twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ရောလို့သမလို့ မွှေတဲ့ည

ဟိုတပတ်က လုပ်တဲ့ သားစိုးရဲ့ ရောသမမွှေပွဲ ပုံတွေတင်ချင် ပေမယ့် မမဘာညာတို့ ခရီးထွက်နေလို့ ဒီနေ့မှ ပဲတင်ဖြစ်တော့တယ်။ အဲဒိနေ့က ကျနော်ရယ် ၊ ကိုဂေါက်ရယ်၊ မမဘာညာ၊ မမဒီမို၊ ကိုကြိးကျော် တို့ တွေ သားစိုးရဲ့ မြေနီကုန်း ဟက်ပီးဝါးလ် ပွဲမှာ ဒန့်စ် ဒန့်စ် သွားလုပ်ကြတာပေါ့။ သားစိုးပွဲကလဲ ဈေးနှုန်း မဆိုးဘူးဆိုတော့ ပရိသတ်တွေ တော်တော်လာတယ်ဗျ။ တစ်ယောက်မှ ၂၀၀၀ ကျပ်တည်း ဆိုတော့ ကြိတ်ကြိတ်တိုးပဲ။ ပြီးတော့ ကောင်မလေး လန်းလန်းလေးတွေလဲ အများကြီးပဲ ဟိဟိ။ :P (အားနာနာ နဲ့ ပုံပုံတွေတောင် ရိုက်ခဲ့ပါသေးတယ်။ ) ပွဲစတော့ ကိကိဆိုတဲ့ ချာတိတ်က အဲဒါမတော်တဆ ဆိုတဲ့ ရက်ပ်သီချင်းနဲ့ စဖွင့်ပါတယ်။ သုံးပုဒ်လောက် သူဆိုပြီးမှ သားစိုးနဲ့ ဗုံဗုံတို့ ထွက်လာပါတော့တယ်။ သားစိုးတို့နဲ့အတူ Lဆိုင်းဇီ၊ ရွှေထိုက်၊ အဲလက်စ် ဘာဘူ၊ ရန်ရန်ချမ်း၊ ကွိကွိ၊ အခြား နာမည် မသိတဲ့ အဆိုတော်၂ယောက် တို့လဲ ပါဝင် သီဆိုကြပြီး မြူးကြွတဲ့ Techno သီချင်းသံစဉ် ခပ်မိုက်မိုက်တွေနဲ့ ဖျော်ဖြေသွားကြပါတယ်။ နောက်ပြီး ဆိုင်းကြိုက်တဲ့ မောင်ဆိုတဲ့ သီချင်းကို ဗားရှင်း အသစ်နဲ့ ကျားပေါက်က Electronic guitar နဲ့တွဲဖက်ပြီး တီးခတ်သွားပါသေးတယ်။ သီချင်းတွေက ပွဲပြီးလို့နောက်ပိုင်း ရောက်လာလေလေ သီချင်းတွေက ကောင်းလာလေလေ ပါပဲ။ ပရိသတ်အကြိုက်ဆုံး သီချင်းက မယ်ဒလင်နဲ့ တီးတဲ့ ဘူးသီးနုနု မခူးရ ဆိုတဲ့ mix သီချင်း ပါပဲ။ နောက်ပြီး ပွဲစကတည်းက သားစိုး သီချင်းနားထောင် ဖူးတဲ့သူတွေ က ကိုကြီးကျော်သီချင်း တခဲနက် တောင်းဆိုကြပါတယ်။ နောက်ပြီး ကရင် ဒုန်းယိမ်းသံစဉ်နဲ့ “ ဆယ်ပြားနဲ့ ငါးပြားပေါင်းတော့ ဆယ့်ငါးပြားတဲ့” မော်ဒယ်တွေ နဲ့ အလှဖန်တီးရှင် လားမသိဘူး :P အဲ့တစ်ယောက်နဲ့ ကနေတာ ကွေးနေတာပဲ ဒုံးယိမ်း သီချင်းကိုပဲ “တင်လှုပ်..တင် လှုပ်.... တင်လှုပ် .. ရင်လှုပ် ရင်လှုပ် ရင်လှုပ်” ဆိုပြီး သားစိုးက ဆိုပါသေးတယ်။ သီချင်း သံစဉ်က တအားမြူးတော့ အောက်က ကြည့်နေတဲ့ ပရိသတ်တွေ အကုန်လုံး မြူးကုန်ပြီး မီးရောင်စုံတွေ အောက်မှာ စိတ်လွတ်ကိုယ်လွတ် ကကြတော့တာပါပဲ။ ကျနော် အပါအ၀င်ပေါ့။ :D ပွဲနောက်ပိုင်း ရောက်လာလေ သီချင်းတွေက ပိုလန်းလာပေမယ့် ကျနော်တို့က ညမင်းသားတွေ မဟုတ်တော့ ကြည့်ချင်ပေမယ့်လည်း အိမ်ကို ည ၉နာရီခွဲ မှာ ပြန်ခဲ့ရတယ်လေ။ ကိုဂေါက်တို့ ၊ ကိုကြီးကျော်တို့ကတော့ ကျန်ခဲ့လေရဲ့။ မီးရောင်စုံ စလိုက်တွေကြားမှာ ဒီဂျေတေးသွားတွေနဲ့ ပရိသတ်တွေ မြူးထူးကြတော့ သားစိုးရဲ့ ပွဲဟာ အောင်မြင် တယ်လို့ပြောလို့ ရပါတယ်။



ကိကိ



အမုန်းကနေတဲ့ ဂျော် မမ ဟီး :P



အဲဒါရှော့ခ် အဲဒါရှော့ခ်




တခဲနက် ပရိသတ်တွေပေါ့


ဟဲဟဲ ပုံတွေက အမှန်တော့ အများကြီး ရိုက်ဖြစ်ခဲ့တယ်ဗျ။ မမဒီမို ဆီက ထပ်တောင်း ရအုံးမယ်။ အမုန်းကနေတဲ့ မမ ပုံတွေ ရှိသေးတယ်ဗျာ။ ဘယ်လိုလဲ ကိုကိုတို့ ကြည့်မှာလား.... ဟိဟိ။ :P

Read Users' Comments (0)

ပျော်ရွှင်သော မွေးနေ့ပါ ကိုဂေါက်



ဒီနေ့ ဒီရက်မှာ ကျရောက်တဲ့ ကျွန်တော်တို့ရဲ့ ကိုဂေါက် ရဲ့ ၂၈ နှစ်မြောက် မွေးနေ့ မှသည် နောင် နှစ်ပေါင်းများစွာ အသက်ရှည်ရှည်နဲ့ တူတူ သောက်နိုင် အဲလေ ပျော်ရွှင်နိုင်ပါစေ...။:P Happy Birthday ko gout!!!

Read Users' Comments (0)

မချေမငံ ပါရမီတက္ကစီ



photo from 7days news

တနေ့က ကျွန်တော့် အသိတစ်ယောက် မကျေမနပ်လေသံနဲ့ မြေနီကုန်းကို ရောက်လာပါတယ်။ သူက သူအဖြစ်အပျက်ကို ပြန်ပြောပြတော့ နားထောင်တဲ့ ကျွန်တော်တို့လဲ အံ့သြပြီး ဒေါသထွက်မိပါတယ်။ သူ့ဖြစ်ပုံက ဒီလိုဗျ။ ကျွန်တော့် အသိက ကွန်ပြူတာ လုပ်ငန်း လုပ်ကိုင် သူတစ်ယောက်လေ။ သူနေတာ က တောင်ဥက္ကလာမှာ။ အဲ့ဒိနေ့က သူက ကိစ္စ တခုနဲ့ ကွန်ပြူတာ system ပုံး ကို သယ်မပြီး ပါရမီကားဂိတ်နားက နီးစပ်ရာ ပါရမီ တက္ကစီကို ငှားလိုက်တယ်။


ပါရမီ တက္ကစီဆိုတာ တခြား တက္ကစီနဲ့ ဘာကွာလဲ ဆိုတော့ ဦးပိုင်လိမိတက် က ပိုင်တာပေါ့။ မောင်းတဲ့သူ အများစုက စစ်မှုထမ်းဟောင်းတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေသာ မောင်းလေ့ရှိကြပါတယ်။ နောက်ပြီး အပြင် တက္ကစီ သမားတွေနဲ့ ကွာတဲ့ အချက်က ဒီမှာ စတော့တာပါပဲ။


ကျွန်တော့် အသိက အထုပ်က တဘက် ကွန်ပြူတာ system ပုံးက တဘက်နဲ့ ကားငှားပြီး (ဈေးတွေဘာတွေ ညှိပြီးတော့) ကားပေါ်တက်ဖို့ လုပ်တဲ့ အထိ ပါရမီ တက္ကစီ သမားဟာ အခန့်သား ထိုင်ခုံပေါ်က ထိုင်ရာ မထပါဘူး။ တံခါးတောင် ဆွဲဖွင့်ပေးဖော် မရဘူး။ (ခပ်တည်တည် ဆိုပဲ)။ အဲ့ဒိတော့ ကျွန်တော့် အသိကလဲ နေပါစေ လေ ဆိုပြီး အထုပ်ကို ချ၊ လက်တစ်ဘက်နဲ့ ကားတံခါးကို ဖွင့်ရတာပေါ့။ ကားတံခါးပွင့်သွားတော့မှ အထုပ်ကို ပြန်ဆွဲပြီး တော့ နောက်က ထိုင်ခုံပေါ်ကို အထုပ် တင်လိုက်တယ်။ ကျွန်တော့် အသိက system ပုံးကိုတော့ ထိုင်ခုံမှာ ထားရင် ဆိုဖာတွေ ထိကုန်ပါမယ်လေ။ (အဲ့လောက် စိတ်ဓာတ်ပြည့်ဝတဲ့သူပါ)။ ဆိုပြီး သူက နောက်ဖုံးထဲကို သူ့ ကွန်ပြူတာ system ပုံးကို ထည့်ဖို့လုပ်တယ်။


သူက system ပုံး မထားပြီး အနောက်ဖုံးလေးများ လာဖွင့်မလားဆိုပြီး စောင့်နေသေးတယ်။ နောက်တော့ ကားသမားက တုတ်တုတ်မှ မလှုပ်တော့ ကျွန်တော့် အသိက လဲ

“အကို နောက်ဖုံးလေးတော့ လာဖွင့်ပေးပါအုံးဗျာ။”

ဆိုပြီး request လုပ်တော့ ပါရမီ တက္ကစီသမားက (လက်အောက် ငယ်သားတစ်ယောက်ကို အချိုးမပြေလို့ ကြည့်တဲ့ အကြည့်မျိုးနဲ့) မျက်မှောင်ကြုံ့(လူကို မှိုချိုး မျှစ်ချိုး) ကြည့်ပြီး မဆီမဆိုင်ပဲ

“ဟေ့ကောင်… မင်းက ဘာကောင်လဲ.. ဟေ့ကောင် မင်းလိုကွန်ပြူတာမျိုး အိမ်မှာ ၁၀ လုံးလောက် ရှိတယ်…။ မှတ်ထား… ပိုက်ဆံ မရှိလို့ တက္ကစီမောင်းနေတာ မဟုတ်ဘူး။ နောက်ခန်းက မင်း အထုပ်တွေ ယူပြီး ကားပေါ်က အခု ဆင်းသွားတော့…”


ဘလိုင်းရှော့ကြီး ကော ပြီး ကားစီးမယ့် ကျွန်တော့် အသိကို မတူသလို မတန် သလို မျိုး ကားပေါ်ကနေ နှင်ထုတ်ပါတယ်။ ဒီလိုမျိုး အဖြစ် အပျက် ကျွန်တော့် အသိအနေနဲ့ကော ကျွန်တော်တို့ အနေနဲ့ကော ဒီတခါပဲ ကြားဖူးသေးတယ်ဗျာ။ တော်တော် ဆိုးဝါးတဲ့ ၀န်ဆောင်မှုပဲဗျာ။ (passenger တစ်ယောက်ကို မောင်းထုတ်ရလောက်အောင် သူတို့ တွေက တော်တော် ပါဝါရှိနေကြလို့လား) ကျွန်တော်တို့က သူတို့ကားကို အလကားပဲတင်း စီးနေကြလို့လား။ ပိုက်ဆံ ပေးစီးတာပဲလေ။ နောက်ပြီး ကျွန်တော့် အသိ တောင်းဆိုတဲ့ ၀န်ဆောင် ခိုင်းမှုထဲမှာ မဆီလျော် တာ တခု မှ မပါဘူးလေ။ တကယ် အံ့သြ စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။ တက္ကစီမောင်းနေတာ လေယာဉ်ပျံကြီး မောင်းနေတယ် များထင်ကြသလားတော့ မသိဘူး။ ဒါဟာ ပြည်သူလူထုအတွက် ၀န်ဆောင်မှုပေးတဲ့ အစိုးရပိုင် လုပ်ငန်းတခုပဲလေ။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ဘာကြောင့် ဒီလို မောက်မာကြတာလဲ။ မတွေးတတ်အောင်ပဲဗျာ။ private taxi ဆိုရင် မပြောပါဘူး။


ဒေါသထွက်သွားတဲ့ ကျွန်တော့် အသိလဲ သူ့ကိုတော့ ခွန်းတုံ့ပြန်မနေတော့ပဲ ပါရမီ ရုံးခန်းကို သွားပြီးတော့ တိုင်လိုက်ပါသေးတယ်။ ရုံးခန်းကတော့ ကျေနပ်အောင်တော့ (သူတို့ဘက် ကို အပြစ်လဲ ပေါ့လျော့အောင်) ရွှေပြည်အေး တရားပြောလိုက်ပါတယ်တဲ့။ သူ့ခင်မျာ ရင်ထဲ တနုံ့နုံ့နဲ့ ကျွန်တော်တို့ ဆီရောက်မှ တအံ့တသြ ပြန်ပြာပြ ရရှာတယ်။ တချို့တချို့သော လူတွေက background အားကိုးနဲ့ ရင့်သီးနေကြတာတော့ အလွန်စက်ဆုပ် စရာ ကောင်းလိုက်တာ ဗျာ။ ဒီလို စိတ်ဓာတ်တွေ မျိုးရှိတဲ့ လူမျိုးတွေ ၁ယောက် ၂ယောက် … တဖြည်းဖြည်း ၁၀၊ ၂၀၊ ကနေ တစ်ရာ နှစ်ရာ လောက်များလာရင် ဆုတ်ယုတ်ဖို့ပဲ ရှိတော့ တယ်မဟုတ်လား။ ကဲ မိတ်ဆွေတို့ပဲ စဉ်းစားကြည့်ကြပါတော့ဗျာ။


Read Users' Comments (1)comments

သင်္ကြန်ကျဖို့ ဒီလောက်သာ လိုတော့တယ်


Read Users' Comments (0)

မြို့တော်ဝန် မဏ္ဍပ်ဆောက်လုပ်လျှက်ရှိ

ရန်ကုန်မြို့ရဲ့ အကြီးဆုံး မဏ္ဍပ်လို့ ပြောလို့ရတဲ့ မြို့တော်ဝန် မဏ္ဍပ်ကို စတင်ဆောက် လုပ်နေပြီဖြစ်ပါတယ်။ သင်္ကြန်မတိုင်မှီ ကြိုတင်ဆောက်လုပ်တဲ့ မဏ္ဍပ်ထဲမှာ အဦးဆုံးမဏ္ဍပ်လဲဖြစ်ပါတယ်။ ရန်ကုန်မှာ ကားနဲ့လည်မယ့်သူတွေဆိုရင် နှစ်တိုင်း မြို့တော်ဝန် မဏ္ဍပ်ကို မ၀င်မဖြစ်ပေါ့။ မြို့တော်ဝန် မဏ္ဍပ်မှာဆို နှစ်တိုင်း ဌာနဆိုင်ရာလိုက် သင်္ကြန်ယိမ်းသမ အဖွဲ့တွေနဲ့ နိုင်ငံကျော် အဆိုတော် တချို့လဲ အဲ့ဒိမှာ ဖျော်ဖြေကြတယ်လေ။ ဒီနှစ်လဲ ဘယ်လို မျိုးအလှဆင်ပြီး မဏ္ဍပ်ကို တည်ဆောက်မလဲဆိုတာ စောင့်မျှော်ကြည့်ကြတာပေါ့။





ဆောက်လုပ်လျှက်ရှိတဲ့ မြို့တော် ခန်းမရှေ့က မြို့တော်ဝန် မဏ္ဍပ်

Read Users' Comments (0)

သင်္ကြန်အကြိုဗိုလ်ချုပ်ဈေး ဈေးပွဲတော်

သင်္ကြန်ကာလနား နီးလာပြီဆိုရင် ရန်ကုန်မြို့ရဲ့ အထင်ကရဈေးတွေမှာ သင်္ကြန်အကြို ဈေးရောင်း ပွဲတော်တွေ လုပ်နေကြဖြစ်ပါတယ်။ သင်္ကြန်ခါတော်မှီ ဈေးရောင်းပွဲတော်ဆိုတော့ သင်္ကြန်အတွက် ကဲဖို့ ဖက်ရှင် ထွင်ဖို့ အ၀တ်အစားတွေကို သင်္ကြန်ကိုကို သင်္ကြန်မမတွေက ကြိုတင် ၀ယ်ယူလေ့ရှိပါတယ်။ ဈေးပွဲတော်ဆိုတော့ ဈေးလဲ ချိုပြီး သင်္ကြန် နားလဲ နီးကပ်လာတာမို့ ၀ယ်ယူသူတွေ ကြက်ပျံမကျ စည်ကားပါတယ်။ မနေ့ကတော့ ကျွန်တော် မြို့ထဲ သွားရင်း ဗိုလ်ချုပ်ဈေး သင်္ကြန် အကြိုဈေးရောင်းပွဲတော် နောက်ဆုံးရက်ဆိုလို့ ညနေ သင်တန်းက အပြန် ဆူးလေ ဘုရား လမ်းကနေ ဗိုလ်ချုပ်ဈေးရှေ့ထိ လမ်းလျှောက်ခဲ့တယ်လေ။ စာမေးပွဲ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ တပတ်လောက် မြို့ထဲ မရောက်ဖြစ်တာနဲ့ ဈေးပွဲတော် လုပ်မှန်းတောင် မသိလိုက်ဘူး။ ကျွန်တော်သွားတော့ လူတွေ အတော်တိုးရတယ်ဗျ။ ကြိတ်ကြိတ်တိုးပဲ ၀ယ်နေကြတာတွေကော၊ လမ်းလျှောက်ကြည့်ကြသူတွေကောပေါ့။ ဗိုလ်ချုပ်ဈေး ကပ်လျက်က FMI Center ကလဲ ဈေးပွဲတော် ရှိတယ်ဗျ။ ဒါပေမယ့် ပလက်ဖောင်းပေါ်မှာ ဆိုင်ခန်းတွေ ဖွင့်ပြီး ရောင်းနေတဲ့ ဗိုလ်ချုပ်ဈေး ဈေးပွဲတော်လောက် လူမစည်ဘူး။ လူတွေ ဘယ်လောက်များလဲဆို လူတန်းကြီးကို မနည်းတိုးရတယ်။ ရှေ့ကို ရောက်ဖို့ တရွေ့ရွေ့နဲ့ပေါ့။ လူကူးတံတားပေါ်မှာလဲ လူတွေက တခဲနက်ပဲဗျာ။ အဘွားကြီး တစ်ယောက်ပြော တာဆို ရီရသေးတယ်။ `ဟဲ့...ဟဲ့... မြန်မြန်လျှောက်ကြပါဟဲ့ လူတွေက အများကြီး နင့်တို့ ဘိုးတော် တံတားက အိုဟောင်းနေပြီ တော်ကြာ ကျိုးကြကုန်မှဖြင့် အကျိုးနည်းကုန်ပါအုံးမယ်...´ ... :) သူက တစ်ယောက်ထဲ ရေရွတ်ပေမယ့် ကြားရတဲ့ ကျွန်တော်တို့က တခွိခွိနဲ့ ပြုံးစိစိ ဖြစ်ကုန်တာပေါ့။






ကြိတ်ကြိတ်တိုး အားပေးနေတဲ့ ဈေးဝယ်သူတွေပေါ့


ခွေးလေးတွေ ချစ်စရာလေးတွေဗျာ။ တယ်လီယာ လေးတွေဆိုလား။ ဈေးက သုံးသောင်း၊ ငါးသောင်း ဆိုပြီး နှစ်စား ရှိတယ်တဲ့။ ခွေးချစ်တတ်တဲ့ ကျွန်တော် အဲဒိနားမှာ အကြာကြီး ခွေးလေးတွေကို ကြည့်နေသေးတယ်။ ၀ယ်တော့ ၀ယ်ချင်သား ပိုက်ပိုက်က မလောက်လို့... :P




ဆိုင်ခန်းတွေက တော်တော်များတယ်...။ အစုံပဲ။ အထည်ဆိုင်တွေကော၊ အလှကုန်တွေကော၊ လျှပ်စစ်ပစ္စည်း ဆိုင်တွေပါ ပါသေးတယ်။


တံတားပေါ်မှာ ဒီလိုတိုးမပေါက်ဘူး။


ကျွန်တော်လဲ ကင်မရာရှိရင် မရိုက်ရ မနေနိုင်တော့ ဈေးပွဲတော် တလမ်းလုံး တဖျတ်ဖျတ်နဲ့ မနားတမ်း လိုက်ရိုက်နေတော့ လူတွေက ကျွန်တော့်ကို ဂျာနယ်တွေ အလစ်သုတ်တဲ့ (အဲလေ) ဂျာနယ်လစ်လို့ ထင်လားတော့ မသိဘူး။ :P အဲ.. ဒါကတော့ ဗိုလ်ချုပ်ဈေး ဈေးပွဲတော်ပေါ့လေ..။ သင်္ကြန်မတိုင်ခင် ဗိုလ်ချုပ်ဈေးနဲ့ ပတ်သက်ပြီး နောက်တပွဲ ရှိသေးတယ်ဆိုတာ ရန်ကုန်က လူတွေ သိကြတယ်ဟုတ်..။ အဲဒါကတော့ ဗိုလ်ချုပ်ဈေး သင်္ကြန်ပါပဲ။ (လာမယ့် တပတ်မှာ လုပ်မယ့် ဗိုလ်ချုပ်ဈေး သင်္ကြန်ကို လဲ တင်ဆက်သွားပါအုံးမယ်နော်... စောင့်ဖတ်မယ်မှတ်လား :P)။

Read Users' Comments (2)