twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

သင်္ကြန် အတက်နေ့

မနေ့ ညနေက သင်္ကြန်အတက်နေ့ဆိုတော့ ရေပက်တဲ့သူတွေ ကော ရေပက်ခံတဲ့ သူတွေကော တော်တော်လေး မိုးချုပ်မှ သိမ်းကြ ပြန်ကြတယ်။ ကျွန်တော်ကတော့ အကြတ်နေ့ တရက် မဏ္ဍပ် ထိုင်ပြီး အတက်နေ့ မှာတော့ အတော်လေး ညောင်းညာနေတာကြောင့် ဘယ်မှ မသွားပဲ အိမ်ထဲမှာပဲ နေ့တ၀က်လောက် အိပ်စက် အနားယူခြင်းဖြင့် အချိန်တွေ ကုန်လိုက်တယ်။ :P ညနေကျတော့ တောင်ဒဂုံဘက် သွားစရာ ရှိတာနဲ့ ကျွန်တော့် ညီမကို အတင်းခေါ်ပြီး လမ်းမှာ တွေ့တဲ့ ရေပက်နေတဲ့ ပုံတွေ ကားပေါ်ကနေ လိုက်ရိုက်ခိုင်းတော့တယ်။ ကျွန်တော်က ကားကို ရေပက်တဲ့ လူတွေနားရောက်ရင် အသာလေးမောင်းပြီး ညီမလေးကို ဓာတ်ပုံ ရိုက်ခိုင်းရတယ်။ အော် မြင်မြင် သမျှ ရေးပြ ဝေမျှ ချင်တဲ့ ကျွန်တော့်အဖြစ်ကလဲ တညိုးပေါ့လေ။ ဟီး။ အားလုံးပဲ ကျွန်တော် မြို့ထဲ မရောက်ဖြစ်လို့ မြို့ထဲက မဏ္ဍပ်ပုံတွေ မရိုက်ဖြစ်ပေမယ့် ကျွန်တော်နေထိုင်ရာ မြို့နယ်ထဲက ရေကစားနေတဲ့ ပုံလေးတွေတော့ ရိုက်ဖြစ်ခဲ့တယ်။ မြို့ထဲက မဏ္ဍပ်တွေဆိုတာ လူတိုင်းရိုက်နိုင်ပေမယ့် ဒီလို မြို့နယ်ထဲက ပုံတွေတော့ သိပ်မရိုက်ဖြစ်ကြဘူးလေ။ (ဟီးဟီး အမှန်တော့ ချွေးသိပ်တာ :P ) အဟဲ ကျွန်တော့် တို့ မြို့နယ်ထဲမှာ ပျော်ရွှင်စွာ ရေကစားနေကြတဲ့ ပုံတွေကိုလည်း ကြည့်ရှုပေးကြပါအုံး။

ကျွန်တော်တို့ လမ်းထိပ် နားက အကြီးဆုံး အုန်းလက် မဏ္ဍပ်





လမ်းဘေး တဖက် တချက်က ရေကစား နေကြသူတွေပေါ့





ကားနဲ့ လည်သူတွေလဲ ရှိတယ်။




လူနည်းနည်းနဲ့ ကဲကဲတွေပေါ့။ :)



လမ်းမပေါ်တွေလဲ သင်္ကြန်ရေနဲ့ စိုစိုရွှဲလို့



အုန်းလက် မဏ္ဍပ် ဆိုပေမယ့် လူစည်ပါတယ်။



ပျော်သလား ဟေ့ မောင်တို့ရေ.... ပျော်တယ်ဟေ့ ပျော်တယ်ဟေ့....


ကဲ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြန်ပြီ သူငယ်ချင်းတို့ရေ။ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ မြန်မာပြည်သား အားလုံး ဘေးရန် ကင်းကွာပြီး အောင်မြင်တိုးတက် ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သင်္ကြန် ဆွေး…ဆွေး


လတန်ခူးပေမို့၊ အလှထူးတဲ့ နွေဂိန်မာန်
ရွှေတန်တဲ့ ဒို့နှစ်ကူး၊ ပျော်ကာမြူး ပွဲတော်မဟာ
သြော်…ထူးတဲ့ ရိုးရာ။
ဒီသင်္ကြန် အတာ ပွဲမှာလ၊ နရီချိန်မှန် ဆင်ကာနွှဲတာမို့
ကုန်ချင်ဘု ဒီအတာ ရက်ကိုဗျ၊ စုန်ဆန်ကူး ရင်ဖိုစိတ်တွေနဲ့
ပိတောက်နု ၀ါတွေလို၊ ထောက်ရှုကာ မျှော်နေရဘိ သကို
ခွန်းဖွဲ့သီ တေးသံ ရယ်ချို၊ ရွှန်းလဲ့ရည် ရေတွေက စို
သြော် … သင်္ကြန်ရယ်….. (ကျွန်တော်တို့ မှာလေ)
ဆွေး…. လို့ရယ် သာ ငို….။

မင်းယွန်းသစ်

Read Users' Comments (0)

မနေ့က သင်္ကြန် အကြတ်

သင်္ကြန်အကြတ်နေ့
မနေ့က ကျွန်တော်တို့ မဏ္ဍပ်ထိုင်ဖြစ်ကြတယ်ဗျ။ ဒါပေမယ့် တနေ့က ကိုကြီးကျော် ဖုန်းတောင် ရေစိုသွားလို့ ပျက်သွားတယ် ဆိုတော့ ကျွန်တော့် ရှိစုမဲ့ ကင်နွန်လေးလဲ ရေစိုသွားမှာ စိုးလို့ မနေ့က ယူမသွားမိဘူး။ ဒါပေမယ့် မမဘာညာတော့ ကင်မရာ ယူသွားတယ်။ မဏ္ဍပ်မှာ ဓာတ်ပုံ ရိုက်ဖို့ဆိုတာ ထင်သလောက် မလွယ်ဘူးဗျ။ မဏ္ဍပ်ပေါ်မှာက လူတွေရဲ့ ခေါင်းတွေပေါ်မှာ ရေပန်းတွေက တဖွားဖွား ဖြန်းနေတာ။ ဘယ်လိုနည်းနဲ့ မဆို ကျွန်တော်တို့ ကင်မရာတွေ ရေစိုသွားနိုင်တယ်။ အပျော်တမ်းရိုက်တဲ့ ကင်မရာလေးတွေ ဆိုတော့ ရေစိုမခံဘူးလေ။ ပုံတွေကိုတော့မဟာသင်္ကြန်ဘလော့မှ ကူးယူဖော်ပြလိုက်ပါတယ်။


မနေ့က မနက်က ကျွန်တော် ရွှေဂုံတိုင်ကနေ အင်းယားလမ်းကို ၂၅၀၀ နဲ့ ကားငှားပြီး သွားခဲ့တယ်။ (ဒါတောင် တချို့ကတွေက ဈေးကိုင်သေးတယ် အင်းယားကို ၃၀၀၀၊ ၄၀၀၀ ဆိုပြီး) ။ ဒါတောင် ကျွန်တော်ငှားတဲ့ကားက အင်းယား လမ်းထိပ် နားထိ မရပ်ပေးဘူး ကားတွေ ကျပ်နေလို့ ဆိုပြီး ကျွန်တော့်ကို မာလာဆောင် မျက်နှာချင်းဆိုင် နားမှာ ရပ်ပေးတယ်။ ဒါနဲ့ ကျွန်တော်လဲ အင်းယားလမ်းကို လမ်းလျှောက်ခဲ့တာပေါ့။ ဟုတ်တော့ ဟုတ်တယ်ဗျ လမ်းဘေးတဖက် တချက်မှာ ကားတွေရပ်ထားတော့ ရေပက်ခံကားတွေနဲ့ ပြည်လမ်းက ကျပ်ကုန်တာပေါ့။ ပြီးတော့ လမ်းဘေး ပလက်ဖောင်းမှာလဲ လမ်းဘေးဆိုင်လေးတွေ ဖွင့်ထားသေးပြန်တော့ လမ်းလျှောက်တဲ့ လူတန်းကြီးက မနည်းတိုးနေရတယ်။ အင်းယားလမ်းထိပ်ရောက်တော့ ရေတွေ ဒလဟော စီးနေတယ်။ မဏ္ဍပ်တွေက ရေစပက်နေပြီလေ။ အင်းယားထိပ်ကိုရောက်တာနဲ့ အနဂ္ဂတို့ ထက်ထက်မိုးဥိးတို့ ထိုင်တယ်ဆိုတဲ့ X2O မဏ္ဍပ်က Techno သီချင်းသံတွေ တအုန်းအုန်းနဲ့ ကြားနေရပြီ။ သီချင်းသံ ကြားတော့ ရင်ထဲမှာ ကလိကလိတောင် ဖြစ်တာတယ်။ ဟိဟိ။ :)



ကျွန်တော်တို့ မဏ္ဍပ်ကဒ်







လန်းသလားတော့ မမေးနဲ့ ဟိဟိ :P



ကျွန်တော်တို့ ထိုင်တဲ့ မဏ္ဍပ်



ရေပက်ခံထွက်တဲ့ ကားတွေ


ကျွန်တော့် ထိုင်မယ့် မဏ္ဍပ်က ဘုတ်ကလပ်နားမှာ ဆိုတော့ နဲနဲလှမ်းနေသေးတယ်လေ။ ဒါကြောင့် လူအုပ်ကြီးကို တိုးပြီး မြန်မြန်သွက်သွက်လေး လျှောက်ခဲ့တယ်။ ရေက ပက်ချင်နေပြီလေ။ သိတယ်မှတ်လား ကျွန်တော့် ကိုယ်တွင်းက သင်္ကြန်ပိုးတွေက သင်္ကြန်ရေ ထိရင် ရွစိရွစိ ဖြစ်လာပြီလေ။ :P မဏ္ဍပ်တွေက ရေတွေ စပက်နေပြီ ရေပက်ခံတဲ့ ကားတွေတောင် စရောက်နေပြီလေ။ ပုံမှန် ခဏလေးရောက်မယ့် ဘုတ်ကလပ် နေရာကို လူတွေကို တိုးနေရတာနဲ့ ၁၀ မိနစ်လောက်မှ ရောက်တယ်။ ကျွန်တော်ထိုင်မယ့် မဏ္ဍပ် စပွန်ဆာက Shoe Gallery ဆိုတော့ ဗီနိုင်းကြည့်လိုက်တာနဲ့ ကျွန်တော်တို့ မဏ္ဍပ်မှန်းသိလိုက်တယ်။ မဏ္ဍပ် နာမည်က gravity တဲ့။ ဒါနဲ့ ကိုဂေါက်တို့က ကြိုရောက်နှင့်နေမယ်ဆိုလို့ တဖက်လမ်း ပလက်ဖောင်း ကနေ မဏ္ဍပ်ပေါ်ကို ရေတွေ ကြားထဲက မနည်း ရှာရတာပေါ့။ ခဏနေတော့ ကိုဂေါက်က မဏ္ဍပ်ပေါ်ကနေ လက်လှမ်းပြပြီး အောက်ဆင်းလာတယ်။ ပြီးမှ မဏ္ဍပ် လက်မှတ်ဝယ်ပြီး တပ်ခဲ့တာပေါ့။ ကျွန်တော်တို့ မဏ္ဍပ် ပုံစံက လေးဆင့် ရှိတယ်။ အောက်သုံးဆင့်က ရေပက်တဲ့သူတွေအတွက်ပေါ့။ အပေါ်ဘက်ဆုံး အထပ်မှာ က ဘေးတဖက် တချက်မှာ ခြံခတ်ထားတဲ့ စတိတ်စင်လေး ၂ခု စီရှိတယ်။ ညာဘက် ခြမ်းနောက်ဘက်မှာက ဒီဂျေစင်ပေါ့။ အပေါ်ဘက်ရဲ့ အလယ်ကတော့ မီးစလိုက်တွေ၊ ရေပန်းတွေနဲ့ သီချင်းတွေနဲ့ ကမယ့် သူတွေရဲ့ နေရာပေါ့။ ကျွန်တော် အပေါ်ရောက်တော့ လူတွေတော်တော် များများ ရောက်နေပြီး ကနေကြပြီ။ ဟဲဟဲ ရောက်တာနဲ့ လူကို ဆီဖြည့်လိုက်တယ်။ :P ဆီမပြည့်တပြည့်ဖြစ်သွားတော့မှ သီချင်းသံတွေက ပိုမြူးလာသလိုဖြစ်လာပြီး ဒန့်စ် ဒန့်စ်တာပေါ့။ ဆီဖြည့်လိုက် ကလိုက် ကလိုက် ဆီဖြည့်လိုက်နဲ့ သံသရာကို လည်နေတာပါပဲ။ ဟီး။




ကျွန်တော်တို့ ကတဲ့နေရာ


၁၀ နာရီကျော်လောက်ကျတော့ ဖိုးသူတော် ရောက်လာတယ်။ မရှေးမနှောင်းမှာပဲ မမဘာညာတို့ မမဒီမိုတို့ ရောက်လာပြီး ကျွန်တော်တို့ အဖွဲ့ လူစုံပြီဆိုတော့ ဒန့်စ်ကြတယ်။ အော် ကျွန်တော်တို့ အဖွဲ့ဆိုလို့ မနေ့က မဏ္ဍပ် တူတူ ထိုင်တဲ့ လူတွေကတော့ ကိုဂေါက်၊ ကိုကြီးကျော်၊ မမဘာညာ၊ မမဒီမို၊ ဆိုင်ခရွန်၊ သဇင်ဏီ၊ ဖိုးသူတော်၊ ကျွန်တော် တို့ ဖြစ်ပါတယ်။ တနေကုန် ကလိုက်တာ ကလိုက်တာ နေ့ခင်း ၀ါးတီးကျွေးဖို့ ဒီဂျေစင်က ကြေငြာမှ ပဲ ဒန့်စ် တာ ရပ်တော့တယ်။ ဟီး။ ကျွန်တော်တို့ကို ကျွေးတဲ့ နေ့ခင်းစာက ထမင်းကြော် ကြက်သားလား ၊ ၀က်သားလား မသိပါဘူး။ အသားက ပါတယ်ဆိုရုံလောက်ပဲ။ ထမင်းကြော် သွားတန်းစီတော့ မဏ္ဍပ်ရဲ့ အနောက်ဘက် ချောက်ထဲမှာ မဏ္ဍပ်ကဒ်လေးတွေ ပြပြီး သွားယူရတာပေါ့။ စားသောက်ပြီးတော့ ရေက မဖွင်သေးတော့ ၁နာရီလောက် ထိုင်နေရသေးတယ်။ အပေါ်ဆင့် ကတဲ့ နေရာမှာ လူရှင်းသွားတော့မှ မူးပြီး ကိုးယိုးကားယား လဲနေတဲ့လူတွေချည်းပဲ သုံးလေးငါးယောက်လောက်ရှိတယ်ဗျာ။ သင်္ကြန်တွင်း ဒီလောက် အံဖတ်စို့အောင် သောက်တာတော့ သိပ် အဓိပ္ပါယ်မဲ့လွန်းနေသလားလို့။ ဟုတ်တယ်လေ ကျွန်တော်တို့လဲ လုံးဝ မသောက်ဘူး မဟုတ်ပါဘူး။ နဲနဲလေး အချမ်းပြေ ကကောင်းရုံလောက် သောက်ပါတယ်။ ဒါပေမယ့် တအားကြီး အမူးလွန်သွားရင် သင်္ကြန်ဆိုတဲ့ အပျော်လေး ပျောက်ကုန်မှာပေါ့။ တစ်နှစ်မှာ တစ်ခါ ပျော်ရတဲ့ ပွဲ မူးပြီး လောက ကြီးနဲ့ အဆက်အသွယ် ပြတ်နေရင် သင်္ကြန် အပျော်တွေ နှမြောစရာကြီး။ ၁နာရီကျော်လောက် ကျတော့ ရေပြန်ဖွင့်တယ် အပေါ်ထပ် မှာလဲ လူတွေ ပြန်ရောက်လာပြီး ကျွန်တော်တို့တွေ ပြန်ကကြပြန်ပါရော။


ကားတွေကလဲ မဏ္ဍပ်တွေ ရှေ့မှာ ကြိတ်ကြိတ်တိုးပဲ။ လူတွေကလည်း လမ်းလျှောက်ရင်း လာကြည့်သူတွေ ကောဆိုတော့ တိုးမပေါက်ဘူး။ အောက်အဆင့်က ရေပက်သူတွေပက်နေကြသလို အပေါ်ဆင့်က ကနေတဲ့ ကျွန်တော်တို့ကလဲ ဒစ်စကို သီချင်းသံတွေ ကြားမှာ ကပြီးရင်းကပေါ့။ ခေါင်းပေါ်ကရေပန်းတွေက ဖြန်း၊ ရောင်စုံ စလိုက်တွေက တဖျတ်ဖျတ်၊ သီချင်းသံတွေ တအုန်းအုန်း ကြားထဲမှာ ကျွန်တော်တို့တွေ အလိုက်သင့် စီးမျောနေကြတာပေါ့။ ကျွန်တော်တို့ ပျော်လို့ကောင်းနေတုန်း ညနေ သုံးနာရီလောက်မှာ မဏ္ဍပ်အပေါ်ဆင့်မှာ ရန်ပွဲလေးတစ်ပွဲ ဖြစ်လိုက်သေးတယ်။ ဒါပေမယ့် ခဏပါပဲ အချင်းချင်းဖြစ်တာ ထင်တယ်။ ဘာရယ် မဟုတ်ဘူး ရန်ဖြစ်တယ်ဆိုတော့ လူတွေက ရှဲကုန်တာပေါ့။ သင်္ကြန်တွင်း ရန်ရှာ၊ ရန်ပွဲဖြစ်တာလောက် အာရုံနောက်တာ မရှိဘူး။ ခဏနေတော့ သူတို့အချင်းချင်း ၀င်ထိန်းရင်းနဲ့ ပြေလည်သွားကြပါတယ်။ ကွိုင်ရှာတဲ့သူတွေကိုလဲ အောက်ကို ဆွဲချသွားကြတယ်။ ခဏနေတော့ သီချင်းသံတွေ ပြန်ဆူညံလာပြီး ပြန်ပြီး ရေပက် ၊ ပြန်ပြီး ကကြပါလေရော။ ကျွန်တော်လဲ အောက်အဆင့် မှာ ရေသွားပက်တုန်း အပေါ်တက်လာတော့ မမဘာညာ၊ မမဒီမို၊ ကိုကြီးကျော်တို့ မရှိတော့ဘူး။ ပြန်သွားကြလေရဲ့။ ဒါနဲ့ ကျန်တာက ဆိုင်ခရွှန်၊ ဏီဏီ နဲ့ ကျွန်တော်ပဲ ကျန်တော့တယ်။ ကျွန်တော် ကတော့ သူများတွေ အကုန်ပြန်ပြီး ညနေ ၆နာရီကျော် မဏ္ဍပ်ပိတ်တော့မှ အိမ်ကို မဏ္ဍပ် ဖယ်ရီနဲ့ ပြန်ခဲ့တာပေါ့။း)


ညက ပြန်လာတော့ မဏ္ဍပ်မှာ ကထားတဲ့ အရှိန်နဲ့ တကိုယ်လုံး ညောင်းညာနေတာနဲ့ အ၀တ်အစားလဲ ထမင်းစားပြီးတာနဲ့ တချိုးတည်း အိပ်တော့တာပါပဲ။ မနက်ကလည်း ၈နာရီခွဲလောက်မှ ထဖြစ်တယ်။ ဒီနေ့ မနက်တော့ မမဘာညာတို့ က ကားနဲ့လည်ဖို့ ခေါ်သေးတယ်။ ကျွန်တော် မလှုပ်နိုင်တော့လို့ မလိုက်သွားတော့ဘူး။ ဟီး။ သူတို့တော့ ဒီနေ့ ပုံတွေ တင်အုံးမယ် ထင်တယ်။ သင်္ကြန်ဘလော့မှာ သွားကြည့်လိုက်နော်။ ညကျရင်။ အားလုံး ဒီနေ့ အတက်နေ့ဆိုတော့ နှစ်သစ်ကူးတော့မယ်။ နှစ်သစ်မှာ လူသစ်စိတ်သစ် နဲ့ မိမိရဲ့ ရည်မှန်းချက်များ ပြည့်စုံအောင်မြင် တိုးတက်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ။

Read Users' Comments (0)

ရန်ကင်း၊ ရွှေဂုံတိုင် သင်္ကြန်ကြတ်နေ့

ဒီနေ့ အကြတ်နေ့ဆိုတော့ ကားတွေ အကျနေ့ကထက် ပိုများတယ်..။ ကျနော် ရန်ကင်းကနေ ရွှေဂုံတိုင် လမ်းတစ်လျှောက်က မဏ္ဍပ်တွေ မှတ်တမ်းတင်ခဲ့တယ်ဗျ။ ဒီနေ့ သင်္ကြန်အလယ် ရက်ဆိုတော့ လူတွေကော ကားတွေကော တပျော်တပါး အများကြီးပဲဗျို့....။ ကဲကဲ ရှုစားကြပါအုံး..။








မြလမ်း မင်းလမ်းနားက မဏ္ဍပ်တွေပေါ့..။







မဏ္ဍပ်ရောက်ဖို့ တန်းစီနေတဲ့ ကားတွေ


ကမှာသာ က ပျော်အောင်သာက




တာမွေအ၀ိုင်းထိပ် ဗိုလ်စိန်မှန်လမ်းနားက မဏ္ဍပ်



ဒီမဏ္ဍပ်က အလှဆုံး ဆိုတဲ့ ဗန္ဒာပင် ကားဂိတ်နားက မဏ္ဍပ်



ရွှေဂုံတိုင် တော်ဝင် နှင်းဆီ မဏ္ဍပ်မှာလဲ ကားတွေ တန်းစီလို့...။ (မဏ္ဍပ် ပေါ်မှာတော့ တော်ဝင် နှင်းဆီက မမတွေက သီချင်းတွေ ဆိုနေကြလေရဲ့ :) )



ရွှေဂုံတိုင် ဒီဘက်ထိပ် ကားဂိတ်နားက မဏ္ဍပ်



အင်းယားလမ်း (လင့် လမ်းအနီး) မီးပွိုင့်နားမှာ ရေပက်နေကြသူတွေ...


ကဲ အားလုံးပဲ သင်္ကြန် ပုံတွေကြည့်ရင်း အပျော်တွေ ဝေမျှ ခံစားနိုင်ကြမယ် ထင်ပါတယ်....။ ကဲ ဒီနေ့ သင်္ကြန် ပထမ အကြတ်နေ့ ရောက်နေပြီနော်...။ သိပ်မကျန်တော့ဘူး... သူငယ်ချင်းတို့ ရေ..။ :P

Read Users' Comments (3)

နဲနဲလေးတော့ လွဲနေတယ်

ကျနော် မနေ့ညက မြန်မာ့ရုပ်မြင်နဲ့ မြ၀တီမှာ လာတဲ့ သင်္ကြန်သတင်းလေးတွေ ထိုင်ကြည့်ရင်း ကလိကလိ ဖြစ်လာတယ်ဗျာ။ ဟုတ်တယ်။ ကျနော့် အဖြစ်က သင်္ကြန်တွင်းမှာမှ စာမေးပွဲလာဖြေနေရတယ်...။ ဟင့်။ သူများတွေ ကဲနေကြတဲ့ အချိန်မှာ ကျနော့်မှာ နောက်ကြောင်း မအေးဘူးဗျာ။ ဒါနဲ့ တညလုံး စာကျက်ရင်း စိတ်တွေ ဂယောက်ဂယက်ဖြစ်လာတာနဲ့... စောစော အိပ်ယာ ၀င်အိပ်လိုက်တယ်ဗျာ။ :'( နောက်တနေ့ မနက်ကျတော့ အိမ်က ညီငယ်ပေါက်စလေးတွေက မိုးလင်းတာနဲ့ အိမ်ရှေ့ထွက် ပက်သေးပြန်တော့ သူတို့ အတွက် (အမှန်တော့ ကျနော်ကိုက မနေတတ်တာ...ဟီး) KENWOOD ကြီးကိုထုတ် ဘောက်စ် လေးလုံး တပ်ပြီး အပေါ်ထပ် ၀ရံတာကနေ အကောင်းစား ဒီဂျေ သီချင်းတွေ အသားကုန် ဖွင့်ပစ်လိုက်တယ်...။ (ဟဲဟဲ လမ်းထိပ်က ဓမ္မာရုံက လော်စပီကာ သံကိုတောင် လွှမ်းချင်ချင် ဖြစ်သွားတယ်...။ :P ) အပေါ်ထပ် စက်နား မလှမ်းမကမ်းမှာတော့ ကျနော် တစ်ယောက် စားပွဲကြီး ချပြီး ဖြစ်ညှစ်ပြီး စာလုပ်နေတာပေါ့။ ဟီး။ ဒါတောင် စာလုပ်နေရင်း အငြိမ်မနေဘူး အိမ်ရှေ့က ကလေးတွေ ရဲ့ အခြေအနေ ကိုကြည့်လိုက်...။ သီချင်း ခွေ တခွေပြီး တခွေ ပြောင်းပေးလိုက် လုပ်နေသေးတယ်လေ...။


နောက်ဆုံး ကလေးတွေ ၁၁နာရီနားတော့မှ ကျနော်လဲ စက်တွေပိတ်ပြီး စားပွဲမှာ ဖင်မြဲမြဲ စာထိုင်လုပ်နိုင်တော့တယ်...။ :D ပြီးတော့ နာရီမကြည့်မိပဲ လုပ်နေတာ နာရီကြည့်လိုက်တော့မှ ညက်ချွာဖရား.... ၂နာရီတောင် ကျော်နေပြီ... (စာမေးပွဲ ဖြေချိန်က သုံးနာရီလေ... အနည်းဆုံး ကျနော့် အိမ်က သွားရင် ပုံမှန် ၄၅ မိနစ်လောက်ကြာတယ် မြေနီကုန်းကို...) ။ အဲဒိ ကျမှ အသည်းအသန်ရေချိုးရင်း အပြေးအလွှား ကားဂိတ်ကို ပြေးရတယ်...။ တက္ကစီငှား မလို့ ဈေးမေးတော့ CNG ကားတောင် မြေနီကုန်းကို လေးထောင်တဲ့ (ပုံမှန် ၂၅၀၀) .. ဆိုတော့ တော်တော်... ဘတ်စ်နဲ့ပဲ စီးမယ်ဆိုပြီး ဘတ်စ်ကားနဲ့ ဒိုးရတာပေါ့။ ဘတ်စ်ကားက မြန်ပါတယ်.. မှတ်တိုင်တောင် သိပ်မ၀င်ဘူး။ ဒါပေမယ့် ရန်ကင်း ဂွတ်တလိပ် ဈေးကွေ့နားကျတော့ စ ကျပ်တော့တာပဲ။ အဲ့နားမှာက မဏ္ဍပ်တွေ ရှိတာကိုး..။ ဒွတ်ခပဲ အချိန်က ကပ်နေပြီ။ မြလမ်း နားအရောက်မှာ သုံးနာရီ အတိ ဖြစ်နေပြီ..။ အီးဟီးဟီး... ကယ်ကြပါအုံး စာမေးပွဲ ချိန်ကပ်နေပြီ...။ ဒါနဲ့ ရွှေဂုံတိုင်က တဆင့် ၁၀၇ ကားကို စီးရတာပေါ့...။ ဒါတောင် ကိုရွှေကားသမားတွေက လင့် လမ်းကနေ ကွေ့ပြီး မသွားဘူး..။ (အေးလေ.. သွားလဲ ဟိုဘက် အင်းယားလမ်း ထိပ်ကျတော့ သွားတစ်နေမှာပေါ့...။) သကောင့်သားတွေက မြေနီကုန်းကို တည့်တည့် မသွားသေးဘဲ ရွှေတိဂုံ ဘုရားဘက်က နေ သွားလိုက်သေးတယ်..။ ဟူး... စိတ်က ပူနေပြီ .. အချိန်ကကပ်နေပြီလေ..။ တော်သေးတယ်.. သုံးနာရီ ၂၀ လောက်တော့ ရောက်သွားတယ်...။ ကျောင်းက အိမ်သာထဲ မြန်မြန်ဝင် အ၀တ်လဲ ပြီး.. စာမေးပွဲ ခန်းထဲ ပြေးရတာပေါ့။ ပြီးတော့ ခပ်တည်တည်နဲ့ ထိုင်ခုံ တခုံမှာ ၀င်ထိုင်လိုက်တယ်...။ ခဏနေတော့ ဆရာမ တစ်ယောက်က ရောက်လာပြီး “မင်း ဘာ ဘာသာ ဖြေမှာလဲလို့ ”မေးတော့ ကျနော်ဖြေမယ့် ဘာသာ ရပ်ပြောလိုက်တော့ အခန်းမှားနေပြီတဲ့ ... ..။ အော် လွဲပြီးရင်း လွဲနေပါလား...။ တော်သေးတယ်.. ရေစိုရင် ထကြွ လာတဲ့ ကျနော့် ကိုယ်တွင်းက သင်္ကြန်ပိုး အကြောင်း ကျနော့်ကိုယ် ကျနော် အသိဆုံးမို့ စာကြိုလုပ်ထားလို့ ဖြေနိုင်သွားတယ်။ :D


အပြန်ကျတော့ မြေနီကုန်း၊ ရွှေဂုံတိုင်၊ ရန်ကင်း တကျောလုံး မဏ္ဍပ်တွေနဲ့ လည်တဲ့ကားတွေ ကြိတ်ကြိတ်တိုး စည်ကားလိုက်တာ.. ကျနော့်မှာ သူများပျော်လို့ မပျော်နိုင် စာမေးပွဲ ဖြေလို့ ကားပေါ်ကနေ မှိုင်ပြီး ငေးနေရတော့တာပါပဲ။ ဟင့်..။ နက်ဖြန်လဲ ဖြေရအုံးမယ်ဗျာ။ဒါပေမယ့် နက်ဖြန်က ၂နာရီလောက်ဆို ပြီးပြီမို့ အိမ်ပြန်လမ်းက ပုံတွေ ရိုက်ခဲ့မယ်နော်..။ ဒီနေ့အတွက်တော့ ချောတီး..။ :)

Read Users' Comments (0)

သင်္ကြန်ကျပြီဟေ့

မနက်က မိုးလင်းတော့ ကျနော့် ညီလေးက “ဝေးးးးးးးး သင်္ကြန်ကျပြီဝေ့ .. ” ဆိုတော့ ကျနော် ပြာပြာသလဲ အိပ်ယာ ထပြီး သင်္ကြန်အကြို မနက်ခင်းကို ထကြည့်မိတယ်...။ အားပါး ခုထိ သင်္ကြန် ဆိုတာ လတ်ဆတ် တုန်းပဲဗျာ။ ကျနော်ငယ်ငယ်တုန်းကဆို အကြို မတိုင်ခင် ညနေကတည်းက တက်ကြွနေတာ မေမေ့ကို သားကို မနက် ရောက်တာနဲ့ နှိုးနော် ဆိုပြီး အရမ်းတက်ကြွနေတာပေါ့။ အော် သင်္ကြန်ဆိုတာ ကျနော့်ရင်ထဲ ဒီလောက်ထိ စိုးမိုးနေတာပေါ့။ ဟဲဟဲ အပိုတွေ မပြောတော့ ပါဘူး။ မနက်က ကျနော် တောင်ဒဂုံ စက်မှုဇုံ ရောက်တယ်။ ညနေတော့ ကျနော့် အိမ်နားက ရေကစားနေတဲ့ ကလေးတွေနဲ့ ရပ်ကွက်နားက ဟိုနားဒီနား ဆိုက်ကျဲရိုးနဲ့ လျှောက်ဒိုးပြီး ဓာတ်ပုံလိုက်ရိုက်တယ်လေ...။ (အင်း ဘလော့ရောဂါပေါ့လေ...။) ကဲ အဝေးရောက် သူငယ်ချင်းတွေ ဝေမျှခံစားကြည့်လိုက်ပါအုံးဗျာ။






တောင်ဒဂုံ စက်မှုဇုံမှာ ပက်နေတဲ့ ကလေးတွေပေါ့






လောင်း.. လောင်း.. လောင်း ... ပက် ပက် ပက်




ကားနဲ့လည်ပြီး ပြန်လာသူတွေ....



အိုးမကွာ အိမ်မကွာ ပက်နေတဲ့ သူတွေ...




မြောက်ဒဂုံက သင်္ကြန်မယ်လေးတွေပေါ့ ဟိဟိ


ကဲအားလုံးပဲ ကျေနပ်ကြမယ် ထင်ပါတယ်။ ကျနော်ကတော့ နက်ဖြန် စာမေးပွဲရှိသေးတော့ နီးစပ်ရာ လိုက်ရိုက်ထားတာပဲ။ စာသာ ကျက်နေတာ အာရုံက သင်္ကြန်ဆီကို ရောက်နေတယ်လေ။ ဟဲဟဲ နောက်နေ့တွေလဲ ကျနော် ကျောင်းသွားရင်း လာရင်း တွေ့တဲ့ ပုံတွေ သူငယ်ချင်းတို့ ကို ဝေမျှပေးပါအုံးမယ်။ နှစ်သစ်မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့နိုင်ကြပါစေ...။


ဒီသင်္ကြန်ပို့စ်ကို ကျနော့်ဘလော့မှာ အပြင်... မြန်မာမဟာ သင်္ကြန် ဘလော့မှာလဲ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Read Users' Comments (1)comments

အဖြူရောင် ကောင်မလေးသို့....

ငါ ပျော်တယ် ကောင်မလေးရေ....
ငါ့ကောင်းကင်ကြီး ခုမှပဲ အာရုဏ် တက်တော့တယ်...
ငါလေ မဖော်ပြတတ်ပေမယ့် ..
ငါ့ နှလုံးသား သစ်ပင်ကြီး
ပွင့်ဖူးဝေကုန်ပြီ...
ခုချိန်မှာ အရာရာ ဟာ ငါ့ကို ကျေနပ် ပီတိဖြစ်စေတယ်...
ငါ့ကို အရူးလို့သာ မသတ်မှတ်ကြဘူးဆိုရင်...
ငါလေ စိတ်ရှိလက်ရှိ ပဲ
အော်ဟစ် လိုက်ချင်တယ်
ကောင်မလေးရေ....
“မင်းကို ငါသိပ်....ချစ်တယ်...”

Read Users' Comments (1)comments