twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
ကျွန်တော်ခရီးသွားခဲ့သည်။
ကျွန်တော်မန္တလေးကို အလည်ရောက်ခဲ့သည်။ ဓာတ်ပုံတွေလဲ ရိုက်ဖြစ်ခဲ့ပါတယ်။ စနေနေ့က သွားပြီး မနေ့က အင်္ဂါနေ့က ပြန်ရောက်ပါတယ်။ ကျွန်တော် တနင်္ဂနွေ တစ်ရက်ထဲနှင့် မန္တလေး၏ အထင်ကရနေရာများကို ရမ်းသရူး***သွားခဲ့၏။ မန္တလေးကို ခဏခဏရောက်ဖြစ်သော်လည်း ကပ်ကျော်သွားသလို ဖြစ်ဖြစ်နေ၏။ တစ်ခါမှ သေသေချာချာ မန္တလေးမြို့ထဲကို မရောက်ဘူးသေးပါဘူး။ အခုတော့ အသိဆိုင်ကယ်တစ်စင်း ကို ချောဆွဲကာ (လူပါချောဆွဲကာ) လိုက်ပို့ခိုင်းခဲ့ပါသည်။ အတော်နှံ့ခဲ့သည်ဟုပြောနိုင်ပါသည်။ အဲ ကျွန်တော်ဘလော့ဂ်ကို လာရောက်ကြည့်သူများ အတွက် မန္တလေးအမှတ်တရပေါ့ဗျာ။ အမှန်က ဒီနေ့ပုံတွေတင်မလို့ပါပဲ။ ဒါပေမယ့် ကျွန်တော့် flash drive ထဲထည့်လာတာ အခု error တက်နေတယ်လေ။ 256 MB သာရှိတဲ့ ကျွန်တော့် flash drive နဲ့ဆိုတော့ ပုံတွေက သိပ်မဆံ့ဘူး။ မနက်ဖြန်တော့ ပုံတွေတင်ပေးပါ့မယ်။ ကြည့်ချင်ကြလားမသိဘူး။ စိတ်ချပါ ကျွန်တော်ရဲ့ ပုံဆိုးပန်းဆိုးပုံတွေ မပါပါဘူး။ ရှုခင်းတွေချည်းပဲ ရိုက်ခဲ့တာပါ။ မနက်ဖြန်တော့ ခဏစောင့်နော်။
***ရမ်းသရူး= အလျင်စလို၊ အလျင်အမြန်၊ တက်သုတ်ရိုက်။ (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ့ခင်ဗျာ..)
Read Users' Comments (0)
ထွက်သက်ဝဠာ
စူးစိုက်စွာကြည့်နေတဲ့
ရာစုနှစ်ပေါင်းများစွာက
သတ္တုစော်နံသော
ခန္ဓာကိုယ်ကို သိုင်းခြုံရစ်ဖွဲ့
လွန်ကဲတဲ့ သစ်ဆန်းမှုတွေက
ဝန်ကျင်ရဲ့ သဟဇာတကိုက်ညီမှုပေါ်
ဖီလာတယ်။
(ရိုးရာမကျဘူး)
ဆွေးမြေ့ခြင်းတွေကို
ဥပက္ခာပြုခဲ့ပြီး
ကြာတော့လဲ အသစ်တွေလို ပြန်ဖြစ်လာတယ်။
မျက်ရည်တွေခန်းကုန်တဲ့
ဒီလောကပေါ် ကပ်ဆိုးကြီးတွေ
ဖရိုဖရဲ ပြုတ်ကျလာမယ့်နေ့ကို
chip တွေထဲ ကြိုတင်ထည့်ခဲ့ပြီးသား
ကျိန်စာသင့် တွင်းနက်တွေမှာ
ခိုရာမဲ့ ၀ိဥာဉ်တစ်ချို့ တွဲလဲခိုလို့
ပင်လယ်တွေဆူပွက်... ပက်ကြားအက်မြေကြီးပေါ်
ဆန့်ကျင်ဘက် ရပ်နေသူ။
ပြုံးတော့ပြုံးပါရဲ့... အသက်မပါသလိုဖြစ်နေတယ်။
ပွက်လောညံနေတဲ့ အသံတွေကို
မကြားဟန်ပြုတာမဟုတ်ဘူး။
(သူ့) ကြောဘက်မှာ
ဝါယာ(၂)ချောင်းထွက်ပြီး ခေါင်းပေါ်မှာ circuit ကြီး
ငေါထွက်နေတဲ့ အဖြစ်
ကဲ...ကြည့်ကြပါဦး။
Read Users' Comments (0)
ထို့ကြောင့်...ဤသို့
ကျွန်တော် blogging လုပ်ရင်း စဉ်းစားမိသည်။ ကျွန်တော်ကိုယ် ကျွန်တော် ဘာတွေရေးနေမိမှန်း မသိပါဘူး။ တင်ချင်တာတွေ လျှောက်တင်ထား၏။ ကျွန်တော်သည် ကဗျာအရေးများသူဖြစ်ပါသည်။ သို့သော် ကျွန်တော်ဆိုတဲ့ကောင်သည် စည်းကမ်းရှိသူ မဟုတ်သဖြင့် စာအုပ်များဗရပွနှင့် ရေးချင်သည့်နေရာတွင် ရေးထားပါသည်။ ဟိုတပိုင်းဒီတပိုင်းနှင့် တခါတလေ ကိုယ့်ဘာသာကိုယ် ဘယ်နားရေးမိမှန်းတောင် မသိဖြစ်တတ်ပါသည်။ ကျွန်တော် စာရေးခဲပါသည်။ ဆိုလိုသည်မှာ ကျွန်တော်ဝတ္ထုတိုများ သိပ်မရေးဖြစ်ပါ။ ကျွန်တော့်စာအုပ်ထဲတွင် ရေးထားသော်လည်း မည်သည့်အခါမှ အဆုံးမသတ်ဖြစ်ပါ။ ထို့ကြောင့် စာအုပ်တိုင်းတွင်ဇာတ်လမ်းများ တိုးလို့တန်းလန်း များသာများပါသည်။ ကိုယ့်ကဗျာများကို ဘယ်မဂ္ဂဇင်းတိုက်ကိုမှ မပို့ဖြစ်ခဲ့ပါ။ မှတ်မှတ်ရရ ကဗျာတစ်ပုဒ်ကို သူငယ်ချင်း(ကျွန်တော့်လိုကဗျာရူးစာရူးကောင်) ကတိုက်တွန်းသောကြောင့် ရတီမဂ္ဂဇင်းတိုက်သို့ ပို့ဖူးပါသည်။ (အရွေးလဲမခံရပါဘူး) ထို့နောက်တွင် မပို့ဖြစ်တော့ပါ။ ကျွန်တော်ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော်သည် စာပေကျေညက်သေးသူလဲ မဟုတ်သဖြင့် ကျွန်တော့်စာများသည် မပြည့်ဝနိုင်သေးပါ။ ဖြစ်ချင်ခဲ့တာတော့ စာရေးဆရာပေါ့ဗျာ။ ဥပမာပြောရရင် အစာမရှိသူအန်လျှင် ဘာအစာမှအန်ထွက်မလာဘဲ အရည်များသာအန်ထွက် လာပါလိမ့်မယ်။ အစာရှိမှသာ အစာများပြန်ထွက်လာနိုင်သလို ကျွန်တော်သည် စာပေအစာများ များများစားသုံးရန် လိုအပ်နေပါသေးသည်။ သို့မှသာ ကျွန်တော့်စာများတွင် အနှစ်သာရများ ပါလာနိုင်ပါမည်။ (ဝေါ့...) ကျွန်တော့်ကဗျာများတွင် Tempo တစ်ခုနှင့်တစ်ခု မတူပါဘူး။ ကျွန်တော် စိတ်ပျော်ရွှင်နေလျှင် စကားလုံးများ ပေါ့ပါးလတ်ဆတ်နေပါလိမ့်မည်။ ကျွန်တော်လေးလံနေလျှင် (အထူးသဖြင့် တက်ကျမ်းလိုလို... ဒဿနလိုလိုစာအုပ်တွေ ဆက်တိုက်ဖတ်မိပြီးရင်) စကားလုံးများ လေးလံလာပါသည်။ ကျွန်တော် အင်တာနက်သုံးရင်း၊ ဂျာနယ်တွေဖတ်ရင်းနဲ့ blog လုပ်နည်းကို သိလာရသည်။ သူများblog တွေကို လိုက်ကြည့်မိပါသည်။ ကျွန်တော့် blog အစမှာ စာများကို ဘိုလို(Englishလို) ရေးပါသည်။ အထင်တော့ မကြီးလိုက်ပါနဲ့။ ကျွန်တော့်ပထမစာများသည် အထက်တန်းကျောင်းသား essayရေးထားသည်နှင့်သာ တူပါသည်။ ဒီလိုနဲ့ ရှာရင်းဖွေရင်း ကိုမောင်လှ ဆိုက် ကိုသွားတွေ့ပါသည်။ (site ဖြစ်ပါသည်ခင်ဗျား) ကျွန်တော်သူ့ blog ကိုသဘောကျသွားသည်။ မြန်မာလိုရေးလို့ရမှန်း သိသွားသည်။ ရေးပုံရေးနည်းတွေ သူက လမ်းညွှန်ပြထားပါသည်။ ပထမဘယ်လိုမှ အဆင်မပြေပါ။ ကျွန်တော်ကိုက ဥာဏ်တိမ်လွန်းပါတယ်။ ပြီးတော့ ကိုညီလင်းဆက် blog စသည်ဖြင့် blog တွေကို ကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးရိုးရိုးလေးနှင့် ရှင်းရှင်းလေး မြန်မာလို ရေးလို့ရသွားပါသည်။ ကျေးဇူးဗရပွ တင်ရှိပါသည်။ ဤသို့ဤနှယ်ဖြင့် ကျွန်တော် blog ပေါ်မှာ ဘယ်သူကိုမှ ပေးမဖတ်ဖြစ်တဲ့ စာတွေလျှောက်တင်ဖြစ်ပါသည်။ (အမှန်တော့ အင်တာနက်ကဖေးဆိုင်တွင် ထိုင်၍ တင်ခြင်းဖြစ်ပါသည်။) အခုတော့ ကိုယ်ပိုင်blog ရှိပြီဖြစ်တဲ့အတွက် ဘယ်သူမှအားမပေးတဲ့ ကျွန်တော့်ကဗျာတွေ တင်ပါသည်။ ကျွန်တော့်ဘာသာ ကျွန်တော် အားပေးပါသည်။ အလွန်ကောင်းပါသည်။ အလွန်ကြိုက်ပါသည်။ (ရွှီး.. လက်ခုပ်တီးပြီး အားပေးကြပါ ခင်ဗျာ)။
ကျွန်တော်အားနေ၍ရေးခြင်းမဟုတ်သော်လည်း ကျွန်တော်ယား၍ (လက်ယားခြင်းကို ဆိုလိုပါသည်။) ရေးခြင်းဖြစ်ပါသည်။ ကျွန်တော်ရေးချင်တာတွေ လျှောက်ရေးပါမည်။ ကျွန်တော်သိသလောက် တတ်သလောက် ရေးပါမည်။ သို့သော် ကျွန်တော်မသိသည် များကိုတော့ မရေးပါ။ (ဒါတော့ နင်ပြောမှလား)။ ဒါနဲ့ စကားမစပ် ဖြစ်ပါသည်။ ကျွန်တော့်တွင် လက်ရှိတွင် ရည်းစားလက်မဲ့ဖြစ်ပါသည်။ လက်ရှိဆိုသော်လည်း ဘယ်တုန်းကမှ ရည်းစားမရှိခဲ့ဘူးပါ။ ဒီအရွယ်ထိ အမြှီးမပေါက်သေးသော ချန်ပန်ဇီမျောက်ကြီး ဖြစ်ပါသည်။ (လူဆိုတာ မျောက်ကဆင်းသက်သည် မဟုတ်လား) အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အတွက် အချစ်ကုန်ကြမ်းများ လိုအပ်နေပါသည်။ ကျွန်တော့်ကောင်မလေး ဖြစ်မည့်သူသည် ရုပ်ချောရန်မလိုသော်လည်း ကျွန်တော့်လို အူကြောင်ကြောင်ဖြစ်ရပါမည်။ အနုပညာခံစား တတ်သူဖြစ်ရပါမည်။ အထူးသဖြင့် ကျွန်တော့် စာ၊ကဗျာများအား (ကောင်းကောင်းမကောင်းကောင်း) စိတ်ရှည်စွာ မပျင်းမရိဖတ်ပေးသူဖြစ်ရပါမည်။ ကျွန်တော်နှင့်အပြိုင် စကားများတတ်ရပါမည်။ အငြင်းသန်ရပါမည်။ ညစ်ကျယ်ကျယ် လုပ်တတ်ရပါမည်။ အစားပုပ်ရပါမည်။ အအိပ်ကြီးသူဖြစ်ရပါမည်။ အပျင်းလဲထူလို့ရပါသည်။ မကျေနပ်လျှင် ခြေထိုးခံတတ်သူဖြစ်ရပါမည်။ စိတ်အခန့် မသင့်လျှင် ချက်ချင်းမနှေး ရန်ဖြစ်ရဲသူဖြစ်ရပါမည်။ ပျော်ပျော်လဲ နေတတ်ရပါမည်။ ခပ်ရွတ်ရွတ် အရွဲ့ တိုက်တတ်သူလဲ ဖြစ်ရပါမည်။ တောက်တီးတောက်တက် ကြောင်တောင်တောင်ကိစ္စတွေ ကျွန်တော့်နည်းတူ လုပ်နိုင်ရပါမည်။ ထို့ပြင်..
(သည်းခံပါခင်ဗျာ)
မီးပြတ်သွားပါပြီ။
Read Users' Comments (0)
အိပ်မက်ပန်းပွင့်လေးများ
သူတို့သည် ကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့နှင့်အတူ တမိုးအောက်တွင် အတူတကွနေထိုင်ကြသူများဖြစ်ကြသည်။ ကျွန်တော်တို့တွင် အနာဂတ်အိပ်မက်များ ရှိသကဲ့သို့ သူတို့တွင်လည်း ရှိပါသည်။ သူတို့သည် သူတို့အချင်းချင်း မတူညီကြသော်လည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရိုင်းပင်းကြပါသည်။ကျွန်တော်တို့၏ ပတ်ဝန်းကျင်၌ ကျွန်တော်တို့အား မေတ္တာများဖြင့် လွှမ်းခြုံထားတတ်ကြပါသည်။ သို့သော်သူတို့တွင်မူ မေတ္တာရှားပါးငတ်မွတ်နေပါသည်။ သူတို့တွင် နွေးထွေးသော ရင်ခွင်တစ်ခုနှင့် အားကိုးလေးစားဖွယ် ကမ်းလင့်လက်တစ်စုံ လိုအပ်နေကြ၏။ ထိုအရာများကား အမေ၊ နှင့် အဖေ ဟူသော မိဘရိပ်မြုံများဖြစ်ကြ၏။ ကျွန်တော်တို့သည် "အမေ"ဟုအားကိုးဖွယ် တမ်းတလိုက်တိုင်း မိခင်၏ နွေးထွေးသောရင်ခွင်က ကျွန်တော်တို့အတွက် အသင့်ရှိနေတတ်ပါသည်။ ထို့အတူပင် "အဖေ"ဟု ယုံကြည်လေးစားဖွယ် ခေါ်လိုက်တိုင်း ခွန်အားအပြည့်ရှိသော ဖခင်၏ ကမ်းလင့် လက်တစ်စုံက အမြဲတမ်း လက်ကမ်းနေတတ်ပါသည်။ သူတို့တွင် ခိုလှုံစရာ၊ အားကိုးစရာ မိဘဟူသော အရိပ် အာဝါသ မဲ့နေကြပါသည်။သူတို့သည်လောကအလယ်တွင် ကျွန်တော်တို့ကဲ့သို့ လူသားချင်းဖြစ်ပါလျက်နဲ့ ခိုကိုးရာမဲ့ အားငယ်နေသော အဖြစ်ကို ကျွန်တော်တို့ မလိုလားကြပါ။ မိဘတို့၏မေတ္တာသည် အစားထိုး၍ ရကောင်းသော အရာမဟုတ်သော်လည်း ကျွန်တော်တို့သည် သူတို့အား အနီးစပ်ဆုံး မေတ္တာတရားနှင့် နွေးထွေးသောလက်တစ်စုံ ဖြင့် ကမ်းလင့်ဖို့လိုအပ်သည် ဟု သင်တို့မထင်ကြဘူးလား။ သူတို့ရဲ့ သိမ်ငယ်ချို့တဲ့မှုတွေကို ကျွန်တော်တို့ အခုပဲဆေးကြောပစ်လိုက်ကြရအောင်။ ကျွန်တော်တို့နှင့် အတူအနာဂတ်များတည်ဆောက်ဖို့ ကျွန်တော်တို့၏ စာနာနားလည်သော တွဲလက်များဖြင့် ခိုင်မြဲစွာ တွဲဆက်ထားကြပါစို့လား။
(မိဘမဲ့ကလေးငယ် များအား လူသားချင်းစာနာ ကူညီနိုင်ကြပါစေ)
Read Users' Comments (0)
ကျွန်တော့် ပတ်ဝန်းကျင်
  • အပေါင်းအသင်းတဲ့လား...
    တခါတရံ လက်ဖက်ရည်တိုက်တယ်...
    ပျိုမျစ်မှု အိပ်မက်တွေ ဝေမျှမက်ကြတယ်။
  • ယစ်မူးခြင်း ချိုရှရှတွေ
    လည်ပင်းဖက်ပြီး မော့မော့ချခဲ့...
    နှုတ်ခမ်းနီလေးတွေလဲ အပြိုင်အဆိုင်ကျောင်းလိုက်ကြ...
    အညောင်းအညာလဲ တခါတလေ ဖြေလိုက်ကြရဲ့ ။
  • နေတတ်တော့ကျွန်တော်တို့တွေက ကျေနပ်ကြတယ်။
    ငွေမမက်တော့ တခါတလေ ရေတော့ငတ်တယ်။
    အပြင်းအထန်ခံစားပစ်လိုက်တယ်။
  • (သိကြတဲ့အတိုင်း)
    ဆုပ်ကိုင်ထားတဲ့
    နာရီတွေကိုကျွန်တော်တို့ နှမြောတတ်ကြတယ်။
    ဘယ်လိုမှ လုပ်ယူလို့ မရတဲ့အခါ
    (မတိုင်ပင်ရပဲ)ရယ်သွေးသွမ်းလိုက်ကြတယ်။
  • ဒီလိုနဲ့ ၂၄ နာရီရဲ့ ၃ ပုံ ၂ ပုံကို
    ကျွန်တော်တို့ တိုက်စားလိုက်ကြ....
    ဒီလိုနဲ့ အိမ်အပြန်လမ်းမှာနေညိုတွေ ခခသွားကြ.....
    မနက်ဖြန်တွေ မနည်းကျန်ပါသေးတယ်..။
    ဒီနေ့ တော့ သူငယ်ချင်းရေ...
    ငါတို့တွေ...လေ...နေ...လိုက်ဦးမယ်။
Read Users' Comments (0)
လူပျင်းပုံပြင်
ကျွန်တော်သည် ပျင်းရမှာကိုပင် ပျင်းသောလူတစ်ယောက်ဖြစ်ပါသည်။ သို့သော် The Antsသီချင်းထဲကလိုတော့ မျိုးနဲ့ရိုးနဲ့မပျင်းကြပါ။ ဖေဖေနှင့်မေမေသည် အလွန်အလုပ်လုပ်သော သူများဖြစ်ကြပါသည်။ လုပ်စရာမရှိ စစ်စစ်ပေါက်ပေါက် ရှာကြံလုပ်သောသူများဖြစ်ပါသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော်သည်သူတို့နှင့်မတူပဲ သူတို့ကိုကြည့်ရတာ ပျင်းစရာကောင်းပါသည်။ ကျွန်တော်သည် အလုပ်အကိုင်မရှိပဲ မိဘလုပ်စာကို ကြီးကောင်ကြီးမားထိုင်စားနေသော ငပျင်းတစ်ကောင်သာဖြစ်ပါသည်။ ကျွန်တော်အပျင်းပြေအခန်းထဲတွင်ထိုင်ရန် တနေ့က ထိုင်ခုံတစ်လုံးကို
ဝယ်လာပါသည်။ အမှန်က ကျွန်တော်သွားဝယ်ရမှာပျင်းလို့ သူငယ်ချင်းအား လမ်းကြုံ ၀ယ်ခိုင်း လိုက်ခြင်း ဖြစ်သည်။ ထိုင်ခုံမှာ ပက်လက်ထိုင်ခုံလေး ဖြစ်ပြီး သက်တောင့်သက်သာ နှင့် အပျင်းဖြေရင်း ထိုင်လို့ကောင်းပါသည်။ ထိုထိုင်ခုံလေးရသည့်နေ့မှစ၍ ကျွန်တော်သည် ထိုနေရာမှမရွေ့တော့ပါ။ ထမင်းစားလည်း ဒီနေရာမှာသာစားပါသည်။ အိပ်လဲဤထိုင်ခုံလေးပေါ်မှာသာ အိပ်ပါသည်။ ပျင်းစရာနေ့ရက်များသည် တရွေ့ရွေ့ကုန်ဆုံးလာပါသည်။ ကျွန်တော့်အသားအရေများသည်လည်း တဖြည်းဖြည်းနှင့်လျော့တွဲလာပါသည်။ ဘာဖြစ်မှန်းလဲမသိပါဘူး။ တစ်ရက်ထက်တစ်ရက် ကျွန်တော့်အသားအရေတွေ ပလပ်စတစ်များ အပူကြောင့်ပျော်ကျကုန်သလို အိတွဲကျလာပါသည်။ ကျွန်တော်သည် ဖေဖေနှင့်မေမေတို့ကိုပြောကြည့်ရန် ကြိုးစားသော်လည်း အလွန်အလုပ်များသော သူတို့ကိုတွေ့ဖို့ရန်ပင် မလွယ်ကူပါ။ ကျွန်တော်တစ်ယောက်ယောက်ကို အလျင်အမြန်ပြောမှဖြစ်တော့မည် မှန်းသိ၍ ထိုင်ခုံမှထရန်ကြိုးစားကြည့်ပါသည်။ ကံမကောင်းစွာပင် ကျွန်တော့်အသားအရေများသည် ခုံနှင့်တွဲကပ်နေပါတော့သည်။ ကျွန်တော်သည် ထိုင်ခုံအနီးရှိ ပြတင်းပေါက်ဘောင်ကို ဆွဲကိုင်ကြည့်သော်လည်း ကျွန်တော့်လက်များက ထိုပြတင်းပေါက်ဘောင်တွင် တွဲကပ်နေပါတော့သည်။ ကျွန်တော့်လက်များက ထိုပြတင်းပေါက်ဘောင်တွင် တွဲကပ်နေပါတော့သည်။ အခုမှဒုက္ခအကြီးအကျယ် ရောက်ပါတော့သည်။ ကျွန်တော့်ပုံစံက မသက်မသာကြီးနှင့် တစ်ယောက်ယောက်အကူအညီ လာသည်အထိ ပျင်းရိစွာစောင့်ရပါတော့မည်။ ဒီလိုနဲ့နာရီပေါင်းများစွာအတွင်း ကျွန်တော့်ခန္ဓာကိုယ်ကြီးသည် ပျော့အိတွဲလာကာ နောက်ဆုံးပုံပျက်ပန်းပျက်စွာပင် ကျွန်တော်ထိုင်နေကျ ထိုင်ခုံအောက်သို့ စီးကျပြီး အရည်များဖြင့် အိုင်ထွန်းနေပါသည်။ ကျွန်တော် အရည်ပျော်သွားပါသည်။ များမကြာမှီမှာပင် မေမေသည် အခန်းထဲကို ၀င် လာ၏။ မေ့မေ့အနောက်ဆီမှ ဖေ့ဖေ့အသံကိုလည်း ကြားလိုက်ရသည်။
" ဒီကောင် အရည်ပျော်သွားပြီလား"
"လုံးဝ ပျော်သွားပြီ ဖေကြီးရေ" ဟုမေမေက ပြန်ဖြေ၏။
" အေးနောက်ဆို ဒီကောင်ခန္ဓာကိုယ်ထဲကို သံတွေ၊ ကြေးတွေရောနှောပြီးမှ ထုဆစ်ရမယ်ကွ ဒါမှတော်ရုံမပျော်သွားမှာ"
ဖေဖေက ပန်းပုထုသောဆောက်ကြီးကိုင်ရင်းတွေးတွေး ဆဆပြောသည်။
ထို့နောက်မေမေသည် လုံးဝပျော်ကျသွားသောကျွန်တော့်ခန္ဓာကိုယ်အရည်များအား ရေပုံးထဲသို့ ဂေါ်ပြားနှင့်ကြုံး၍ထည့်နေလေတော့သည်။
Read Users' Comments (1)comments