာ စည်းကမ်းမဲ့ လှူဒါန်းတဲ့ လူတစ်ချို့ အကြောင်း ဝေဖန် ထောက်ပြ ပြောဆိုသွားပါတယ်။ ဆရာတော် ပြောတဲ့ စကားတွေဟာ လုံးဝ ဒတ်ထိအမှန်တွေချည်းပါပဲ။ အဲဒိထုတ်လွှင့်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော့် ရင်ထဲမှာ နင့်ကနဲ ဖြစ်အောင် ခံစားလိုက်ရတယ်။  ဧရာဝတီဘက်ကို တချို့တချို့သော လူများက ကူညီကယ်ဆယ်ရေး ထက် ပျော်ပွဲစားတခု လို သဘောထားနေတာကို ပြောသွားပါတယ်။ အဲ့ဒါ အမှန်ပါပဲလို့ ကျွန်တော် ပြောပါရစေ။ ကျွန်တော့် ပတ်ဝန်းကျင်က တချို့သော သူငယ်ချင်း မိတ်ဆွေ တချို့ဟာ လေဘေးသင့်နေတဲ့ ဧရာဝတီတိုင်းဘက်ကို ကိုယ်ပိုင်ကားတွေ တစီတတန်းနဲ့ picnic ထွက်သလို ထွက်နေကြတဲ့ သူတွေ ရှိလို့ပါ။ ပြီးတော့ သူတို့ ကြည့်ရတာ ဒုက္ခသည်တွေကို စာနာတာထက် ခရီးထွက်ရတာကို ပိုပျော်နေကြတဲ့ပုံ ပေါက်နေကြပါတယ်။

ကျွန်တော်ဒီလိုပြောလို့ မင်းကကော ဧရာဝတီကို ဘယ်နှခေါက်ဆင်း ပြီးပြီလဲ လို့ မေးလိမ့်မယ်။ ဟုတ်ကဲ့ ကျွန်တော် အကြောင်းကြောင်းကြောင့် လူအားဖြင့် မလိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် နည်းကျွန်တော့်ဟန်နဲ့ သွားလှူတဲ့ လူတွေကို တနိုင်တပိုင် လှူနေတာတွေတော့ လုပ်ပါတယ်။ အဲ့ဒိက ပြန်လာတဲ့ လူတွေကိုယ်တိုင် ဒီလို ပြောတာကို ကြုံဖူးပါတယ်။

"ငါတို့ ကားပေါ်ကနေ မုန့်တွေ လှမ်းကျဲတော့ လူတွေ လူတွေ မှ အများကြီး ၀ိုင်းလုကောက် နေကြတာ တော်တော် ပျော်ဖို့ ကောင်းတယ်"

လို့ဝမ်းနည်းဖွယ် ရာ စကားကို မြိန်ရည်ယှက်ရည် ပြောပြတယ်။ ကဲ စဉ်းစားသာ ကြည့်ပေတော့ဗျာ။ ဒါဟာ ကယ်ဆယ်နေတာနဲ့ မတူတော့ပါဘူး။ အခု ဧရာဝတီတိုင်းမှာ တကယ့် အကြီးအကျယ်လှူနေတဲ့ လူတွေနဲ့ တနိုင်တပိုင် စေတနာ အပြည့်နဲ့ လှူဒါန်းနေတဲ့ သူတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒိကြားထဲမှာ လောက်လောက်လားလား လဲ မဟုတ်ပဲနဲ့ ကားတွေပေါ်ကနေ လမ်းဘေး တဘက်တချက်က လေဘေးသင့်သူတွေကို မုန့်တွေ ပစ်ချပေးနေတဲ့ သူတွေရှိပါတယ်။ စဉ်းစားကြည့် ကြပါအုံးဗျာ။ ခင်ဗျားတို့ လှူတဲ့ သူတွေဟာ တိရိစ္ဆာန် ရုံက အဟိတ် တိရိစ္ဆာန်တွေလား။ လေဘေးဒဏ်သင့် နေတဲ့ ကျွန်တော်တို့ လူမျိုးတွေ ဆိုတာ မမေ့ပါနဲ့။ စားစရာ ပစ်ကျွေးတယ်ဆိုတာ တော်တော် အရုပ်ဆိုးတဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

 

ဒီလို စည်းကမ်းမဲ့သူတွေကြောင့် အကျင့်ဖြစ်သွားတဲ့ သာဓက တွေရှိပါတယ်။ ဟိုးအရင် သာမည တောင်မှာ စည်ကား စဉ်တုန်းက အဲ့ဒိကို သွားတဲ့ ကားတွေဟာ လမ်းဘေး တဘက်တချက်မှာ သူ့ဟာသူ သွားလာနေတဲ့ ကရင်ကလေး လေးတွေကို မုန့်ဖိုး အဖြစ် ပိုက်ဆံတွေ ပစ်ချပေးကြပါတယ်။ ပထမတော့ တယောက်စ နှစ်ယောက်စ ပေါ့။ နောက်တော့ ဒီလို ပစ်ပေးတဲ့ သူတွေ (အကျင့်ဖျက်သူတွေ) များလာတော့ သာမညကို လာတဲ့ ကားမှန်သမျှ ကလေးတွေက တဟေးဟေးနဲ့ ပိုက်ဆံ လိုက်တောင်း တော့တာပါပဲ။ ဘယ်လောက် ရင်နင့်ဖို့ ကောင်းလဲဗျာ။ ဒါဟာ ပေးကမ်းသူရဲ့ စည်းကမ်းမဲ့ လုပ်ရပ်ကြောင့်ပါ။

 

ပြီးတော့ ဒါမျိုး အလုအယက် ကောက်ကြတဲ့ မြင်ကွင်းကို တခြား တိုင်းတပါးသား တွေ့ရင် ကျွန်တော်တို့ လူမျိုးတွေကို ဘယ်လိုမြင်မလဲ။ ကိုယ့်လူမျိုး ရဲ့ ဂုဏ်သိက္ခာကို ကိုယ် ပြန်နှိမ့်ချနေတာပါပဲ။ ကိုယ့်လူမျိုး ကို စော်ကားလိုက်တာ ပါပဲ။ ကျေးဇူးပြုပြီး မိမိကိုယ်ကို မိမိ ပြန်မေးကြည့်ပါ။ ပျော်လို့လုပ်နေတာလား တကယ်ကူညီချင်လို့လား ဆိုတာ။ တကယ့်သနားစရာ လေဘေးဒဏ်သင့် ပြည်သူတွေ ကို စာနာ ထောက်ထားပါ၊ ။ စည်းကမ်းတကျနဲ့ စုပေါင်းအားပေးကူညီ ကြပါ ခင်ဗျာ။ မိမိ စိတ်ပျော်ရွှင်ဖို့ သက်သက်အတွက် ဆိုရင်တော့ ဧရာဝတီတိုင်းကို မသွားမိပါစေနဲ့ လို့ အထူး အသိပေးပါရစေ။

Read Users' Comments (1)comments