Posted in
Labels:
poem
|
Saturday, July 12, 2008
လက်ကြောမတင်းတဲ့ နာရီများ
ငါ့ကိုယ်ထဲကို ယိုစိမ့်သွားတယ်
အများအမြင်က ခပ်ပေါ့ပေါ့ ကောင်ထက်
တကယ့်စိတ်ထဲမှာ ကမ္ဘာကျော်အိပ်မက်တွေ
အားမနာပ မက်ပစ်တဲ့ကောင်...
ဟိုနားဒီနား ၁၀၀တန် ဘတ်စ်ကား စီးရင်း
ခဏခဏ ကျော်ကြားချင်တဲ့ကောင်...
တခါတရံ ရှိုက်လိုက်တဲ့ ဆေးလိပ်ခိုးတွေထဲ..
ငါ့ စကားလုံးတွေ ပွင့်လာလိုက်သေးရဲ့....
တခါတရံစားတဲ့ ကွမ်းယာ တွေထဲမှာ ...
ငါ့တေလေမှုတွေ ညပ်ညပ်ပါလာတယ်...
တခါတရံသောက်တဲ့ ၀ီစကီထဲမှာ..
ပဲရစ်ဟီလ်တန်လဲ ပါတယ်..
တခါတရံ ကိုယ့်ထက် အပွင့်သာသူရှိတော့လဲ
လျှော်ပစ်လိုက်ရတာပါပဲ..
ကြောင်ဆိုတာ ကြာကြာ ရေမငုပ်ဘူးပေါ့....
တခါတရံပေါ့လေ.......
ဘ၀မှာ မက်မော စရာတွေ အများကြီးရှိပေမယ့်
ကျွန်တော့် မှာမက်မောစရာ (စိတ်ကူးကလွဲလို့ )
လက်ဆုပ်လက်ကိုင် သိပ်မရှိသေးဘူး....
ကျွန်တော်သိပ်ကြိုက်တဲ့ ဖထီးကြီး စောစံဖိုးသင်ရဲ့
ဂါထာ တပုဒ်ရှိတယ်..
ဘာတဲ့...“ ဥုံ....ဖြစ်ချင်ရာဖြစ်..” ဆိုပဲ...
ကျွန်တော်တို့ မျက်စိမှိတ်မယ့် အချိန်တွေဟာ
ကိုယ့်ဆီဦးတည် လာနေကြပလား တွေးပူမနေနဲ့
အားလုံးဟာ အချိန်တန်ရင် တာ့တာ ပြသွားလိမ့်မယ်...
ခပ်မဆိတ်ပဲ ပြန်မသွားပါနဲ့...
ကျွန်တော်က အမြဲခပ်ပေါပေါနေတတ်တဲ့ကောင်ပါ
ကြုံရင်လဲ ၀င်ပေါချင်ပေါပေါ့...
ကျွန်တော်.
ဘာယုံကြည်ချက်မှ မရှိချင်ဘူး
ဘယ်ဝါဒမှ မစွဲကိုင်ချင်ဘူး...
ဘယ်ဒဿနမှ မတွေးတောချင်ဘူး..
ဘယ် အတ္တကိုမှ သိမ်းမထားချင်ဘူး...
ဘယ်အရှည်ကိုမှလဲ မျှော်တွေးမနေချင်ဘူး..
ပြီးတော့... ကျွန်တော်.....
ဘာကောင်မှ မဟုတ်ပါဘူး.....
သင်ရိုးညွန်းတမ်းနဲ့ မနေတဲ့ ကျွန်တော့်ကို
ဖတ်စာတွေ လာလာရွတ်ပြနေတဲ့ဝန်းကျင်ရေ....
တဆိတ်လောက်ဗျာ....
ကျွန်တော်က အသုံးလုံး မကြေဘူး.....ဗျ....
Posted in
Labels:
poem
|
Saturday, July 12, 2008

မီးခိုးတွေ အူထွက်နေတာတောင်
အဲ့ဒိရထားက အလျားလိုက်ကြီး လဲလျောင်းလို့...
ဘယ်နှကြိမ်မှန်းမသိတော့တဲ့ ဥသြတွေတောင်...
တွန်ပြရတာ ရှက်လာတယ် ထင်ရဲ့...
နိစ္စဓူဝတွေက ပျင်းရိပျင်းတွဲ အဲဒိစင်္ကြန်ပေါ်မှာ
ဥဒဟို တွားသွားနေကြ..
ပကာသန အဆီပြန်သမားတွေကတော့
မျက်စိနောက်လောက်အောင်
လူလုံးပြကြရ...
အစွံထုတ်နေတဲ့ ဈေးသည်တွေက
တကြော်ကြော်ဟစ်အော်လို့...
အတင်းမောင်းထုတ်မှ ထွက်တဲ့ ရထားကြီးကတော့
ဘီးကြိတ်သံတွေ ဆူညံရင်း..
ဟောဒိ ဘူတာလေးကတော့
အဝေးကနေ လက်ပြနှုတ်ဆက်ရင်းပေါ့..။
Posted in
Labels:
Birthday Wish
|
Friday, July 11, 2008
ဒီနေ့ဟာ ရဲဘော်ပေါက်ကရ၈၀ ရဲ့မွေးနေ့ပါ.။ (ဟီး သူပြောလို့သိတာ) ကျွန်တော့်ရဲ့ သယ်ရင်းအရင်းခေါက်ခေါက်ကြီး ဒီနေ့မှာကျရောက်မယ့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ငါတို့နဲ့တူတူ ကဲနိုင်ပါစေဗျာ။ ချစ်သူချောချော လေးတွေလဲ ဟောတစ်ယောက် ဟောတစ်ယောက် ရပါစေ ။ ဟိဟိ။ အသားလဲဖြူလာပါစေ။ :P ပျော်ရွှင်စွာဘလော့နိုင်ပါစေ။ blog နော် block မဟုတ်ဘူး။ အစစအရာရာ အဆင်ပြေအောင်မြင်ပါစေ သယ်ရင်းရေ..။
(ကဲဆုတောင်းပြီးပြီနော်.. ကျွန်တော် ဆုမတောင်းပေးရင် ကျွန်တော့်ကို ရဲဘော်အဖြစ်မှ စွန့်လွှတ်မယ် ဆိုလို့ပါ... အက်အက်) :P
Posted in
Labels:
Article,
News
|
Wednesday, July 09, 2008
တနေ့က ဘတ်စ်ကားပေါ်မှာ ဂျီတီစီတုန်းက သယ်ရင်း တစ်ယောက်ကိုတွေ့တော့ ကျောင်းတက်ရတာ ဘယ်လိုလဲ ကျောင်းအလွမ်းပြေ သိချင်လို့မေးကြည့်တာ မျက်နှာမသာမယာနဲ့ ပြန်ဖြေလေရဲ့..။
" ငါတို့ကျောင်းလဲကွာ ခုဟာက ကျောင်းနဲ့ မတူဘူး ထောင်ကျနေတာနဲ့တူတယ်.."
ဘယ်လိုဖြစ်တာလဲလို့ ကျွန်တော် အကြောင်းစုံမေးကြည့်တော့ အခုလက်ရှိ [....] GTCမှာ အုပ်ချုပ်နေတဲ့ ကျောင်းအုပ်က စည်းကမ်းတင်းကျပ်တယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ ဒီ အကြောင်းကို ကျွန်တော်ကြားနေရတာ ကြာပြီ။ စည်းကမ်းတင်းကျပ်တယ်ဆိုတာ ဘယ်လိုတင်းကျပ်လဲဆိုတော့ မနက်ပိုင်းကျောင်းတက်ပြီးတာနဲ့ ဂိတ်ထိပ်က ကျောင်းတံခါးဝကြီးကို ပိတ်လိုက်တယ်.။ ပြီးရင် ကျောင်းသားတွေ အတန်းထဲကို လူတိုင်းဝင်ရတယ်..။ အတန်းထဲကို ၀င်ရတယ်ဆိုတာနော်.. အပြင်ကန်တင်းန်မှာတောင် ဘယ်သူမှ မထိုင်ရဘူးတဲ့..။ ကျောင်းသားတွေ ကျောင်းတက်တာနဲ့ အခန်းထဲမှာပဲ နေရတယ်။ အပြင်မှာ ဆရာတွေ စောင့်နေကြတယ်..။ အခန်းကနေ ခပ်ဝေးဝေးသွားချင်ရင် ပြောပြီးမှ သွားရတယ်တဲ့။ ကျွန်တော်တက်ခဲ့တုန်းက ကန်တင်းန်မှာ ဂစ်တာတီး ကျောင်းကွင်းမှာ ဘောလုံးချိန်းကန်ခဲ့တဲ့ နေ့တွေ ပြန်တောင်ပြောပြချင်တယ်။ အတန်းလဲတက် ကျောင်းသားပြီသအောင် ကဲလည်းကဲပေါ့။း)အခုတော့ သူတို့ကို အတန်းတချိန်ပြီးတိုင်း တခါ roll call လာကောက်သေးတယ်။ ကဲကျောင်းသားဘ၀ကြီးက ဘယ်လောက် ပျင်းစရာကောင်းသလဲ။ ကျွန်တော်တို့ University တက်တဲ့ အရွယ်ဆိုတာ အနည်းဆုံး လူကြီးမဟုတ်သေးတောင် ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်တဲ့ အရွယ်တွေပါ။ ကျွန်တော့်ဆရာတစ်ယောက်က ပြောဖူးတယ် ကျောင်းဆိုတာ ပညာသင်ဖို့အတွက်တင် မဟုတ်ပဲ လူတောထဲဝင်ဆံ့ဖို့ ပေါင်းတတ်သင်းတတ်ဖို့ လူ့ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ဖို့ အတွက်လဲပါကြောင်း ပြောပါတယ်။
ကျောင်းနေပျော်မှ စာတော်မယ်ဆိုတာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဆောင်ပုဒ်တခုပါ..။ အဲဒိကျောင်းကို အုပ်ချုပ်နေတဲ့ ကျောင်းအုပ်ကြီးဟာ ဘယ်လိုအတွေးအခေါ်မျိုးနဲ့ အုပ်ချုပ်နေသလဲ တော့မသိပါဘူး။ သေချာတာကတော့ ကျောင်းသားတွေဟာ သူအုပ်ချုပ်ပုံကို မကြိုက်တဲ့အပြင် ကြောက်တော့ ကြောက်တယ် ရွံကြောက်ကြီးဖြစ်နေလေရဲ့။ သူက ဆရာဆရာမတွေကို ဖိထောင်းလေ ဆရာဆရာမတွေက အောက်က ကျောင်းသားကို မဲလေပါပဲ။ ဆင့်ကဲဖြစ်စဉ်ကြီးပေါ့။ ကျွန်တော် သိတဲ့သူတွေ တော်တော်များများဟာ နောက်ဆုံးနှစ်ပြီးတော့ မှာမို့ အောက်အီးသည်းညည်းခံပြီးတက် နေရပေမယ့်။ ငါတို့ မင်းတို့ တက်တုန်းက အချိန်တွေကို သတိရတယ်ကွာလို့သာ တသသ ပြောနေကြပါတယ်။ ကျောင်းတက်တာ မနက် ၉နာရီကနေ ညနေ ၄ နာရီအထိ ကျောင်း မဆင်းမချင်း ဘယ်သူမှ ကျောင်းဝင်းအပြင် မထွက်ရသည့်အပြင် (ကိုယ့်အတန်းချိန်ပြီးတာတောင် ပြန်လို့မရပါဘူး) ၊ ကျောင်းဝင်းရှေ့ဂိတ် တံခါးကြီးကို ကျောင်းမဆင်းခင် အထိ သော့ခတ်ထားပါတယ်။ အဲ့ဒိကျောင်းအုပ်ရဲ့ အာဏာရှင် ဆန်ဆန် အုပ်ချုပ်မှုကြောင့် မကျေနပ်တဲ့ ကျောင်းသားက ဘလော့တခုတင်ပြီး အသရေတောင်ဖျက်လိုက်ပါသေးတယ်။ အဲ့ဒိကိတ်စ သူတို့ကျောင်းလောကမှာ ဟိုးလေး တကျော်ကျော်တောင် ဖြစ်ခဲ့သေးတယ်။ (အဲ့ဒိဘလော့လဲ နောက်တော့ ဖျက်လိုက်တယ်)
အတင်းအကျပ်အုပ်ချုပ်ရမယ် လို့ အဲဒိကျောင်းအုပ်ကြီးကို့ ဘယ်သူ လက်ထပ်သင်ပေးလိုက်လဲ မသိပါဘူး။ ကျောင်းနေမပျော်တော့ ကျောင်းသားတွေဟာ ကျောင်းကို ပျော်ရွှင်စွာ မတက်ရတော့တဲ့ အတွက် စိတ်ကျဉ်းကျုံ့ပြီး ကျောင်းဟာ ကျောင်းနဲ့ မတူတော့ပဲ အကျယ်ချုပ်ကျခံ နေရတဲ့ သူတွေလို ဖြစ်နေပါတော့တယ်။ ကဲ ဒီလိုအုပ်ချုပ်မှုမျိုး ဘယ်နိုင်ငံ ဘယ်ကျောင်းမှာ တွေ့ဖူးကြလဲဗျာ။ ဒါမျိုး University မျိုး ကျွန်တော်တို့ ဆီမှာ ရှိနေပါတယ်။ တကယ့် အဓိပ္ပါယ်မဲ့ လုပ်ရပ်သာ ဖြစ်ပါတော့တယ်။
Posted in
Labels:
အတိုအထွာ
|
Thursday, July 03, 2008
သယ်ရင်းတွေကို နှုတ်ချက်ပြီးကာမှ မတော်တဆ လမ်းကြုံဝင်လာတဲ့ သယ်ရင်း တွေလဲ ပျင်းနေမှာချိုးလို့..။ ဆုဒိုခုလေး တင်ပေးထားတယ်။ ဖြေးဖြေးဆော့ ကြနော်.။ လုပြီး မဆော့နဲ့..။ :)
Posted in
Labels:
Announcement
|
Thursday, July 03, 2008
ကျွန်တော် ပို့စ်အသစ်တွေ တင်ချင်ရက်နဲ့ မတင်ရဘူး ဖြစ်နေတယ်..။ အင်တာနက် သုံးတော့လဲ မစွတ်မပြွတ် အချိန်လုသုံးနေရတယ်ဗျာ။ တရုတ်ကြီးလေသံနဲ့ ပြောရရင် ၀ အီလုပ်ရှု နေလယ်ကွ.. လို့ ပြောရမယ်..။ ကျွန်တော် အစကတော့ draft blogger ထဲကနေ ပို့စ်တွေ တင်ထားပြီး အော်တို ငုတ်တုတ် ရေးခိုင်းမလားလို့။ ပြန်စဉ်းစားကြည့်တော့ မထူးပါဘူး။ အဲ့လိုကြိုတင်ရေးဖို့တောင် အချိန်မရှိတာ သိပ်တော့ မထူးဘူး။ အနည်းဆုံး ကျွန်တော် တစ်လခွဲလောက် အလုပ်ရှုပ်မယ် ဆိုတော့ အကြမ်းဖျင်း သုံးဆယ့်ငါးရက်စာ အတွက် နှစ်ရက်ခြား တခါဆိုရင် ပို့စ်၂၀ ကျော် ကြိုတင် တင်ထားမှ ဖြစ်မယ်.။ အလုပ်များနေပါတယ်ဆိုတော့ ပို့စ်လဲ စိမ်ပြေနပြေ ထိုင်ရေးဖို့ မဖြစ်နိုင်သေးဘူး။ ချစ်လျှက်နဲ့ပဲ ကျွန်တော့် ဘလော့အိမ်လေးကို ပစ်ထားရတော့မယ်ဗျာ.။ အဆင်သင့်ရင်တော့ ပြန်တင်မှာပါ။ ကျွန်တော့်ကို မေ့မသွားနဲ့အုံးနော်..။ :)
အားလုံးကို ချစ်ခင် လေးစားစွာဖြင့်..
မင်းယွန်းသစ်