twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ICT EXHIBITION 2008

၂၀၀၈ ခု အိုင်စီတီ ချွေးထုတ်ပွဲ အဲလေ ပြပွဲ ပြောပါတယ်။ ( ပူလိုက်တာ ဗျာ လူတွေ ချွေးထုတ်ဖို့ ပြပွဲလုပ်သလားပဲ :P )။ အဲယားကွန်းကလဲ လုံလုံလောက်လောက် မပေးနိုင်ဘူး။ လာကြည့်တဲ့သူတွေက ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ လူတော့ မဆိုးဘူးပြောရမယ်။ ဒါပေမယ့် window shopping တွေများတယ်။ ရပ်ကြည့်မေး ခပ်တည်တည် ပြန်ထွက်သွားတွေပဲ ဟတ်ဟတ်။ ကျွန်တော်တောင် ခပ်တည်တည်နဲ့ သိန်း၂၀တန် လက်ပ်တော့တွေ ဘာတွေ သွားမေးလိုက်သေးတယ်။ ကိုယ်သိတာလေးပေါ့ မန်မိုရီ ဘယ်လောက်လဲ ဟတ်ဒစ်ကကော ဘယ်လောက်လဲ ပေါ့။ ( ဟုတ်တာလဲ မဟုတ်ဘူး ဟတ်ဟတ် လူရှိန်အောင်ပေါ့ :P ) နေကပူပူနဲ့ ချွေးတွေ တပြိုက်ပြိုက်ကျလာပြီး မူးလာလို့ ကျွန်တော် ဓာတ်ပုံ ဟိုရိုက်ဒီရိုက် မြန်မြန် ရိုက်ပြီးပြန်ထွက်ခဲ့ရတယ်လေ။ အော် အိုင်စီတီ ၂၀၀၈ ချွေးထုတ်ပွဲပါလားနော်...။ :P

တပ်မတော်ခန်းမရှေ့က မုခ်ဦး ဆိုင်းဘုတ်



ဟိုစစ် ဒီစစ်ပေါ့လေ










ပူပူလောင်လောင်ထဲ ဟိုငေး ဒီမေးလုပ်နေတဲ့ သူတွေ



မချစ်ရင် ပစ်မယ်ကွ ... ဘာမှတ်လဲ.. ငှက်ငှက်... :P



ဘိုင့်ဘိုင့် ... ဟုတ်တယ် နောက်နေ့ မသွားတော့ဘူး ဟီး ပူလွန်းလို့ဗျာ အရင်လို Myanmar Info-tech မှာဆိုဟုတ်သေး....။ ကောင်းပါတယ် ကောင်းပါတယ်လို့ပဲ ပြောရမလားတော့ မသိဘူး...။ (ဟီး ထောက်ခံနေကြဆိုတော့ အကျင့်ပါနေလို့ :P)




Read Users' Comments (2)

မျောက်အုံးသီးဒိုမိန်း

ခေါင်းစဉ်မြင်လို့ ဘာလဲဟလို့ ထင်သွားသလား မသိဘူး။ ကျွန်တော့် ဒိုမိန်း အကြောင်းလေး ပြောပြချင်လို့ပါ။ ကျွန်တော့် ဒိုမိန်း .net လေးကို ၀ယ်ထားတာ အမှန်ဆို ၁လကျော်နေပြီဗျ။ ၀ယ်ပြီး သုံးရက်လောက်ကြာတဲ့ အခါ မှာ ပုံမှန်ဆို သုံးလို့ရတဲ့ အနေအထားမှာ ကျွန်တော် အဆင်မပြေသေးဘူး။ မပြေသေးဘူးဆိုတာ ကျွန်တော့် ဒိုမိန်း ကိုညွှန်းဖို့ DNS ဘာဘာညာညာ တွေ လုပ်ဖို့လိုသေးတယ်တဲ့။ ဒါနဲ့ ကျွန်တော်လဲ ၀ယ်ထားတဲ ဒိုမိန်း ကုမ္ပဏီကို တစ်ခေါက်ပြန်သွား ပြီး ဒါလေး လုပ်ပေးပါဆိုတော့ ဒိုမိန်းကုမ္ပဏီက အကိုတစ်ယောက်က လဲ ဘလော့ဂါဖြစ်ပေမယ့် သူက wordpress blogger ဆိုတော့ blogspot အကြောင်းကို friendly မဖြစ်ဘူးဖြစ်နေတယ်လေ။ ဒါနဲ့ hosting ညွှန်းဖို့ လိုတယ် ဘာဘာညာညာ ဆိုတော့ ကျွန်တော် မျက်စိလည်သွားတယ်။ သိတော့ဘူး။ အဲဒါနဲ့ ကျွန်တော် မဖြစ်သေးပါဘူးဆိုပြီး အွန်လိုင်းပေါ်က နိုင်ငံရပ်ခြားက ဘလော့ဂါ အကိုတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်မေးနေရတာပေါ့။ မျောက်တစ်ကောင် အုံးသီး ရသလို ပဲ ကျွန်တော့်အဖြစ်က ဒိုမိန်းလေး တခု ၀ယ်ထားပြီး အဆင်မပြေပဲ လူတကာ လိုက်မေးနေရတယ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်က ကျွန်တော့် ဒိုမိန်းကို မျောက်အုံးသီး ဒိုမိန်းလို့ သမုတ်လိုက်တာပေါ့။


ဒါပေမယ့် google apps မှာ တော့ အကောင့်ဖွင့်ထားလို့ ရတယ်ဗျာ။ info@minnyoonthit.net ဆိုပြီး လုပ်မယ်ပေါ့။ သူကလဲ ကလိလို့ကောင်းတယ်ဗျာ။ Admin account ထဲမှာ ဂူဂဲလ်က ပေးထားတဲ့ function ကလဲ အစုံပဲ ဒါနဲ့ ကျွန်တော်လဲ ဟိုကလိ ဒီကလိ လုပ်လိုက်တာပေါ့။ ဒါပေမယ့် မေးလ်က အမြင်သာ ရှိပြီး activate မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ Mail Server လိုနေသေးလို့ထင်တယ်။ နောက်တော့ ကျွန်တော့် ဘလော့က domain Advanced setting မှာ ကျွန်တော့်ဒိုမိန်း နာမည်ကို ထည့်တော့ အဲယာ တခု တိုးလာတယ်ဗျာ။ အဲဒိ အဲယာက ‘This address is already hosted by another blog’ ဆိုပဲ။ ချိတ်ညစ်လိုက်တာ။ ဘာဖြစ်မှန်းလဲ မသိဘူးပေါ့။ ဒါနဲ့ ဒိုမိန်း ကုမ္ပဏီကို ဖုန်းဆက် အဲ့ဒိ အကိုကို ဖုန်းဆက်မေးရတာပေါ့။ သူကလဲ ဘလော့စပေါ့ သမား မဟုတ်တော့ အဖြေရှာ မတွေ့ဘူး။


ဒါနဲ့ ကျွန်တော်လဲ ဒိုမိန်းကြီး ၀ယ်ထားပြီး ခုထိ အဆင်မပြေသေးတော့ ဘာလုပ်ရမှန်းမသိပဲ မမဘာညာကို ပြောပြလိုက်တော့မှ သူက ကျွန်တော့် ဒိုမိန်းကို ညွှန်းဖို့ ghs.google.com ကို CName မှာ ပြင်ပေးလိုက်ရုံပဲတဲ့။ ခက်တာက ကျွန်တော်ဝယ်တဲ့ ကုမ္ပဏီက ကျွန်တော့်ကို ဒိုမိန်းအတွက် ပတ်စ်ဝေါ့ မပေးဘူး ( ဒိုမိန်းတွေ အများကြီးကို အကောင့်တခုထဲနဲ့ ၀ယ်ပုံရတယ် သေချာတော့ မသိပါဘူး။) ဒါနဲ့ ကျွန်တော် အွန်လိုင်းက အကိုတွေကို မေးပြန်တော့ သူတို့က “ဟာ ဟေ့ယောင် မပေးလို့ မရဘူး ရအောင် တောင်း” ဆိုတာ တစ်မျိုး၊ “ မင်းကို ဒိုမိန်း လိမ်ရောင်း တာ” ဆိုတာ တဖုံ။ ရီရတယ်ဗျာ။ ကျွန်တော့်မှာ ဘယ်သူ့ စကားယုံလို့ ယုံရမှန်း မသိဘူးဖြစ်နေတာပေါ့။ ဒိုမိန်း အဆင်မပြေရတဲ့ ကြားထဲ ဘလော့မှာ ဒိုမိန်း ထည့် မရတဲ့ ပြဿနာကလဲ ရှိသေးတယ်။ ကျွန်တော့်မှာ ဒိုမိန်း ကုမ္ပဏီကို ၄ခေါက်လောက် သွားရတယ်။ အဖြေလဲ ရှာ မရဖြစ်နေတယ်။


အာ စိတ်ရှုပ်လာပြီ ဆိုပြီး ကျွန်တော်လဲ တော်ပါပြီ ဒီ .net ကို ၀ဲပြစ်လိုက်တော့မယ်။ အသစ်ပဲ ထပ်ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမယ့် စိတ်က မကုန်သေးဘူးဗျာ။ တခြား အလုပ်တွေ ကျောင်းအလုပ်တွေ လုပ်ရင်း ဒိုမိန်းဘက်ကို တလလောက် ပစ်ထားလိုက်တယ်။ ဒိုမိန်း ကုမ္ပဏီက အကိုကလဲ စိတ်ရှည်ပါတယ်။ တခြားလူဆို ကျွန်တော် ကတည်းကတည်း လုပ်တာနဲ့ စိတ်ရှည်တော့မှာ မဟုတ်ဘူး။ (သူ့ကို ကျွန်တော့် ဂျီတော့ခ်ထဲ အက်ဒ်ပြီး တဂျီဂျီ တနှောင်နှောင် လုပ်နေတာလေ :P ) ဒါနဲ့ တနေ့ကမှ မမဘာညာ အားတဲ့ အချိန်မှာ မမဘာညာနဲ့ အဲဒိ ဒိုမိန်း ကုမ္ပဏီကို သွားခဲ့တယ်လေ။ ဟိုရောက်တော့ ဟိုအကိုက သူ CName မှာ ghs.google.com ကို ပြင်ပေးပြီးပြီတဲ့။ ဒါနဲ့ ကျွန်တော်တို့ သုံးယောက်သား (သူတို့ ကုမ္ပဏီ မီးပြင်နေတုန်းမို့) ခေတ္တထိုင်စောင့်ရင်း မီတင်လုပ်ကြတာပေါ့။ :P ကျွန်တော့်ရဲ့ မျောက်အုံးသီး ပြဿနာကို အဖြေရှာဖို့လေ။ ဖြစ်နိုင်ခြေရှိတဲ့ ပရော်ပလမ်တွေကို သုံးယောက်သား ၀ိုင်းစဉ်းစားကြတာပေါ့။ နောက်တော့ နက်ပြန်ရတော့ အဲ့ဒိ အကိုသုံးတဲ့ စက်မှာ ကျွန်တော် ထိုင်ရင်း ကျွန်တော့် ဘလော့ထဲက ဒိုမိန်း စက်တင်မှာ ထည့်လို့ မရဘူးဆိုတာ ပြလိုက်တယ်။


အကျေ အလည် စဉ်းစားကြတာပေါ့။ ကျွန်တော်က “အကို ကျွန်တော့် ဒိုမိန်းကို ဘယ်မှာတွေ စမ်းသုံးထားသေးလဲပေါ့” အံမယ် ကျွန်တော်က သွားမေးလိုက်သေးတယ်။ သူက တောက်တီးတောက်တဲ့ ဘယ်မှာ မှ မစမ်းပါဘူးတဲ့။ ဒါဆို တခုခုတော့ မှားနေပြီပေါ့။ ကျွန်တော့်ကို မမဘာညာနဲ့ အဲ့ဒိ အကိုက “မင်း ဒိုမိန်းနဲ့ ပတ်သက်ပြီး တခြား ဘာတွေ လုပ်ထားသေးလဲ”…။ လို့မေးတော့ ကျွန်တော်က အဲ.. တနေရာတော့ ရှိတယ်ပေါ့။ ဘယ်နေရာလဲ ဆိုတော့ google apps မှာလေ။ ဒါနဲ့ ကျွန်တော်လဲ ကျွန်တော့် အကောင့် ထဲဝင်ဖို့ အလုပ်မှာ (အရေးထဲ) ပတ်စ်ဝေါ့မေ့သွားတယ်လေ။ ဟင့် ဒွတ်ခပဲ။ ဒါနဲ့ admin password ကို reset ပြန်လုပ်ရတာပေါ့။ ပြီးမှ ပြန်ဝင်ပြီး ဒိုမိန်းနဲ့ ပတ်သက်ပြီး ဘယ်နေရာတွေ ထည့်မိလဲ လိုက်ကြည့်တာပေါ့။ ( ကိုယ်ဟာကိုယ် ကလိတုန်းက ကလိပြီး ဘယ်လောက် အူကြောင်ကျားနိုင်သလဲ ကျွန်တော် တစ်ယောက်)။ နောက်ဆုံး တနေရာတော့သွားတွေ့တယ် apps က domain အတွက်လုပ်ထားတဲ့ google pages ရဲ့ home pages မှာ ကျွန်တော့် ဒိုမိန်း ကြီး သွားညွှန်းမိထားတယ်။ အားပါးပါး တွေ့ပြီ တွေ့ပြီပေါ့။ ဒါကြောင့်ကိုး ဆိုပြီး disable ပြန်လုပ်။ ပြီးတော့ ကျွန်တော့် ဘလော့ကို ပြန်သွားတယ်။ ပြီးတော့ Advanced Setting မှာ ကျွန်တော် ဒိုမိန်းလေးထည့်ပြီး save ကို လက်တုန်တုန် တုန်တုန် နဲ့ (စိတ်လှုပ်ရှားလွန်းလို့ ဟိဟိ) လုပ်လိုက်ပြီး သုံးယောက်သား ဘာအဲယာ များ ထပ်တက်လာအုံးမလဲ ဆိုပြီး မော်နီတာကို မမှိတ်မသုန် စိုက်ကြည့်နေကြလေရဲ့။ ခဏနေကြတော့ Successfully … ဆိုတဲ့ စာတန်းလဲ ပေါ်လာကော “ဝေး….” ဆိုပြီး သုံးယောက်သား အားရ၀မ်းသာ ထအော်ကြတယ်လေ။ ဟီးဟီး ဟုတ်တယ်လေ တစ်လ လုံးလုံး ဒွတ်ခပေးတဲ့ ဒိုမိန်း သူများတွေ ကို သွားစွပ်စွဲပြီး နောက်ဆုံး အဲဒိ ပြဿနာကို ကျွန်တော်ကိုယ်တိုင် လုပ်ထားတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော် ထင်ပါတယ် ဒိုမိန်း ကုမ္ပဏီက အကိုနဲ့ မမဘာညာတို့ ပျော်တဲ့ အပျော်က “ ဝေး ဟေး တဂျီဂျီ တနောင်နောင် ရန်က လွတ်ပြီဟေ့” ဆိုတဲ့ အပျော်မျိုးဖြစ်မယ်ထင်တယ်နော်။ ဟိဟိ စိတ်ဆိုးနဲ့နော်။ သူတို့ကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အကြံဉာဏ်တွေ တွေ ပေးခဲ့တဲ့ ကိုပီကေနဲ့ ကိုသင်္ကြန်တို့ ကိုလဲ ကျေးဇူးတင်ပါတယ်။ ခုတော့ ကျွန်တော့် ဘလော့လေး ခန့်ခန့်ညားညားနဲ့ www.minnyoonthit.net ဆိုပြီး ဘာမှ ကျော်ခွစရာ မလိုပဲ ကြည့်လို့ရပြီလေ။ ဟတ်ဟတ် မျောက်အုံးသီး ဒိုမိန်း ဆိုတာ ဒါပေါ့…. :P ။

Read Users' Comments (2)

လားရှိုးမြို့သို့ အလည်တစ်ခေါက်(၃)

အလှူလုပ်တဲ့နေ့က လူကလဲ မရှိတော့ ကျွန်တော်ပဲ စားပွဲထိုး၊ ကျွန်တော်ပဲ ဧည့်ကြို၊ ကျွန်တော်ပဲ အလုပ်သမား လုပ်လိုက်ရသေးတယ်။ ကျွန်တော့်အဒေါ်တို့အိမ်က ခုမှ အသစ်ပြန်ပြင်တုန်းဆိုတော့ ဇိမ်ကျမလားလို့ လိုက်လာတာ ၀ိုင်းကူရတာနဲ့ နဲနဲ ပန်းသွားတယ် ဟိဟိ။ ဒါပေမယ့် တန်ပါတယ် ခရီးမထွက်ဖြစ်တာ ကြာတဲ့ချိန်မှာ ထွက်ရလို့။ အဲဒိနေ့က အလှူကိစ္စ ၀ိစ္စတွေ ပြီးတော့ နေ့ခင်း ၁၂လောက်ရှိပြီ။ အားလုံးလဲ ပြီးစီးပြီဆိုတော့ ထုံးစံအတိုင်း အလာတုန်းက ရိုက်ထားတဲ့ ပုံလေးတွေ ဘလော့ပေါ်မှာတင်ပြီး သူငယ်ချင်းတွေကို ပြချင်တယ်လေ။ အဲဒါကြောင့် အင်တာနက်ဆိုင် အရှာထွက်ခဲ့တယ်။


မေးမြန်းပြီးတော့ ရှာလိုက်တာ ကောင်းတယ်ဆိုတဲ့ ဆိုင် (လားရှိုးဆက်သွယ်ရေး ရုံးနားက) “Green Point” ဆိုတဲ့ ဆိုင်လေးကိုသွားတွေ့တယ်။ ဆိုင်က ခြံဝင်းလေးထဲမှာ အိမ်နဲ့ တွဲဖွင့်ထားပုံရတယ် အိမ်ရှေ့ဧည့်ခန်းနေရာကို ဆိုင်ခန်းဖွဲ့ထားပုံရတယ်။ ဟောလ်ခန်းကြီးပဲ ကျယ်တော့ ကျယ်တယ်။ Green point ဆိုတဲ့ အတိုင်း ဆိုင်ထဲက အပြင်အဆင်တွေက လန်းတယ်။ နံရံတွေပေါ်မှာ ပန်းချီတွေဆွဲထားတယ်။ နံရံတွေမှာ အစိမ်းရောင် သစ်တောအုပ်ပုံလေးတွေနဲ့ (ပြီးတော့ မျက်နှာကျက်ပေါ်ကလဲ အရွက်စိမ်းတုလေးတွေ တွဲလောင်းချထားသေးတယ်)တဘက်နံရံမှာ ပင်လယ်ပုံဆွဲထားတော့ ပင်လယ်ထဲက ကျွန်းလေး တကျွန်းကို ရောက်သွားသလိုပဲ။ အိုင်ဒီယာ ကောင်းတယ်။ လားရှိုးမှာ ကွန်နက်ရှင်ကောင်းတယ်ဗျာ။ ဟဲဟဲ ကျွန်တော် လားရှိုးရောက်နေတုန်း ရန်ကုန်မှာ ကွန်နက်ရှင်တွေ တအားကျနေတော့ သူငယ်ချင်းတွေကိုတောင် ကျွန်တော် လားရှိုးကနေ လှမ်းနောက်နေသေးတယ် နက်ကောင်းကောင်းသုံးချင်ရင် လားရှိုးလာဆိုပြီးတော့လေ။ :) လားရှိုးရဲ့ အင်တာနက် သုံးရတာ စိတ်ချမ်းသာ စရာ နောက်တချက်က ဘလော့ကို မဘန်းထားဘူးဗျာ။ ရန်ကုန်မှာ မြင်နေကြ အမြင်ကပ်စရာ Access Denied ဆိုတဲ့ စာတန်းကြီး မမြင်ရဘူးလေ။ ဘယ်လောက် ပျော်ဖို့ကောင်းလဲ။ ကျွန်တော် လားရှိုးကနေ ပထမပိုင်း ပို့စ်တင်တာ ပုံမှန်အတိုင်း ၀င်ပြီး တင်တာ။ ပျော်လိုက်တာ။ ဒီမှာ ဘန်းတဲ့ ဆိုက်ဒ်တွေလဲ မဘန်းဘူး (ဟဲဟဲ ကျွန်တော် အခု ပြောလိုက်လို့ သွားဘန်းနေရင်တော့ မပြောတတ်ဘူး ခွိခွိ)



ကျွန်တော်သုံးတဲ့ အင်တာနက် ဆိုင်လေး


ကွန်နက်ရှင်ကောင်းကောင်းနဲ့ (ချက်လို့လဲ ကောင်းကောင်းနဲ့) သုံးနေတာ ညနေစောင်းမှ အိမ်ပြန်ဖြစ်တော့တယ်။ ညနေကျတော့ ကျွန်တော် ကျွန်တော့်အဒေါ်တို့ မိသားစု က လားရှိုးက ဘုရားတွေကို ညဘက်လိုက်ပို့ပေးတယ်။

လားရှိုးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်


ပြီးတော့ တိလောကမဟာဝိဇယ စေတီတော် (ကင်မရာ ဓာတ်ခဲကုန်သွား၍ မရိုက်ခဲ့ရ)

ရန်ကုန်က စွယ်တော်စေတီ ပုံစံတူ စေတီ..


ဟဲဟဲ ကုသိုလ်ရေးတွေ ပြီးတော့ လားရှိုးမြို့က china town လို့ခေါ်လို့ ရတဲ့ နေရာမှာ အကင်စားရင်း ဘီယာသွားသောက်ကြသေးတယ်။ အများ သွားရေကြအောင် အကင်တွေ ပြလိုက်အုံးမယ် ဟိဟိ။

အကင်တွေကတော့ အစုံပဲ ရန်ကုန်တရုတ်တန်းထက် လတ်ဆတ်တယ်။



ကြာညိုကင်တဲ့ (တထုတ်ထုတ်နဲ့ စားလို့ကောင်းတယ်)



ဒါက ၀က်သုံးထပ်သားကင်



ငါးကင်.. လတ်လတ်ဆတ်ဆတ်နဲ့ စားလို့ကောင်းတယ်ဗျ။ ဘီယာနဲ့က အတော်ပဲလေ။ :P



အကင်အစုံ။ အစိမ်းရောင်က ရုံးပတီသီးကင်၊ အညိုရောင်က ပဲပြား(ပဲငပိပါတယ်ထင်တယ်) ကင်၊ အဖြူရောင်က ငုံးဥပေါ့


မပြန်ခင်တရက်ရောက်တော့ ကျွန်တော်လဲ ဖူးစရာ ကျန်နေသေးတဲ့ လားရှိုးမြို့ပြင်က ရန်တိုင်းအောင် ဆုတောင်းပြည့် ဘုရားကို သွားဖူးလိုက်ပါသေးတယ်။




ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီ



စေတီတော် အောက်ဘက် ပရ၀ုဏ်ထဲက ဗုဒ္ဓ၀င် ပန်းချီကားများ



အလှူရေစက် လက်နဲ့မကွာ



မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်စေသောဝ်..



ရန်တိုင်းအောင် စေတီတော်နှင့် ကပ်လျက် နဂါးရုံဘုရား



တောင်တန်းတွေကြားက လားရှိုးမြိ့လေး


လားရှိုးမြို့မှ အပြန်


လားရှိုးမှာ ကျွန်တော် လေးရက်နေခဲ့တယ်။ လားရှိုးကားဝင်းက မန်ဆူဈေးကြီးနားမှာ။လားရှိုးကနေ ပြန်တော့ အချိန်က တမျိုးဗျ။ ရန်ကုန်က ထွက်တုန်းက ကားက ညနေသုံးနာရီခွဲထွက်တယ်။ ဒီဘက် လားရှိုးကနေ ထွက်တော့ မနက် ၉နာရီ ထွက်တယ်။ (ပြင်ဦးလွင် တောင်တက်လမ်းတွေကြောင့် ထင်ပါရဲ့) တက်လမ်းကားကို စီးပြီးပြန်လာတာလေ။ ကံဆိုးချင်တော့ ကျွန်တော် အပြန်စီးလာတဲ့ တက်လမ်းကားက အစုတ်ကြီးဗျာ။ :) အဲယားကွန်း မရဘူး။ တီဗီကလဲ မကောင်းဘူးလားမသိဘူး မဖွင့်ဘူး။ တီဗီမရတာထားပါတော့ အဲယားကွန်းမရတော့ဗျာ။ နေကတဖြည်းဖြည်း မြင့်လာလေ ကျွန်တော်တို့မှာ အိုက်လှောင် လာလေမို့ ပြတင်းပေါက်တွေ ဖွင့်ပြီး စီးခဲ့ရတယ်လေ။ (ကောင်းလိုက်တဲ့ ကား)။ အသွားတုန်းက အတိုင်းပဲ အပြန်ကျတော့ ကျောက်မဲက “နှင်းတောင်တန်း” စားသောက်ဆိုင်မှာ ရပ်ပြန်တယ်။

ကျောက်မဲမြို့နားက နှင်းတောင်တန်း စားသောက်ဆိုင်


ကျောက်မဲကနေဆက်ထွက်ပြီး ဆက်မောင်းပြန်တယ်။ ပြီးတော့ ဘာရွာလဲ မသိဘူးအဲ့ဒိမှာ ခဏရပ်သေးတယ်။ ကားရပ်တဲ့နားမှာ အသီးဆိုင် တစ်ဆိုင်ရှိတွေ့လို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်။

ပုံထဲမှာ တွေ့တဲ့ လိမ္မော်သီးတထုပ်ကို ၁၅၀၀ ကျပ်တဲ့။ အောက်က ကပ်ထူဖာလိုက် ယူမယ်ဆိုရင် တစ်သောင်းကျော်ဆိုပဲ။ တန်လား မတန်လားတော့ မသိဘူး။ တချို့ခရီးသည်တွေတော့ ဆင်းဝယ်ကြလေရဲ့။



ဒါက အမှတ်တမဲ့ ကျွန်တော်ဆိုင်ထဲကို ကားပေါ်ကနေ လှမ်းရိုက်တုန်း ဆေးလိပ်သောက်နေတယ်ဆိုလား ဘာလား မသိဘူး လူတစ်ယောက် ပြောင်းကြီးနဲ့ အားရပါးရ တွယ်နေပုံပေါ့။



လိမ္မော်သီးတွေ ပြွတ်ခဲနေတဲ့ လိမ္မော်ခြံတွေပေါ့


ရှမ်းပြည်ဘက်မှာ ပေါက်ဖော်ပစ္စည်းတွေက နေရာတိုင်းပဲ။ လူ့အသုံးအဆောင်အပြင် ကားတွေက အစ တရုတ်ကားတွေများတယ်။ ဥပမာ လော်ရီကားတို့၊ ထော်လာဂျီတို့က တရုတ်ဖြစ်တွေချည်းပဲ။

ဒေါ်လှကြည်.. အဲလေ.. ထော်လာဂျီ.. :P





တောင်တွေကတော့ တစ်တောင်တက် တစ်တောင်ဆင်းပဲ လှတော့ လှတယ် အန္တရာယ်လဲ များတယ်။ ကွေ့ပတ်ပြီး ဆင်းလိုက်တက်လိုက်လုပ်နေတာ။ ကျွန်တော် နောက် တခုံကျော်က ကလေးတွေများ တောင်စတက်ကတည်းကကို အန်လိုက်တာ ပြင်ဦးလွင်ရောက်တဲ့ထိပဲ။ ဟုတ်တော့ဟုတ်တယ်။ လမ်းတွေက မြွေလိမ်မြွေကောက် ဆင်းလိုက်တက်လိုက် လုပ်နေတော့ ကားမမူးတက်တဲ့ ကျွန်တော်တောင် မူးချင်ချင်ဖြစ်လာတယ်။


တလမ်းလုံး အဲယားကွန်းမရတဲ့ ကားစုတ်စီးလာမိတော့ အိပ်လို့လဲ မရဘူး။ ဒီကြားထဲ နောက်ဘက်ခုံနားက တဝေါ့ဝေါ့နဲ့ အော့အော့တွေ လုပ်နေတော့ စိတ်မချမ်းသာဘူး။ ပြင်ဦးလွင်ရောက်တဲ့ထိ သည်းခံပြီး လိုက်ခဲ့ရတယ်။

ပြင်ဦးလွင်မြို့


တနေကုန်မောင်းလိုက်တဲ့ကား ကျောတောင်ပူတယ်။ ပြင်ဦးလွင် မန္တလေးကျော်တော့ ရှမ်းပြည် အငွေ့အသက်တွေ ကုန်ပြီး အညာ ပုံရိပ်လေးတွေ တွေ့လာရတယ်။ မြေပြန့် လယ်ကွင်းကြီးတွေ၊ ထန်းတောတွေ၊ လှည်းတွေနဲ့ ခရီးသွားနေတာတွေပေါ့။ ညနေစာကို မိထ္ထီလာမရောက်ခင်က ၀မ်းတွင်းမြို့မှာ စားခဲ့ရတယ်။ မန်းမန်းစားပြီးတော့ ည ၇နာရီလောက် ရှိနေပြီလေ။ အပျင်းပြေကြည့်ဖို့ တီဗီကလဲ ပျက်နေတော့ စားပြီးသောက်ပြီး လုပ်စရာ မရှိတော့ (ဟီးဟီး) ဆက်အိပ်ပြန်တယ်လေ။ ဒီလိုသာ ခဏခဏ ခရီးသွားရရင် မောင်မင်းယွန်းတို့လား သူများတကာလို ခရီးပန်းလို့ မပိန်ပဲ ဖက်တီးကြီးဖြစ်လာမယ့် ပုံပေါ်တယ်။ ခွိခွိ။ အဲမန္တလေးသွားတဲ့ ကားအတိုင်းပဲ လားရှိုးကားတွေက ညသန်းခေါင်ကြီး ရပ်သေးတယ်ဗျာ။ တကယ့်သန်းခေါင်ယံ ၁၂ နာရီခွဲလောက်ကြီး ရပ်တယ်။ သူတို့ဟာ သူတို့ ကားဆေးပြီး နားချင်တာများ ဘာတဲ့ ခရီးသည်များ ညလည်စာ စားဖို့ ခေတ္တဆင်းနိုင်ပါပြီတဲ့။ တကယ်အာရုံနောက်တယ်။ ဒီချိန်ဆို ကိုယ်တွေက အိပ်လို့ကောင်းတဲ့ချိန်လေ။ ဘယ်နှယ့် ညလည်စာ စားရမှာတုန်း။ စားလဲ မစားတတ်ပါဘူးည သန်းခေါင်ကြီး။ အဲဒါနဲ့ မဆင်းမနေရဆိုတော့လဲ ကျွန်တော့်မှာ ငေါင်တောင်တောင်နဲ့ ဘာမှ မမှာပဲ ဆိုင်ထဲမှာ သွားထိုင်နေလိုက်တယ်။ ၀ှားးးးးး။ ပြန်တက်လို့ ရပြီလဲ ဆိုကော ကျွန်တော် အရှေ့ဆုံးက ပြေးတက်ပြီး တချိုးတည်း အိပ်လိုက်တာ မနက် ပဲခူးမှာ မနက်စာစားတဲ့ အထိပါပဲဗျာ။ ရန်ကုန်ကို မနက် ၈ နာရီရောက်တယ်လေ။ နဲနဲပင်ပန်းပေမယ့် ဒီတခေါက် မရောက်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ရှမ်းပြည်ဘက်ကို သွားရတော့ ပျော်တော့ပျော်တယ်။ ဒီတခေါက် ကျောင်းလစ်ပြီး သွားရတော့ နောက်ကြောင်းမအေးလို့ မူဆယ်၊ ရွှေလီထိ မတက်ခဲ့ရဘူး။ ဧပြီပြီးရင်တော့ သွားမလား စိတ်ကူးထားပါတယ်။ ကဲ နောက်များမှာလဲ ခုလိုပဲ ကျွန်တော် သွားတဲ့ ခရီးသွားမှတ်တမ်းများကို တင်ပြပါအုံးမယ်လို့ ပြောကြားရင်း ခရီးသွား အတွေ့အကြုံများကို ဝေမျှလိုက်ရပါတယ်..။

Read Users' Comments (1)comments

လားရှိုးသို့အလည်တစ်ခေါက်(၂)



ပြင်ဦးလွင် မြို့အ၀င်က ၀ါးတားတား တက္ကသိုလ်( အဲလေ ကားသွားတုန်း ရိုက်လို့ ၀ါးတာကို သားက ကျောတာနော် ဟီးဟီး)


ပြင်ဦးလွင် မရောက်ခင် တက်လိုက် ဆင်းလိုက်ရတဲ့ တောင်တန်းတွေ ကလဲ မနည်း ဘူး။ တစ်တောင်ဆင်း တစ်တောင်တက်ပဲ။ သီပေါ တို့ ကျောက်မဲတို့နားရောက်တော့မှပဲ နဲနဲ မြေပြန့်သွားတော့တယ်။ မနက်ပိုင်းကို ပြင်ဦးလွင်မှာ မနက်စာစားရတယ်။ ပြင်ဦးလွင် က မနက်ပိုင်း အေးနေတုန်းပဲ။ ဘယ်လောက်အေးလဲဆို ကားထဲက အဲယားကွန်းလောက် နီးနီးအေးတယ်။ ပြင်ဦးလွင်က စားသောက်ဆိုင် တခု မှာ မျက်နှာသစ် မနက်စာစားပေါ့။ ပြီးတော့ ဆက်ထွက်ကြတယ်။ ကွေ့ကွေ့ကောက်ကောက်လမ်းတွေ ဆင်းနေရတော့ ကြာတော့ ကျွန်တော်လဲ ပျင်းလာပြီး အိပ်ပျော်သွားတယ်။ အဲ..နှစ်ရေးနိုးတော့မှ(နိုးလာလိုက် ပြန်နှပ်လိုက် လုပ်နေတာပေါ့ :P ) ကားရပ်တော့ ကျောက်မဲနားတောင် ရောက်နေပြီလေ။ ကျောက်မဲက “နှင်းတောင်တန်း” ဆိုတဲ့ စားသောက်ဆိုင်မှာ နေ့လည်စာ စားကြတယ်။ အံမယ် သူ့ဆိုင်က ဘူဖေးခင်ဗျ။ ထမင်း တပွဲကို အရွက်ဟင်း တစ်မျိုးနဲ့၊ အသားဟင်း ကြိုက်ရာ နှစ်မျိုး ပေါင်း သုံးမျိုးရတယ်ဗျ။ ၁၈၀၀ ကျပ်ကျတယ်။ ရှမ်းဆန် စီးစီးလေးနဲ့ဆိုတော့ စားလို့ကောင်းတယ်။ လားရှိုးကို ရောက်တော့ မနက် ၉နာရီခွဲလောက်ရှိနေပြီဗျ။ လာကြိုတဲ့ ကားကလဲ မရှိတော့ ကားငှားသွားရသေးတယ်။ လားရှိုးမြို့က တောင်ကုန်းလေးတွေများတယ်။ ဆင်းလိုက်တက်လိုက်နဲ့ ဆိုင်ကယ် နဲ့သာ မဟုတ်ရင် စက်ဘီးဆိုရင်တော့ ကြာရင် ခြေသလုံး အိမ်တိုင်လောက်ကြီးတွေ ဖြစ်နိုင်လောက်တယ်။ ဟီး။


ကျွန်တော် နေတဲ့ ရပ်ကွက်လေးက ကုန်းအောက်ဘက် တောင်ကြားလေးထဲက ချိုင့်ဝှမ်းပုံစံလေးမှာ ရပ်ကွက် တည်ထားတာလေ။ ရပ်ကွက်ထိပ်က တရားရုံးကို အစွဲပြုပြီး တရားရုံးကုန်းဆိုရင် သိတယ်။ အိမ်လေးတွေကြည့်လိုက်ရင် အများသော အားဖြင့် ပုံစံတူလေးတွေချည်းပဲ။ ဘယ်လို ပုံစံတူလဲဆိုရင်။ ဗြုံးအုတ်လေးတွေနဲ့ ခြံကာတားတာတွေ၊ တထပ်တိုက်လုံးချင်းလေးတွေ ဆောက်ထားတဲ့ ပုံစံတွေက အစ အကုန်ပုံစံတူတယ်။ ကျွန်တော်တည်းမယ့် ကျွန်တော့် အဒေါ်အိမ်နောက်ဘက်ဆို တောင်တန်းကြီးတခုတောင် ရှိသေးတယ် တော်တော် သာယာတယ်ဗျာ။ ရာသီဥတုကလဲ နေ့ခင်းပိုင်းသာ ရောက်နေတာ လူတွေက အနွေးထည် မချွတ်သေးဘူး အေးတုန်း( ရန်ကုန်နဲ့များကွာပ)။ အဲဒါနဲ့ အဲဒိတနေ့တော့ ကျွန်တော်လဲ ခရီးပန်းလာလို့ နားလိုက်တယ်။ အဲလေ နားတယ်ဆိုပေမယ့် ညနေဘက်တော့ ရာသီဥတုက ကိုယ့်ဘက်ပါတယ်ဆိုတော့ ဘီယာ သွားကစ်လိုက်သေးတယ်။ ဟိဟိ။ တရုတ် ပုလင်းပု ဘီယာတွေ အဲ့ဒိမှာ ဈေးလဲချိုတယ် လူသောက်လဲ များတယ်ဗျ။ မြန်မာပုလင်း အဲဒိမှာ ၂၅၀၀ လေဗျာ။ တရုတ်ပုလင်းပုက တလုံးမှ ၈၀၀ပဲ။ အရသာက အ၀င်ပေါ့ပေါ့လေး ပြီးတော့ ဂတ်စ်လဲ မများဘူး။ အဲလေ ဘီယာ အကြောင်းတွေ ရောက်ကုန်ပါပြီ။ ဟီးဟီး။



ကျွန်တော် ခေတ္တနေထိုင်ခဲ့တဲ့ ချိုင့်ဝှမ်းထဲက သာယာလှတဲ့ ရပ်ကွက်လေး


နောက်နေ့ မနက်ရောက်တော့ ကျွန်တော် ငယ်ငယ်က ရောက်ဖူးတုန်းက စားဖူးတဲ့ “၀မ်းတော်ပြည့်” ဆိုတဲ့ ရှမ်းဆိုင်လေးကို ကျွန်တော့် အဒေါ် မိသားစုနဲ့ သွားကြတယ်။ အဲ့ဒိဆိုင်လေးက ရှမ်းစာလဲ အစုံရတဲ့အပြင် သူ့ဆိုင်မှာ ကောင်းတာက လက်ဘက်ခြောက်ပဲ။ လက်ဘက်ခြောက်က မွှေးနေတာပဲ ဘယ်လိုမွှေးလဲဆိုရင် ကောက်ညှင်းနံ့လေးလိုလို မွှေးတယ်ဗျ။ တခါတုန်းကတော့ သူတို့ လက်ဆောင်ပေးဖူးတယ် ဘာရွက်လေးလဲ မသိဘူး အဲဒါ သူတို့ လက်ဘက်ခြောက်နှင့် အတူတူ ထည့်ခတ်တာတဲ့။ ကျွန်တော်တို့က လူကြုံရှိတိုင်း အဲ့ဒိဆိုင်က လက်ဘက်ခြောက်ကို မှာဝယ်နေကြလေ။




ကောက်ညှင်းနံ့လေးလိုလို မွှေးတဲ့ ရေနွေးကြမ်း..



ဆီချက်



ဆန်ပြားရေစိမ်



ဆန်ပြားသုပ်


လားရှိုးမှာ သုံးဘီ ဆိုင်ကယ်တွေ ရှိတယ်ဗျ သူတို့ အခေါ် ပလုပ်တုတ်လို့ခေါ်တယ် (ထိုင်းက ခေါ်တဲ့ တုတ်တုတ်ကို မြန်မာမှု ပြုလိုက်တာ ဖြစ်နိုင်တယ်)။ ပလုပ်တုတ်က နှစ်မျိုးရှိတယ်။ စင်းလုံးငှား ပလုပ်တုတ်နဲ့။ လိုင်းကားလို အများနဲ့ စီးရတဲ့ ပလုပ်တုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ သူလဲ စင်းလုံးငှားမယ်ဆို တက္ကစီ ဈေးလောက်ပဲ ဟိုနားဒီနား တစ်ထောင်လောက်ရှိတယ်။


လားရှိုးမြို့မဈေးကလဲ စည်ကားတယ်။ မြို့ထဲက ဘာပဲလိုလို မြို့မဈေးကို လာဝယ်ကြတာများတယ်။ ကုန်စည်တွေကတော့ တရုတ်ပစ္စည်းတွေ များတယ်။


မြို့မဈေးရှေ့


နောက်နေ့ အလှူလုပ်ရမယ်ဆိုတော့ လိုအပ်တာတွေ ၀ယ်ခြမ်းတာ လိုက်ကူပေးရင်း အဲ့ဒိနေ့ တနေကုန်သွားပြန်တယ်လေ။

Read Users' Comments (0)

လားရှိုးသို့အလည်တစ်ခေါက်(၁)

လားရှိုးမြို့ကို ကျွန်တော်ငယ်စဉ်က (၇တန်းလောက်တုန်းက) ပဲ တစ်ခေါက်ရောက်ဖူးခဲ့တယ်။ ခုဆို ၈နှစ်လောက်ရှိပြီဆိုတာ သိပ်မမှတ်မိတော့ဘူး။ ပြီးတော့ အရင်က ကလေးဆိုတော့ လူကြီးတွေ လိုက်ပို့တဲ့ နေရာပဲ သွားရတာကိုး။ ကျွန်တော်ခု လူမှန်းသိတတ်စ ကျမှ နောက်တစ်ခေါက် ရောက်ဖြစ်တာပေါ့။ မြန်မာပြည်တွင်းမှ ကျွန်တော် အနေချင်ဆုံးပြည်နယ်ကို ပြောပါဆိုရင် ရန်ကုန်ပြီးရင် ရှမ်းပြည်နယ်ပဲ။ သူ့မှာ စိမ်းလန်းတဲ့တောင်တန်းတွေ ရှိတယ်။ ကွေ့ကွေ့ကောက်ကောက် တောလမ်းတွေလဲ ရှိတယ်။ ချစ်စရာ ကောင်းတဲ့ ဓလေ့စရိုက်တွေ ပိုင်ဆိုင်တဲ့ ရှမ်းလူမျိုးတွေ နေထိုင်တယ်။ အေးချမ်းတဲ့ ရာသီဥတုလေးတွေရှိတယ်။ အကယ်၍များဖြစ်နိုင်ခဲ့ရင် ကျွန်တော် ရှမ်းပြည်နယ်မှာတောင် အခြေချချင်ပါတယ်။ ကျွန်တော် ဘာကြောင့်မှန်းမသိ ရှမ်းပြည်နယ်ကို တော်တော်ချစ်ပါတယ်။


ကျွန်တော် ရန်ကုန် မြောက်ဥက္ကလာ အောင်မင်္ဂလာအဝေး ပြေးကနေ ညနေ ၄နာရီလောက်က စထွက်ခွာခဲ့ပါတယ်။ ကျွန်တော် လားရှိုးကို သွားရတဲ့ အကြောင်းအရင်းက ရန်ကုန်ကို အလည်လာတဲ့ ကျွန်တော့် အဒေါ်နဲ့ ညီလေးတွေကို လိုက်ပို့ရင်းနဲ့ပါ။ ခရီးမထွက်ရတာ ကြာပြီဖြစ်လို့ ခရီးထွက်မယ့် ထွက်ရတော့ ကျွန်တော့်အကြိုက် ရှမ်းပြည်နယ်ဘက် ခရီးဖြစ်နေတော့ ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို အပျော်ကြီးပျော်တာပေါ့။ မနက်၆နာရီလောက်ဆိုရင်ပဲ ကျွန်တော် စီးလာတဲ့ ကားကြီးဟာ ပြင်ဦးလွင်ကို ရောက်လာပါတယ်။ တောင်ပေါ်မို့လို့လား မသိဘူး ကျွန်တော်တို့ ထမင်းစားဖို့ ထမင်းဆိုင်ကိုဆင်းတော့ ကားထဲက အဲကွန်း လောက်နီးနီး အပြင်မှာ အေးနေပါတယ်။ အဲ့ဒိမှာ မနက်စာစားပြီး ကျွန်တော်တို့ ခရီးဆက်ထွက်ဖြစ်ပါတယ်။ ရန်ကုန်-လားရှိုးတိုက်ရိုက်ကားဆိုတော့ တညောင်းပဲ စီးရတာပေါ့။ တလမ်းလုံး ဟိုလူး ဒီလှိမ့်နဲ့ အိပ်လာတာ။ သုံးလေး ငါးရေး မကဘူးဗျာ။ ဟီး။


ပြင်ဦးလွင်ကျော်တော့ ရှမ်းတောင်တန်းတွေကို စတင်ဖြတ်သန်းရပါတယ်။ မြွေလိမ်မြွှေကောက် တောင်ပတ်လမ်းတွေက နေ သွားရတော့ ကျွန်တော် လုံးဝ မအိပ်ချင်တော့ပဲ ရှုခင်းတွေကို တအံ့တသြငေး နေမိတော့တယ်။ ပါလာတဲ့ ကင်မရာနဲ့ ရိုက်လို့ မဆုံးနိုင်အောင်ပါပဲဗျာ။ ခပ်ဝေးဝေး ရောက်လေ အောက်ဘက်က တောင်ပတ်လမ်းတွေကို ကြည့်ရတာ ပိုပိုလှလာလေပါပဲ။ အဲ ဒါနဲ့ရိုက်လို့ ကောင်းတုန်း ရှိသေးတယ် ကားက ဗြုန်းဆို ဘရိတ်ဆောင့်အုတ်လိုက်သေးတယ်ဗျ။ ကျွန်တော်တို့ ခရီးသည်တွေလဲ လန့်ဖျတ်ကုန်တာပေါ့။ ဘာဖြစ်တာလဲဆိုတော့ တခုသော တောင်ပတ်လမ်း အကွေ့မှာ ကားသမားက အကွေ့ယူတာ များသွားလို့ (အံမယ်လေး သီသီလေးဗျာ) ။ ကံကောင်းလို့ပေါ့ မဟုတ်ရင် မောင်မင်းယွန်းတို့ လား မောင်မင်းယွန်းခရီးသွားနေသည်ကနေ မောင်မင်းယွန်း နတ်ပြည်သွားနေသည် ဖြစ်တော့မလို့ ဟတ်ဟတ်။








မနက်စောစော မြူတွေဆိုင်းနေတဲ့ ရှမ်းတောင်တန်းကြီးတွေ



ကွေ့ကွေ့ကောက်ကောက် လမ်းကလေးတွေ...


အော် ဒါနဲ့ ပြောဖို့တခု မေ့ကျန်ခဲ့တယ်။ ကျွန်တော် တို့သွားရင်းနဲ့ သီပေါတံတားရောက်တော့ ငါးမိနစ်မက စောင့်လိုက်ရတယ်ဗျာ။ ကားတွေကလဲ တသီတသန်းကြီးပဲ။ ကျွန်တော်လဲ ဘာဖြစ်တာလဲဆိုပြီး စူးစမ်းကြည့်လိုက်တော့ တံတားက ရှေးပဝေဏသီက တစ်လမ်းသွား သံမဏိတံတားကြီးဖြစ်နေတယ်ဗျာ။ တလမ်းသွားဆိုတော့ ဟိုဘက်က လာတဲ့ကားတွေ ရှိရင် ဒီဘက်က ကားတွေက တန်းစီပြီးစောင့်ရတာပေါ့။ ကျွန်တော်တို့ ဘက်ကကားတွေ သွားလဲ ဟိုဘက်မှာ အဲ့ဒိလိုပဲ တသီတသန်းကြီးစောင့်နေရတာပေါ့။ အမှန်ဆို ခုခေတ်လို ကုန်စည်ကူးသန်းသွားလာနေတဲ့ ခေတ်ကြီးမှာ ဒီလို ခရီးလမ်းကြန့်ကြာစေတဲ့ တစ်လမ်းသွား တံတားတွေ မရှိသင့်တော့ဘူးထင်ပါတယ်။ သီပေါတံတားကို ကုန်ကားကြီးများ ခရီးသည်တင်ကားကြီးများ သွားလို့ရအောင် တံတားခပ်ကြီးကြီး ပြင်သင့်နေပြီ ဖြစ်ပါကြောင်း အကြံပြုအပ်ပါတယ်။

ပြန်လည်ပြင်ဆင်သင့်နေပြီဖြစ်တဲ့ တလမ်းသွား သီပေါတံတား

ကဲ ဒါကတော့ ကျွန်တော် လားရှိုးမရောက်ခင် ခရီးလမ်းမှာ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ လားရှိုးသို့ အလည်တစ်ခေါက် ပထမပိုင်းပါပဲ။ ကျွန်တော် ဒီနေ့ လျှောက်လည်အုံးမှာမို့လို့ နောက်ထပ်ဒုတိယပိုင်းပုံများကိုတော့ ဆက်လက်စောင့်မျှော်ပေးကြပါနော်။ :D

Read Users' Comments (5)

မောင်မင်းယွန်း ခရီးသွားနေသည်...


အားလုံးပဲ ကျွန်တော် ခရီးသွားလိုက်အုံးမယ်နော်။ ဒီတစ်ခါ ရှမ်းပြည်နယ် လားရှိုးဘက်ကိုသွားမှာဗျ။ ကျွန်တော် တစ်ပတ်လောက်တော့ ကြာမယ်ထင်တယ်။
ထုံးစံအတိုင်း လက်အငြိမ်မနေတတ်တဲ့ကျွန်တော် ကင်မရာ ယူသွားပါတယ်။ :)ပြန်လာရင် ပုံတွေ ရိုက်ပြီးတင်ပေးပါ့မယ်။ သူငယ်ချင်းတို့ အတွက်လဲ လက်ဆောင်တွေ ၀ယ်ခဲ့မယ်နော။ အားလုံးပဲ တတာ။ :P


Read Users' Comments (0)