twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ယမကာတစ်ဝိုင်းစာအက်ဆေး

ရေးသူ= ပိုးဥ


ဒီညသောက်ရမှ ဖြစ်မှာ
ကိုယ့်ဖြစ်တည်မှုဆီ ကိုယ်ပြန်လျှောက်နိုင်ဖို့
ဒီညသောက်ရမှ ဖြစ်မှာ....
သောက်လို့သေတဲ့လူတွေအကြောင်း ပြောဆိုငိုကြွေးနိုင်ဖို့
ဒီညသောက်ရမှာဖြစ်မှာ
ဟိုတစ်လောလေးကမှ ဘယ်ဘက်ရင်အုံမှာ ကွက်ကျားရွာသွားတဲ့
အက်ဆစ်မိုးအကြောင်း ရယ်ရယ်မောမောပြန်ပြောနိုင်ဖို့
ဒီညသောက်ရမှဖြစ်မှာ....
အသဲကွဲလို့မဟုတ်ဘူးနော်.........
လောကမာယာနဲ့ လောကသစ္စာ ကွဲပြားချင်လို့....
ဌာန်ကုန်အောင် မမူးမချင်း..မပြန်ကြေးနော်...ေ
ဘ်ာဒါတို့

သောက်ချင်တာတော့ Red Label.....Black Label ပေါ့
ရပါတယ်... ကဗျာနဲ့သာမြည်းရရင်
B.Eနဲ့လည်း ရပါတယ်.....။
ဘယ်သူတွေပါမလဲ...ဟုတ်လား...
ခင်ဗျားဘော်ဒါကြီးလေ..ဟိုလူ...
ဒုက္ခအထူကြီးနဲ့ ရူးနေတဲ့လူ....မောင်ဇာတိ...
အဲ့လူက သေတမ်းစာတွေ ...ရှင်တမ်းစာတွေနဲ့ ရှုပ်နေတာ...
ခင်ဗျားမသိတဲ့ Update သတင်းက
ဒီလူ...တစ်ခါတစ်ရံ...အဓိပတိကို ကြွေးစီးတတ်တယ်ဆိုတာ...
ဘယ်လိုသိလဲမမေးနဲ့....
ကျွန်တော်ပါစီးခဲ့လို့ သိတာ.....။

နောက်ထပ်ရော...... စကားလုံးသိပ်အဖမ်းကောင်းတဲ့
ပို့စ်မော်ဒန်မြေခွေးတစ်ကောင်ပါသေးတယ်.....
ဟိုတလောလေးကမှ Melody World မှာ
ပထမရသွားတဲ့...၀ါဝါလေ....သူရဿဝါ....
အသံကတော့ရှယ်ဗျာ..
ကြားကြားချင်း သနားလို့ မျက်ရည်တောင်ဝိုင်းမိပါ့
သိပ်ပါရမီအခံကောင်းတဲ့လူ။

နောက်တစ်ယောက်က .... ကျွန်တော့်ကို
ရာစုသစ်ရဲ့ နတ်ဘုရားကြီး အရိပ်အောက်က
လွတ်မြောက်စေချင်တဲ့.... ကိုငတိ
" အချစ်သည် Body Weight နှင့် သက်ဆိုင်သည်" ဆိုတဲ့
သီအိုရီ ထုတ်ပြန်သွားနိုင်တဲ့ ပညာရှိကြီးပေါ့။

နောက်ပြီးတော့ ...ဟိုလူ..ဖြူဖြူနဲ့ ပူပူကြီးလေ
ဘုရင်ခေတ်က ကျန်ခဲ့တဲ့ ယွန်းဘူး အသစ်ကြီး
ဒီလူကြီးက ကိုယ်ဝန်ကသာ လေးလရှိတာ
ဗိုက်ကြီး ရှေ့ချပြီး ပါဖောင်းမန့်အကြောင်းတွေးတာ
တယ်တော်ဗျ

ထူးဆနိးတာတစ်ခုက နာမည်မှာ အရောင်တွေပါတဲ့လူ
"ညီစိမ်း"ဆိုလား " နတ်စိမ်း" ဆိုလား..
"သိုးမဲ" ဆိုလား "အိုးကွဲ" ဆိုလား..
ဒီလူက လန်ဒန်ကလွဲရင် ရွှေပတ်ပဲသောက်တတ်တယ်လို့
ကြုံးဝါးတတ်သေး..
ပြီးတော့ ပြောသေးတယ်
အသဲမကွဲဖူးသေးလို့တဲ့..ယုံရမှာတော့ ခပ်ခက်ခက်ရယ်...

နောက်ပြီး.... ကဗျာရေးရှည်သလောက် အရပ်လေးတိုနေတဲ့ "လင်းရမ္မာ"
ကဗျာရေးတော်သလို အဟောက်တော်တဲ့ "ရိုးရာ"
ကဗျာရေးပျင်းသလို စာကျက်ပျင်းတဲ့ "သောတ"
ဒီညတော့ ဒီလောက်ပဲပါမယ်...။

သောက်တာလည်း သောက်ပေါ့ဗျာ...
ပါးစပ်နဲ့ မပြောဘဲ ရင်ဘတ်နဲ့ ပြောရအောင်
ရေချိန်လွန်အောင် ချစ်မိခဲ့တဲ့ နောက်ဆုံးကြယ်ပွင့်လေးအကြောင်း
မော်ဒန်ကဗျာတွေအကြောင်း ၊ ဖြစ်တည်မှု ပဓါန၀ါဒီအကြောင်း
ရသပျက်နေတဲ့ ညနေခင်းတွေအကြောင်း
အရက်နာကျတော့မယ့် မနက်ဖြန်မနက်ခင်းအကြောင်း
ငိုမယ့်သူရှိတုန်း စောစောသေရင်ကောင်းမယ့်အကြောင်း
ကိုကြက်သွန်ရဲ့ ဘဒ္ဒါလေးအကြောင်း ...
ကိုကြီးဇာတိရေ.........
သစ္စာရှိသူရော... သစ္စာမဲ့သူရောအတွက်
ဘုရားသခင်ရဲ့ စီရင်ချက်က အတူတူပဲလားဗျာ..

ဗျာ......ကဗျာဝါဒ
ကိုယ်ရေးတတ်သလိုရေးတာ ၀ါဒလို့ အမည်မတပ်ဝံ့ပါဘူး..
ဘောင်တစ်ခုထဲဝင်နေရမှာ
လက်ရေးတွေ အသက်ရှုကြပ်လို့ပါ။
ဘာပဲဖြစ်ဖြစ်လေ..... ကဗျာမမည်တောင်
ရေးနေရတာပျော်ပါတယ်။

သံချပ်ကာအကြောင်း ...ဟုတ်လား...
ကျွန်တော်သာဆို မ၀တ်ဘူးဗျာ...
ဓါးမလာခင် အရင်လေးနေရတာ ..ပိုနာတယ်...
ဗျာ.....ဟုတ်လား..
တစ်ချို့ဓါးသွားတွေက ပါးပါးလေးနဲ့ တစ်ဘ၀စာရှတယ်....ဟုတ်ကဲ့
ကျွန်တော် မရင့်ကျက်သေးလို့ပါ...။

ကဲ....မူးသင်သလောက်လည်း မူးပြီဗျာ...
သောက်ရတာပျင်းလို့ တစ်ပွဲလောက်ကစားရအောင်
ကဗျာချစ်တဲ့လူ..အဝေးပြေးလမ်းမပေါ်..
ကန့်လန့်သွားအိပ်ကြေး
သြော်...ဟုတ်ကဲ့..ဟုတ်ကဲ့
ကျွန်တော် မူးလို့ လွတ်သွားတယ်....
မကြံကောင်း မစည်ရာတွေပါ....ဟုတ်ကဲ့

ရေချိန်လွန်ခြေလှမ်းတွေနဲ့ ဒီဝိုင်းလေး
သိမ်းလိုက်ကြရအောင်.....
အမှတ်တရပေါ့ဗျာ...ရပ်ကွက် အော်ဆဲကြည့်ရအောင်
"မိုက်တဲ့ကောင်ထွက်ခဲ့ကွ.... မင်းတို့ထက်မိုက်လို့
ကဗျာ ဆရာလုပ်နေတာ"

(ကဗျာ ဆရာမလေး ပိုးဥမှာ ကျွန်တော်တို့ ကြီးမိုက်များ အကြောင်း ရေးဖွဲ့ကာ လက်စွမ်းပြပါသည် :) )

Read Users' Comments (1)comments

1 Response to "ယမကာတစ်ဝိုင်းစာအက်ဆေး"

  1. ဆောင်းနှင်းပန်း says:
    October 26, 2009 at 4:27 PM

    ပိုးဥတဲ့ ပိုးဥရေ....
    နိမ့်ပဟ...
    လက်စွမ်းထက်တော့လည်း
    ဆိုင်းဝိုင်းကြီးတီးသလို...
    တတိမ်တိမ်နဲ့ မြည်ပါရောလား...
    :) ... :P