twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

လမ်း...

မနေ့တနေ့ကလိုပဲ...
အဲဒိလမ်းကလေးက
စိမ်းစိုစို ကွေးကောက်ကောက်လေး..
ကျွန်တော် ချနင်းခဲ့ဖူးသော လတ်ဆတ်ခြင်းတွေ...
ပြန်ရရှိလိုက်သလိုပါပဲ...
စာအံသံတွေနဲ့ အတူတူ
ပန်းပွားဘေးလွယ်အိတ်ကလေး တလွယ်လွယ်နဲ့
ဒီလမ်းကလေးက ကျွန်တော့်ကို သေချာ ပြုစုပေးခဲ့တာပေါ့..
လမ်းကလေးက အခုထိ နုပျိုနေတုန်း...
လမ်းကလေးက အခုထိ ကျွန်တော်တို့ကို သယ်ပိုးနေတုန်း..
လမ်းကလေးက အခုထိ လိုရာကို ညွှန်ပေးနေတုန်း...
မနေ့တနေ့ကလိုပါပဲ
လမ်းကလေးက လာသမျှ နှုတ်ခွန်းဆက် ကြိုဆိုနေတုန်း...။

Read Users' Comments (1)comments

ကျွန်တော်နှင့် ၂၀၀၈

နှစ်တနှစ် ကုန်ဆုံး တော့မယ် ဆိုတော့ ကိုယ့်ကိုကိုယ် သုံးသပ် ကြည့် လိုက်တယ်။ အသက်သာ နောက် တစ်နှစ် ကြီးသွားတယ် ကျွန်တော် အခုထိ မရင့်ကျက် သေးဘူး။ အခုချိန်ထိ ရူးကြောင်ကြောင် လုပ်နေတုန်းပဲ။ ကျွန်တော် ဘာတွေ ရှေ့ဆက် ဖြစ်အုံးမယ် ဆိုတာ ကြိုတင် မသိသေးဘူး။ ကျွန်တော် ဟာ လေတလုံး မိုးတလုံး တွေနဲ့ လေထဲ တိုက်ဆောက် နေတတ်တဲ့ ချာတိတ် တစ်ယောက် အဆင့်က မကျော်လွန် သေးဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ၂၀၀၈ခုနှစ်ကို ကျွန်တော် ပျင်းရိစွာ ဖြတ်သန်းခဲ့ရတယ်။ ၂၀၀၈ခုနှစ်မှာ ပျော်ရွှင်ကျေနပ် ခဲ့ရတာတွေ ရှိသလို၊ စိတ်လှုပ်ရှားခဲ့ရတွေ၊ ပြီးတော့ ရက်စက်ခဲ့ရတာတွေ၊ လူမသိသူမသိ ၀မ်းနည်းခဲ့ရတာတွေ ရောပြွန်းနေခဲ့ရတယ်။ ၂၀၀၈ခုနှစ်ဟာ ကျွန်တော့် အတွက် သိပ်မကောင်းဘူး။ ယုတ်ဆွ အဆုံး ၂၀၀၈ခုနှစ်ရဲ့ မွေးနေ့ပွဲဟာ ကျွန်တော့် သက်တမ်း တလျှောက်မှာ ခြောက်သွေ့ အထီးကျန်ဆုံးသော မွေးနေ့ပွဲဖြစ်တယ်။ ကျွန်တော် ရင်ဘတ်နှင့် ပေါင်းရသော မိတ်ဆွေ ၊ အပေါင်းအသင်းတွေ ပျောက်ရှကုန်တဲ့ နှစ်တစ်နှစ်လဲ ဖြစ်တယ်။ ဒီနှစ်ဟာ အေးစက်စက် နိုင်သော နှစ်တနှစ်ဖြစ်တယ်။ ၂၀၀၈ရေ.... ငါမင်းကို ... မုန်းတယ်ကွာ.........။

၂၀၀၈ခုနှစ်ဟာ ..
ကျွန်တော့်အတွက် ဘာမှန်းမသိတဲ့နှစ်ဖြစ်တယ်..
၂၀၀၈ခုနှစ်မှာ...
ကျွန်တော်ကျောင်းပြီးခဲ့တယ်...
၂၀၀၈ခုနှစ်မှာ....
ကျွန်တော်ကဲချင်တိုင်းကဲခဲ့တယ်...
၂၀၀၈ခုနှစ်မှာ...
ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်...
၂၀၀၈ခုနှစ်မှာ ..
နာဂစ်နဲ့ ထိပ်တိုက်တွေ့ခဲ့တယ်...
၂၀၀၈ခုနှစ်မှာ..
လမ်းခွဲခဲ့တယ်....
၂၀၀၈ခုနှစ်မှာ...
မရေရာခြင်းတွေ ရောပြွန်းနေခဲ့တယ်...
၂၀၀၈ခုနှစ်မှာ...
အလေနတ်တောတွေ သိပ်များခဲ့တယ်..
၂၀၀၈ခုနှစ်ဟာ...
ကျွန်တော့် အတွက် သိပ်အထီးကျန်ဆန်လွန်းတယ်..
၂၀၀၈ခုနှစ်မှာ...
သူငယ်ချင်းအသစ် တွေ ထပ်ရခဲ့တယ်..
ဒါပေမယ့် သူငယ်ချင်းဟောင်းတွေ မရှိကြတော့ဘူး.....
ပြီးတော့....
သူငယ်ချင်းတစ်ယောက်အတွက် စိတ်မကောင်း ဖြစ်ရတယ်...
၂၀၀၈ခုနှစ်ဟာ...
သိပ်ပျော်စရာ မကောင်းခဲ့ဘူး...
၂၀၀၈ခုနှစ်မှာ...
အိပ်မက်ဆိုးတွေ ခဏခဏ မက်တယ်...
၂၀၀၈ခုနှစ်မှာ...
မိုင်ပေါင်း ၂၉၆၆မိုင်*အကွာက နိုဝင်ဘာလေးကို လွမ်းလွမ်းနေတယ်....
၂၀၀၈ခုနှစ်မှာ...
ဘာတွေ အရူးထနေမိမှန်း မသိဘူး..
၂၀၀၈ခုနှစ်မှာ...
ဘာမှ အရည်မရ အဖတ်မရခဲ့ဘူး....
၂၀၀၈ ခုနှစ်ဟာ ပျင်းဖို့ကောင်းတယ်....
၂၀၀၈ခုနှစ်ဟာ ကျွန်တော့်ကို ပုံပြောသွားတယ်...
၂၀၀၈ခုနှစ်ဟာ... ကျွန်တော့်အတွက်တော့ ရူးကြောင်ကြောင်နိုင်ခဲ့ပါတယ်.....။

မင်းယွန်းသစ်

+++++++++++++++++
၂၉၆၆မိုင်* = တိုကျိုနှင့် ရန်ကုန် အကွာအဝေး


Read Users' Comments (1)comments

မကြာခင်ရောင်းချပေးတော့မယ် prepaid card phone

မြန်မာ့ဆက်သွယ်ရေးမှ GSM phone ကြိုတင်ငွေပေးချေစနစ်(prepaid card) ကို မကြာမှီမှာ ရောင်းချသွားဖွယ် ရှိသည်ဟု ပြည်တွင်းဂျာနယ် တချို့က ဖော်ပြကြပါတယ်။ ကြိုတင်ငွေပေးချေစနစ်သုံး ကဒ်ဖုန်းများကို နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြသော်လည်း မြန်မာနိုင်ငံတွင် ယခုမှ စတင် ကျင့်သုံးခြင်းဖြစ်သည်။ ယခင်က ဆက်သွယ်ရေးမှ ချပေးသော GSM ဖုန်းများကို မြန်မာကျပ်ငွေ ၁၅သိန်းခန့်ပေးသွင်းပြီးမှ လပေးစနစ်ဖြင့် ကိုင်ဆောင် နိုင်ကြပါတယ်။ ကနဦးသွင်းငွေ များပြားခြင်းကြောင့် မြန်မာနိုင်ငံတွင် တကိုယ်ရည်သုံး မိုလ်ဘိုင်းဖုန်းသည် လူတိုင်း ကိုင်ဆောင် နိုင်ခြင်း မရှိခဲ့ကြပါ။ ယခုအခါ ယင်း ကြိုတင်ငွေပေးချေစနစ်သုံး ဖုန်းကဒ်များကို အလွယ်တကူ ၀ယ်ယူ၍ သုံးစွဲနိုင်ကြမည် ဖြစ်တဲ့ အတွက် ဆက်သွယ်ရေး အထောက် အကူပြု မိုလ်ဘိုင်းဖုန်းများ လူတိုင်းနီးပါး တွင်ကျယ်စွာ အသုံးပြုလာနိုင်ကြမယ်လို့ ခန့်မှန်းရပါတယ်။ ပြည်တွင်းဂျာနယ်များရဲ့ ဖော်ပြချက်အရ ကဒ်တန်ဖိုးမှာ အက်ဖ်အီးစီ ၅၀ ခန့်ကျသင့်မည် ဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေးမှ တရားဝင် ခွင့်ပြုထားသော ကုမ္ပဏီမှ ရောင်းချပေးသွားမည်ဟု သိရှိရပြီး မည်သည့်နေရာများတွင် ၀ယ်ယူရရှိနိုင်မည် ဖြစ်ကြောင်းကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး။ ဆက်သွယ်ရေး မိုလ်ဘိုင်း ဖုန်းများကို နိုင်ငံတကာမှာလို ဈေးနှုန်းအထိုက်အလျောက်နဲ့ လူတိုင်းနီးပါး အသုံးတွင်ကျယ်လာ နိုင်တော့မှာ ဖြစ်တဲ့ အတွက် ၀မ်းမြောက်ဖွယ်ရာ ပင် ဖြစ်ပါတော့သည်။


Read Users' Comments (1)comments

အသဲကွဲနေသည်...

ငါ့တောအုပ် ရင်အုံကိုခွဲ...
ချင်းချင်းနီ နေတဲ့ ... ချောင်းတခုလုံး ပွက်အံခဲ့..
(ဘယ်လို....မှ မထင်မှတ်ခဲ့မိဘူး)
....................................
စိုရွှဲနေတဲ့ မီးတွေ တဆစ်ဆစ် တောက်လောင်
သူမကတော့ တဟုန်တိုး တိုက်ခတ်လို့...
(ရက်စက်လိုက်တာ......)
နှင်းစက်လက်...ဆောင်းတခုလုံး....
ငါ့မှတ်တိုင်အိုလေးမှာ ကပ်ထားခဲ့ရင်း
မင်းကတော့ မိုင်တိုင်ပေါင်းများစွာဆီမှာပေါ့...
ငါကိုက နက်နဲမိတာပါ နိုဝင်ဘာလေးရယ်...
အခုတော့လဲ တစ်ယောက်တလေပဲ ငါဟာ
ခပ်ကြမ်းကြမ်း ဒဏ်ချက်တွေနဲ့အတူ အုံ့.....မှိုင်းသိုင်းဖွဲ့..လို့....။


Read Users' Comments (1)comments

Sweet December

ဒီဇင်ဘာရောက်လာပြီဆို ကမ္ဘာအရပ်ရပ်က ခရစ်ယာန်ဘာသာဝင်တွေ လှုပ်လှုပ်ရှားရှားဖြစ်လာပါပြီ။ ခရစ်စမတ် အတွက် ပြင်ကြဆင်ကြ၊ နှစ်သစ်ကူးအတွက် ပွဲတော်လေးတွေ လုပ်ကြနဲ့ တော်တော့်ကို အလုပ်များတဲ့ လဖြစ်ပါတယ်။ ဈေးဆိုင်တွေမှာဆိုလဲ နှစ်သစ်ကူး အတွက် ဈေးရောင်းပွဲတော်၊ ခရစ်စမတ်အတွက် အထူးလျှော့ဈေး စသည်ဖြင့် ၀ယ်သူကြိတ်ကြိတ်တိုး ရောင်းကောင်းတဲ့ ကာလတွေပေါ့။ ငယ်ငယ်တုန်းက ကျွန်တော်နေတဲ့ လိုင်းခန်းလေးမှာဆိုရင် အများစုက ကရင်( ခရစ်ယာန်) တွေ များပါတယ်။ နိုဝင်ဘာကုန်လို့ ဒီဇင်ဘာ တစ်ရက်နေ့ ရောက်ပြီဟေ့ဆိုရင် မနက်စောစော လင်းအားကြီးကြီးထ ပြီးရင် အိမ်ဘေးက သူငယ်ချင်းတွေနဲ့ အတူတူ အိမ်တွေရဲ့ တံခါးပေါက်တွေမှာ စာရွက်လေးတွေ လိုက်ကပ်တာပေါ့.။

'Sweet December' အဲဒိစာတန်းလေးတွေဟာ တံခါးဖွင့်လိုက်လို့ ဘယ်သူကပ်ထားမှန်း မသိ တအံ့တသြကြည့်ရင် တိတ်တိတ်လေး ကပ်တဲ့ ကျွန်တော်တို့မှာ ပျော်လို့။ ဘာမှန်းတော့ မသိဘူး ငယ်ငယ်တုန်းကဆိုတော့။ ပြီးရင်နောက်ထပ် ပျော်ခဲ့တာတွေ ရှိသေးတယ်။ ဖိတ်ထားတဲ့ အိမ်တွေကို ဂစ်တာတွေနဲ့ ဓမ္မသီချင်း သွားဆိုပြီး အလှူခံထွက်ရင် ကျွန်တော်တို့ ရွယ်တူ ကလေးတွေကော ၊ အကိုအမတွေကော လူစုံတက်စုံဆိုတော့ မြူးထူးနေတာပေါ့။ (သီချင်းက သွားမဆိုကြခင် တပတ်လောက် ကတည်းက တိုက်ကြရတာ၊ ကျွန်တော်ဆို အခုထိ သီချင်းတွေ ရသေးတယ်ဗျာ။ ဘိုလိုကော၊ ကရင်လိုကော နဲနဲ ဆိုတတ်တယ် :) )  ပြီးရင် အိမ်နားက သူငယ်ချင်းတို့အိမ်က ခရစ်စမတ်ဆို ဘုရားရှိခိုးကြပြီးရင် ကျွေးမွေးရေး လုပ်ကြတယ်။ ကျွန်တော်တို့က ကလေးတွေဆိုတော့ ၀ါးတီးဆွဲရတာကိုပဲ သဘောခွေ့နေတာ။ တလိုင်းခန်းလုံး အုံးအုံးကြွပ်ကြွပ် ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတာဆိုတော့ ကျွန်တော်တို့ အိမ်ကလဲ ဘာသာခြား ဆိုပေမယ့် တခါတလေ (ဒီဇင်ဘာလဆိုတော့ လိုက်ဖက်မယ့်) ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်ကို လာသမျှကလေး လူကြီး အကုန်ကျွေးတယ်။ အဟတ် ကလေးတွေဆို ကျွန်တော်တို့ အိမ်ကို ဓမ္မသီချင်းဆိုရင်တောင် ပြောင်စပ်စပ်နဲ့ ဘာတဲ့..."ဤ အိမ်ပေါ်တွင် ကောက်ညှင်းပေါင်းများ ရောက်စေသောဝ်.. ရောက်စေသောဝ်" တဲ့...။ :P

နှစ်သစ်ကူးတော့မယ်ဆိုရင်လဲ တလိုင်းခန်းလုံး တအိမ်မကျန်ပေါင်းပြီး ပျော်ပွဲရွှင်ပွဲ လုပ်ကြတာပေါ့။ အိုးကြီးအိုးငယ်တွေနဲ့ တလှိုင်းလှိုင်းချက်ကြ ပြီးရင် ဂိမ်းတွေ ကစားကြ။ လက်ဆောင် ပစ္စည်းတွေလဲလှယ်ကြနဲ့။ သီချင်းသံတွေကလဲ တအုံးအုံးနဲ့...။ အဲ့လိုပွဲရှိလို့ကတော့ ကျွန်တော်များ အိမ်ကို ကပ်တယ် မရှိဘူး။ စားလိုက် သောက်လိုက် ဆော့လိုက်နဲ့ ကြောင်ချီးကုတ် ရုပ်နဲ့ ပေတလူးနေအောင်ဆော့တာပေါ့။ အဲ၁၂နာရီရောက်ပြီဆို ဟက်ပီးနယူးရီးယားလို့ အော်ကြတယ်။ ဒါနဲ့တင် ပွဲပြီးပလား ဆိုတော့ မပြီးသေးဘူး ပွဲက အခုမှ အရှိန်တက်ပြီး လူကြီးတွေကလဲ အရှိန်ကောင်း၊ လူငယ်တွေကလဲ ဆော့လို့ ကောင်းနဲ့ ဇန်န၀ါရီလ ၁ရက်နေ့ ကူးပြီး ၃နာရီလောက်မှ အိပ်ကြတယ်လေ။ အဟဲ ဘာရယ် မဟုတ်ပါဘူး ဆွိဒီဇင်ဘာ ရောက်လာပြီဆိုတော့ ကျွန်တော် ငယ်ငယ်တုန်းက ကဲခဲ့ ဆော့ခဲ့ ပျော်ခဲ့တာလေးတွေ သတိရလို့.....။ :)

Read Users' Comments (0)

ရန်ကုန်ဆောင်း

ရန်ကုန်ဆောင်းဟာ တပတ်ပြန်လည်လာပြန်ပြီမို့ မနှစ်က ရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို ပြန်လည် ဖော်ပြခွင့်ပြုပါခင်ဗျာ။

ရန်ကုန်ဆောင်း

ပြတင်းပေါက် ဘောင်တွေ ကြားထဲက..
တိုးခတ်လာတဲ့ လေအေးတွေက..
အခန်းပြင်တခုလုံးကို စိမ့်နေစေတယ်...
နှင်းခိုးတွေ ပေကျံနေတဲ့..
မှန်တံခါးချပ်တွေကို ကျော်လွန်ဖို့..
စိတ်ကူးတွေက တွန့်ဆုတ်နေကြတယ်...။
မျက်နှာကျက် မီးချောင်းပေါ်က
အလင်းဖွေးတွေက ငုတ်တုတ်ထိုင်နေတဲ့ ကိုယ်ပေါ်
(အလိုက်ကန်းဆိုးမဲ့စွာ)
သွန်းလောင်းနေကြတယ်..။
ဝန်းကျင်တခုလုံး လုံခြုံအောင် ကွေးနေချိန်မှာ...
ကိုယ်ကတော့ လက်ဖျားအေးလေးတွေနဲ့..
ချစ်သူဓာတ်ပုံကို ထုတ်ထုတ် ကြည့်တာ..
အကြိမ်ပေါင်း ၆၀၀ မကတော့ဘူး..။
ဝရံတာဘက်ထွက်ပြီး... လရိပ်ခိုနေလိုက်ရဲ့....
သစ်ပင်ရဲ့ လက်တံဖားတွေ ပေါ်က...
ကျတဲ့ နှင်းစက်တွေက ခေါင်မိုးစွန်းပေါ်....
သံစဉ်တခုအလား တီးခတ်နေကြတယ်....။
အိမ်ရှေ့လမ်းမ ရှည်ရှည်ကတော့...
ဘာသိဘာသာပါပဲ..။
ဒီလိုနဲ့....
အေးလွန်းတဲ့ ဆောင်းဒဏ်ကြောင့်..
ဟပ်ချိုးတချက် ချေရင်း..
အခန်းပြင်ထဲ ခပ်ကုပ်ကုပ်နဲ့ ပြန်ကျုံ့ဝင်ခဲ့ရ.....

အိပ်မောကျသံတွေကြားထဲ...
ငုတ်တုတ်ထိုင်ရင်း...
အလွမ်းတွေကို စောင်ထူထူ ပြန်ပတ်ထားရင်းနဲ့ပေါ့.....။

Read Users' Comments (0)