twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မုန့်ဟင်းခါး၊ ဟာလဝါနှင့် ပုသိမ်ထီး (၁)

ရာသီဥတု ကြည်လင် သာယာသော နေ့တနေ့ ဖြစ်သည်။ မိုးတိမ် မိုးသားများ ကောင်းကင်တွင် ကင်းစင်နေ၏။ ၉နာရီ ပါရမီကားဝင်း သို့ အရောက်ဖြစ်သော်လည်း မြောက်ဒဂုံ ဘေလီတံတားတွင် ထုံးစံအတိုင်း ကားကြပ်တတ် သဖြင့် ၈နာရီ မခွဲခင် ကတည်းက ကြိုတင်ထွက်ရသည်။ ဘေလီတံတား အတက် နာရီစင် ကားမှတ်တိုင်မှ စ၍ တရွေ့ရွေ့သွားကာ ၁၅ မိနစ်ခန့် ကြာသောအခါမှ တောင်ဥက္ကလာဘက် သို့ ရောက်လေသည်။ ၉နာရီ ၁၅ မိနစ် တွင် ပါရမီ ညောင်ပင်မှ ပုသိမ်သူ ကားကြီး၏ ခရီးစဉ် စတင်လေသည်။ တောင်ဥက္ကလာ ညောင်ပင်မှ လှိုင်သာယာဘက်သို့ ရောက်အောင် တစ်နာရီခန့် မောင်းရ၏။ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေး ဝင်းတွင် ခေတ္တမျှ ရပ်ကာ လူတင်ပြီးမှ ခရီးဆက် ပြန်သည်။


လှိုင်သာယာမှ အထွက် ဧရာဝတီတိုင်း ဘက်သို့ သွားရာ လမ်းတစ်လျှောက်တွင် မြင်တွေ့ရသော လယ်ကွင်းများ၊ ဓနိမိုးအိမ်လေးများ၊ ပျဉ်ထောင်အိမ် ကလေးများသည် ကျွန်တော် ကျောင်းတက်ခဲ့ဖူးသည့် လွန်ခဲ့သော ၆နှစ်ခန့်က အတိုင်းပင် မပြောင်းမလဲ ရှိနေ၏။ ဆားမလောက် လမ်းဆုံလေးမှ ငှက်ပျောကြော်များ ရောင်းချသော ဈေးသည်များ သည် လည်း ယခင်အတိုင်း ငှက်ပျောကြော်များ၊ ပုစွန်ကြော်များ ရောင်းချကာ ဝမ်းစာ ရှာ နေကြဆဲပင်။ ဆားမလောက် လွန်ပြီးနောက် မအူပင်-ပုသိမ် လမ်းခွဲမှ ပုသိမ်ဘက်ဆီသို့ ကွေ့သွားရ၏။ ဗိုလ်မြတ်ထွန်း တံတား မရောက်ခင်တွင် ရှိသော မန်းကေသီ စားသောက်ဆိုင်တွင် ၁၂နာရီခန့်တွင် တထောက် နားကာ နေ့လည်စာ စားကြ၏။ သည်တွင် ကျွန်တော် သတိထားမိ သလောက် ဧရာဝတီတိုင်းရှိ စားသောက်ဆိုင်လေးများ တွင် တမူထူးခြားသော အသွင် တစ်ရပ်ရှိသည်။ ၎င်းမှာ အခြားမဟုတ်။ စားသောက် ဆိုင်လေးများ၏ နံရံများတွင် ဓာတ်ပုံများကို ဘောင်ခတ်၍ ချိတ်ဆွဲထားကြ ခြင်းဖြစ်၏။ သူတို့ဆိုင်တွင် လာရောက် စားသောက် သွားဖူးသော အနုပညာ ရှင်များ၏ ပုံများကို အမှတ်တရ ရိုက်ကူးထားကာ တခုတ်တရ ချိတ်ဆွဲ ထားကြသည်။ စားသောက်ဆိုင်၏ ဂုဏ်ဒြပ် တစ်ခု အဖြစ် ဂုဏ်ယူကြပုံရသည်။ ဤသို့နှင့် လယ်ကွင်း စိမ်းစိမ်းလေးများကို တရိပ်ရိပ် ဖြတ်သန်း လာပြီးနောက် ကျောင်းတုန်းက သွားလိုက် လာလိုက် ရှိလှသော ခရီးစဉ်အကြောင်း ရှေးဟောင်း နှောင်းဖြစ်များ စဉ်းစားပြီး အိပ်မောကျသွားတော့သည်။


ကျွန်တော် မည်မျှအိပ်ပျော်သွားသည် မသိ ပုသိမ်မြို့အဝင် အဝိုင်းကြီး ရောက်တော့မှ နိုးလေသည်။ ကျွန်တော် ယခင်က မှတ်မိသလောက်တော့ ချောင်းသာ သွားလျှင် ထိုအဝိုင်းကြီးနားမှ လမ်းခွဲခြင်း ဖြစ်၏။ ပုသိမ်ကို ယခင်က ဖြတ်ကျော် အနေဖြင့်ပဲ ရောက်ဖူးပြီး မြို့ထဲသို့ သေချာ မရောက်ဖူး သေးချေ။ အဝိုင်းဆီမှ ၁၀မိနစ်ခန့် သွားပြီးသောအခါ ပုသိမ်ဆိပ်ကမ်း အနီးတွင် ဂိတ်ဆုံးသွားလေသည်။ ညနေ ၃နာရီထိုး ကျော် နေလပြီ။ ထို့နောက် တည်းခိုခန်းသို့ ဆိုက်ကားငှားသွားရ၏။ ပုသိမ်တွင် ဆိုက်ကားစီးစီး ဆိုင်ကယ်ငှားစီးစီး ဟိုနားသည်နား ၅၀၀ ကျပ် ဖြစ်သည်။ တည်းခိုခန်းတွင် ရေမိုးချိုးကာ ခြေဆန့်လက်ဆန့် ခေတ္တ အနားယူပြီးနောက် ညနေ၅နာရီ ထိုးသောအခါ ငှားထားသော ကားမှာ ရောက်ရှိလာသည်။ ယခုခရီးစဉ်သို့ မူလက လိုက်ရန် စီစဉ်ပြီးကာမှ အကြောင်းကြောင်း ကြောင့် မလိုက် ဖြစ်ခဲ့သော ကိုအောင်ပိုင်စိုးကို သတိရမိ၏။ သူသာပါလျှင် ယခုကဲ့သို့ ခရီးစဉ်တွင် သူ့လက်ရာ ဆောင်းပါးနှင့် ကဗျာများ ဖြစ်လာနိုင်သည်။

ကျွန်တော်တို့ မိသားစုသည် ညနေဘက် ပုသိမ်ရှိ အထင်ကရ တန်ခိုးကြီး ဘုရားများကို အဖူးထွက် ခြင်းဖြစ်သည်။ ပထမဦးစွာ ထိုင်းဘုရား ဟုခေါ်သော အေးငြိမ်းချမ်းသာ ဆုတောင်းပြည့် မျက်ရှင်တော် မြတ်စွာဘုရားအား သွားရောက်ဖူးမျှော်ကြသည်။ ထို့နောက် ပုဂံဘုရား လက်ရာနှင့် တူသော လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော် သို့ သွားဖူး ကြ၏။ လှိုဏ်ဂူထဲတွင် တည်ထားပုံက စွယ်တော်မြတ် ပုံသဏ္ဌာန်မျိုး ဖြစ်သည်။

နှီးဘုရားသို့ မရောက်မှီတွင် ပုသိမ်တက္ကသိုလ်သို့ သွားကြပြန်သည်။ တက္ကသိုလ် ပရဝဏ်ထဲသို့ ဝင်၍ မရသောကြောင့် အပြင်ဘက်မှသာ ဓာတ်ပုံရိုက်ခဲ့ရ၏။ ကျောင်းအနီးအနားတွင် ကျောင်းဆောင်များကို တွေ့ရပြီး ကျွန်တော်၏ အဆောင်နေ ကျောင်းသားဘဝကို ပြန်၍ လွမ်းချင်ချင် ဖြစ်သွားမိတော့သည်။

လောကနန္ဒာစေတီ (နှီးဘုရား) သည် ပုသိမ်တံတား၏ အနီးတွင် တည်ရှိသည်။ ပုသိမ်တံတားသို့ သွားရာလမ်း တွင်တော့ ကွန်တင်နာ ကားကြီးများ အများအပြား ရပ်နားထားသည်ကို တွေ့ရသည်။ ဒေသခံ ကားသမား၏ ပြောပြချက်အရ သိရသည်မှာ ဓာတ်မြေသြဇာ စက်ရုံတစ်ရုံ ဆောက်လုပ်နေခြင်း ဖြစ်ပြီး ထိုကားကြီးများမှာ စက်ရုံအတွက် လိုအပ်သော စက်ကရိယာများ ပို့ဆောင် ပေးနေသော ကားကြီးများ ဖြစ်ကြောင်း သိရသည်။ (တရုတ်ကုမ္ပဏီ ဖြစ်မည် ထင်၏။) ပုသိမ်တံတားဆီမှ ဆက်သွားလျှင်မူ ငွေဆောင် နှင့် ချောင်းသာသို့ သွားသော လမ်းခွဲ နှစ်ခု ရှိသည်။ ကျွန်တော်တို့သည် တံတား အောက်ဘက်သို့ ပြန်ချိုးကွေ့ သွားရ၏။ ပုသိမ်တံတားသည် ငဝန်မြစ်ကို ခွ၍ ဆောက်လုပ်ထား ခြင်း ဖြစ်သည်။ တံတားအောက်ဘက်တွင် ကျောက်စရစ်ပုံများ ဟိုတစု ဒီတစု ဖြစ်နေသည်ကို တွေ့ရသည်။ မြစ်၏ ဟိုမှာဘက်ကမ်းတွင် ရှပ်ပြေးယာဉ်ဟု ခေါ်သော အမြန်သင်္ဘောများ ဆိုက်ကပ်ထား ၏။ ကမ်းနဖူး ပေါ်တွင် တည်ဆောက်ထားသော စက်ရုံမှာ ငါးပုစွန် စက်ရုံဟု သိရှိရသည်။

လောကနန္ဒာစေတီပုံစံမှာလည်း ပုဂံလက်ရာနှင့် ဆင်ဆင် တူလှသည်။ ကျွန်တော်သည် ယနေ့တွင်ပင် ရောက်ရှိပြီး ယနေ့ညနေတွင်ပင် ဘုရားများကို အချိန်လုကာ လိုက်လံဖူးမျှော် ရခြင်း ဖြစ်ရာ နောက်ခံသမိုင်း ကြောင်းများကို အချိန်ယူမေးမြန်း ခြင်း မပြုနိုင်ခဲ့ပေ။ နောက်တကြိမ် ရောက်ရှိခဲ့လျှင်တော့ အချိန်ယူ၍ ဘုရားများ၏ နောက်ခံသမိုင်းများကို လေ့လာအုံးမည်ဟု တေးမှတ် ထားမိသည်။ လောကနန္ဒာစေတီ အထက်ပစ္စယံပေါ်သို့ အမျိုးသား ဘုရားဖူးသူများ တက်ရောက် နိုင်သည်။ အထက် ပစ္စယံပေါ်မှ ကြည့်လျှင် ဘုရားပရဝဏ် တစ်ခုလုံးကို ခြုံငုံ၍ မြင်ရသည့် အပြင် င၀န်မြစ်နှင့် ပုသိမ်တံတား ကြီးကို လှပစွာ တွေ့မြင်နိုင်၏။ ညနေပိုင်း နေဝင်ရီတရော ချိန် ဖြစ်ပြီး ကောင်းကင် တခွင်လုံး လိမ္မော်ရောင် သန်းနေရာ လွန်စွာ မျက်စိပသာဒ ရှိလှသော သဘာဝ ပန်းချီကား တစ်ချပ် ကို ရှုစားနိုင်လေသည်။

ထိုမှတဆင့် ကျွန်တော်တို့သည် မြို့တွင်းရှိ စက်တော်ရာဘုရား ဆီသို့ ခရီးဆက် ကြပြန်သည်။ စက်တော်ရာ ဘုရားနှင့် မျက်နှာချင်းဆိုင်တွင် ဘိုးဘွားရိပ်သာ တစ်ခုရှိသည်။ ရိပ်သာ၏ ဝန်းခြံသည် အတန်ငယ်တိတ်ဆိတ် နေပြီး အပြင်ဘက်တွင် လူရိပ်လူယောင် မတွေ့ရပေ။ ထို့နောက် ဘုရားပေါ်သို့ တက်ခဲ့ကြသည်။ ဆောင်းတန်း၏ အပေါ်ဘက်တွင် လိပ်ပုံသဏ္ဌာန် ကျောက်ရုပ်ကြီးကို တွေ့ရ၏။ ကျွန်တော်တို့ ရှေ့မှ ဘုရားဖူးများက မြွေလိမ္မာများရှိသည် ဆိုသော စာတန်းကို အသံထွက် ဖတ်လိုက်တော့မှ သတိထားမိသည်။ သို့နှင့် ဘုရားကို အရင်မဖူးသေးပဲ မြွေလိမ္မာများကို ကြည့်ဖို့သာ ဆန္ဒပြင်းပြနေသည်။ မေမေကတော့ မြွေအလွန်ကြောက် တတ်သူ ဖြစ်ရာ ခုနက အရှေ့ဆုံးမှ သွားနေရာမှ ကျွန်တော်တို့ အနောက်ဘက်သို့ ရောက်လာ၏။ မြွေများကို လှောင်အိမ်ထဲတွင်သာ ထားထား ကြောင်း ဂေါပက လူကြီးက ရှင်းပြတော့မှသာ မေမေ စိတ်အေးသွားပြန်တော့သည်။ လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြသောအခါ လှောင်အိမ်ထဲတွင် စပါးကြီးမြွေကြီး တစ်ကောင်သည် စင်ပေါ်တွင် တက်၍အိပ်နေပြီး အောက်ဘက်တွင်တော့ ရေကန်သေးတစ်ကန် ရှိ၏။ လိပ်များနှင့် နောက်ထပ် မြွေကြီး တစ်ကောင်ကို တွေ့ရပြန်သည်။ ထို့နောက် လှောင်အိမ်နှင့် ကပ်လျက်နားရှိ ခြေတော်ရာ (စက်တော်ရာ) ကို ဖူးမြင်ရသည်။ ဘုရား၏ အပေါ်ဘက် ရင်ပြင်ပေါ်တွင် ပြင်ဆင်မှု ပြုလုပ်နေပုံ ရ၏။ ပဉ္စဝဂ္ဂီငါးဦးကို မြတ်စွာ ဘုရားက တရားဟော နေပုံ ကျောက်ရုပ်ထုများ ထွင်းထုထားသည်။ ထူးခြားသည်မှာ ပဉ္စဝဂ္ဂီငါးဦးမှာ မြန်မာမှုပုံစံ ရဟန်းများ ပုံထွင်းထု ထားသည် မဟုတ်ပဲ မဇ္ဈိမဒေသရှိ မုတ်ဆိတ်မွှေးများဖြင့် ပုဂ္ဂိုလ်များပုံစံ ဖြစ်၏။ ထို့နောက် ငြမ်းများ မဖြုတ်ရသေးသော မတ်တပ် ဘုရား တဆူကို ဖူးတွေ့ရသည်။ ရင်ပြင် ပေါ်တွင်ပင် ပထမံ ဘိုးဘိုးအောင် ရုပ်ထုကိုတွေ့ ရပြီး ပထမံဂါထာကို ကျောက်တိုင်ဖြင့် စိုက်ထူထားသည်။ ထို့နောက် ကျွန်တော်တို့သည် မြို့ထဲသို့ ပြန်ခဲ့ပြီး ပုသိမ်ရွှေမောဓောဘုရား အနီးရှိ ခခကြီး မြန်မာ ထမင်းဆိုင်တွင် ညစာ စားပြီး ဘုရားတက်ဖူးခဲ့သည်။

မီးရောင်များထိန်ညီးနေသော ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားဖူးသူများဖြင့် စည်ကား လှသည်။ မီးစလိုက်များ၏ အလင်းရောင်ဖြင့် ရွှေမော်ဓော ဘုရားသည် လွန်စွာမှ သပ္ပါယ်လှပေသည်။ ဧရာဝတီတိုင်း ၏ မြို့တော် ပုသိမ်သည် အနီးအနားရှိ မြို့များမှ ကုန်စည်ကူးသန်းမှု ကြောင့် စည်စည်ကားကား ရှိသည်။ ညနေစောင်းလျှင် မန္တလေးမြို့မှာကဲ့သို့ပင် ဆိုင်ကယ်များ အများအပြား လမ်းမပေါ်တွင် သွားလာနေကြ၏။ ထိုသို့ လှုပ်ရှား နေသော ပုသိမ်မြို့၏ မြင်ကွင်းနှင့် အတူ ပုသိမ်သူ အကြောင်းစပ်ဆိုထားသော ကျွန်တော့်မမ ပုသိမ်သူ သီချင်းကို သွားသတိရမိသည်။ ထိုနေ့ညက တည်းခိုခန်း၏ ဝရံတာမှ လသာသော ကောင်းကင်ကို ငေးမောရင်း ညဉ့်နက်သွားခဲ့သည်။ ပုသိမ်မြို့သည် ယဉ်ယဉ်လေးနှင့် လှပနေသည်။

(ဆက်ရန်)



Read Users' Comments (4)

4 Response to "မုန့်ဟင်းခါး၊ ဟာလဝါနှင့် ပုသိမ်ထီး (၁)"

  1. နိုင်းနိုင်းစနေ says:
    October 11, 2009 at 1:35 PM

    လူများလာတုန်းက ဘာလို့ ခရီးမသွားဘဲ
    လူများမရှိတော့မှ ခရီးသွားတာလဲ.........

    ပြော.........

  2. Anonymous Says:
    October 13, 2009 at 12:02 AM

    ဧရာဝတီတိုင်းထဲမှာ ပုသိမ်နဲ့ ဖျာပုံ ရောက်ဖူးတယ်..ဒါပေမယ့် သွားခဲ့တာကြာပြီမို့ မြို့ နှစ်ခုကိုရောနေတယ်...
    စားသောက်ဆိုင်ပုံလေးပါ တင်ပေးရင်ပိုကောင်းမှာနော်..
    ကျေးဇူးတင်ပါတယ်...ဝေမျှပေးလို့..

    mie nge

  3. နေ့အိပ်မက် says:
    October 14, 2009 at 10:46 AM

    အဲလိုမျိုးခရီးသွားရင်.. ကောက်ရိုးပုံလေး၊ ဘေးမှာကနွား၊ နောက်ခပ်လှမ်းလှမ်းမှာက စပါးခင်းစိမ်းစိမ်း.. အဲလိုပုံလေး သိပ်ရိုက်ချင်တာပဲ

  4. Anonymous Says:
    October 15, 2009 at 4:33 PM

    ပုသိမ်ခရီးစဉ်လေး အကြောင်းလာဖတ်ပါတယ်။ ခခကြီးထမင်းဆိုင်ကတော့ ပုသိမ်မြို့မှာ နာမည်အကြီးဆုံးပေါ့...။ စားကောင်းခဲ့လား မသိ။ ဘု၇ားပုံတော်လေးတွေလည်း ထည့်ထားပေးရင်ပိုကောင်းပါတယ်။ မရောက်ဖူးသူတွေ လည်း ကြည်ညိုရတာပေါ့။

    ဆက်ရန်ကို စောင့်နေပါမည်။